ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံရှိ အဆင့် အမြင့်ဆုံးသော အမေရိကန် သံအရာရှိကြီးဟု ဆိုနိုင်သည့် ရန်ကုန် အခြေစိုက် အမေရိကန် သံရုံးယာယီ တာဝန်ခံ လယ်ရီဒင်းဂါး လာမည့် သြဂုတ်လတွင် အနားယူတော့မည် ဖြစ်ကြောင်း အမေရိကန်သံရုံးက ပြောသည်။
မစ္စတာဒင်းဂါး အနေဖြင့် အသက် ၆၅နှစ် ပြည့်မည် ဖြစ်သောကြောင့် ရာထူးမှ အနားယူခြင်းဖြစ်သည်ဟု လည်း သိရသည်။
အမေရိကန် နိုင်ငံခြားရေးဌာနတွင် တာဝန်ထမ်းဆောင်သူများ အဖို့ ၂ နှစ်မှ ၃ နှစ် ကာလအတွင်း လူအပြောင်း အလဲ လုပ်သည့် အစဉ်အလာအတိုင်း ပြောင်းလဲခြင်း ဖြစ်ကြောင်းလည်း အမေရိကန် သံရုံးက ဆိုသည်။lelal-dingar ရန်ကုန်ရှိ အမေရိကန်သံရုံး ပြောခွင့်ရ အရာရှိက “သံရုံးတာဝန်ခံဟာ ရန်ကုန်မှာ တာဝန်ထမ်းဆောင်တာ သုံးနှစ်ကျော်သွားပြီဖြစ်လို့ သြဂုတ်လမှာ ထွက်ပါလိမ့်မယ်။ နိုင်ငံခြားရေးဌာန လုပ်ထုံးလုပ်နည်းအရ သူဟာ သြဂုတ်လမှာ ၆၅ နှစ်ပြည်လို့ အနားယူမှာပါ ” ဟု မဇ္စျိမသို့ စာရေး ပြန်ကြားသည်။
အမေရိကန်နိုင်ငံက မြန်မာနိုင်ငံသို့ သံအမတ်ကြီး အဆင့်မထားပဲ သံရုံးယာယီတာဝန်ခံ (Charge de Affairs) အဆင့်သာ ထားသဖြင့် ယင်းအမြင့်ဆုံး တာဝန်ယူခဲ့သူ မစ္စတာဒင်းဂါးသည်မြန်မာ့ဒီမိုကရေစီရေး ကို စိတ်ဝင်စားမူရှိသူ ဖြစ်ကြောင်း ပြည်တွင်း နိုင်ငံရေးသမားများက ပြောသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြောရေး ဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက “ ကျနော်တို့နဲ့ ဆက်ဆံတဲ့ နေရာမှာတော့ သူဟာ ကျွမ်းကျင်တဲ့ သံတမန် တဦးပါ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အပေါ်မှာလည်း အရမ်း စိတ်ဝင်စား ပါတယ်။” ဟု ပြောသည်။
အမျိုးသား ဒီမိုကရေစီအင်အားစု ပါတီ (NDF) ခေါင်းဆောင် ဦးခင်မောင်ဆွေကလည်း “သူကတော်တော့ ကို ရင်းရင်းနှီးနှီး ဆက်ဆံ ပြောဆိုလို့ရတဲ့ သံမှူးပါပဲ။ ကျနော် ထောင်က ထွက်လာပြီး သူနဲ့ တွေ့ရတာပဲလေ” ဟု ဦးခင်မောင်ဆွေက ပြောသည်။
မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ဒဏ်ခတ် အရေးယူမှုများနှင့် စပ်လျင်း၍လည်း သဘောထား တင်းမာသူ ဖြစ်ပုံရကြောင်း ဦးခင်မောင်ဆွေ က မှတ်ချက်ချသည်။
“ စီးပွားရေး ပိတ်ဆို့မူနဲ့ ပတ်သက်လို့ သူ့သဘောထားကတော့ ချက်ချင်း အပြောင်းအလဲကြီး ဖြစ်ဖို့ မလွယ်ဘူးဆိုတဲ့ သဘောမှာရှိတယ်။ ဘာလို့လဲ ဆိုတော့ နိုင်ငံရေး အကျဉ်းသားတွေ မလွှတ်ပေးဘဲနဲ့တော့ ဟိုဘက်ကဘာမှ လုပ်ပေးနိုင်တဲ့ အနေအထား မရှိဘူး ဆိုတဲ့ သူ့ယူဆချက် ရှိပါတယ်” ဝီကီလိခ်ခေါ်အမေရိ ကန် သံတမန်များက ဝါရှင်တန်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနထံ ပေးပို့သော ကြေးနန်းများ ပေါက်ကြားသည့် အထဲတွင် လယ်ရီ ဒင်းဂါး အမည်ဖြင့် “ မြန်မာဗိုလ်ချုပ်များနှင့် စကားပြောဆိုမှု စတင်ခြင်း ” ဆိုသည့် စာတစောင်ကို တွေ့ရှိရသည်။
ယင်းစာ၌ မြန်မာ့စစ်တပ်ကြီးများနှင့် ပတ်သက်ပြီး သူ၏ သရုပ်ဖော် ရေးသားရာတွင် မြန်မာစစ်တပ်သည် အထက် - အောက် အုပ်ချုပ်သော ယန္တရားတခုဖြစ်ပြီး တိုင်းတပါးကို ကြောက်သော၊ အမျိုးသားညီညွတ် ရေးကို ထိန်းသိမ်း ထားရမည်ဟူသော အမြင်ရှိကြောင်း၊ တချိန်တည်းတွင် ထိပ်တန်းဗိုလ်ချုပ်ကြီး များသည် နိုင်ငံတကာ မျက်နှာစာတွင် လူမိုက်ကြီးများ ဖြစ်နေရခြင်းကို ရှက်ရွံ့နေကြပြီး လူအများ၏လေးစားမှုခံယူ လိုကြ ကြောင်း ယင်း၏ အမြင်ကို ရေးသားထားသည်။
မစ္စတာဒင်းဂါး လက်ထက်တွင် မြန်မာနိုင်ငံသို့ အမေရိကန်နိုင်ငံမှ အဆင့်အမြင့် နိုင်ငံရေး ခေါင်းဆောင်များ
ရောက်ရှိလာခဲ့ရာ၊ ၎င်းတို့အနက် အထက်လွှတ်တော် အမတ်များ ဖြစ်သည့် ဂျင်မ်ဝက် နှင့် ဂျွန်မက်ကိန်းတို့
ပါဝင်သလို အမေရိကန် နိုင်ငံခြားရေးဌာနမှ ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး အဆင့်ရှိဂျိုးဆက်ယွန်းတို့ လည်း ပါဝင်သည်။
မစ္စတာ ဒင်းဂါးသည် Macalester ကောလိပ်၊ ဟားဗက်ဥပဒေကျောင်းနှင့်အမျိုးသားစစ်ဘက် ကောလိပ် တို့မှ ဘွဲရရှိခဲ့သူ ဖြစ်သည်။