နယူးဒေလီ (မဇ္စျိမ) ။ ။အစိုးရသစ်လက်ထက် တွင် စစ်ဘက်ဆိုင်ရာ အကြီးဆုံး ရာထူးမှဖယ်ရှား မှု ဖြစ်သည့် စစ်ဆင်ရေး အထူးအဖွဲ့မှူးဗိုလ်ချုပ် တင်ငွေအား ရာထူးမှ အနားပေးလိုက်ခြင်းမှာ အစိုးရသစ်၏ ‘သန့်ရှင်းသော အစိုးရ’ဖော်ဆောင် ရေးတွင် သားကောင်ဖြစ်သွားသည်ဟု စစ်ရေး လေ့လာသူ ဦးအောင်ကျော်ဇောက ပြောသည်။
“ငါတို့ ကလင်းဂါးဗားမန့် လုပ်နေတယ်ဆိုပြီး။ (ဗိုလ်ချုပ်)တင်ငွေတော့ သိပ်စားတာ မတွေ့ဘူး” ဟု ဦးအောင်ကျော်ဇော က ပြောသည်။
နောင်တွင် ကာကွယ်ရေး ဦးစီးချုပ်ဖြစ်ရန် အလားအလာကောင်းသည်ဟု စစ်တပ် ထိပ်ပိုင်းအတွင်းခန့်မှန်း ခဲ့ကြသော ဗိုလ်ချုပ်တင်ငွေ ဖြုတ်ပစ်မှုကို ရှင်းရှင်းလင်းလင်း မသိရသော်လည်း တပ်တွင်း ခန့်မှန်းပြော ဆိုမှုများတွင် အလယ်ပိုင်း တိုင်းမှူး ဖြစ်စဉ်ကာလ မန္တလေးအောင်ပင်လယ် မြေယာကိစ္စ အရှုတ်တော်ပုံတွင် ပါဝင်ပတ်သက်မှုကြောင့်ဟု ဆိုသည်။
ဗိုလ်ချုပ်တင်ငွေမှာ ယခင်စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒုဗိုလ်ချုပ်ကြီးမောင်အေးတို့ နှစ်ဦးလုံး၏ လူယုံဟု တပ်တွင်းသိကြသည်။
“သူတို့လူဖြစ်သော်လည်း အထောက်အထားတွေ တွေ့နေရရင် အဖြုတ်ခံရတာပဲ။ ဘိန်းစားချင်းတမူးပို အရှူခံ ရတာပေါ့ဗျာ။ အနည်းနဲ့ အများ စားကြတဲ့ သူတွေချည်းပဲ။ သူ့အမှုက သိပ်ထင်ရှားနေလို့၊ရန်ကုန်မှာ လည်း အုတ်အော်သောင်းနင်း ဖြစ်နေလို့ဆိုရင်လည်း ချမှာပေါ့” ဟု ဦးအောင်ကျော်ဇောက ပြောသည်။
အောင်ပင်လယ် မြေရိုင်းဖော်ထုတ်မှုတွင် ဗိုလ်ချုပ်တင်ငွေ မည်သို့ ကိုယ်တိုင် ပါဝင် ပတ်သက်ခဲ့သည်ကို အခိုင်အမာ မသိကြရသော်လည်း ပြည်ကြီးတံခွန်နှင့် ချမ်းမြသာစည် အရှေ့ဘက်ထိပ်မှ မြေများအား ပေးဝေခဲ့ရာတွင် ပြဿနာ အရှုတ်အထွေးများ ဖြစ်ခဲ့ကြောင်း မန္တလေးမှ စာရေးဆရာတဦးက မဇ္စျိမကို ပြောသည်။
“သူ တိုင်းမှူးက နားရတော့မယ့်အချိန်မှာ မြေကွက်တွေ တော်တော်များများကို အလှူပွဲကြီးလိုကို ပေးပစ် လိုက်တာပေါ့ဗျာ။ သူနဲ့ ပတ်သက်တဲ့ လူတွေကိုပေါ့။ နောက်တိုင်းမှူး တက်တဲ့အချိန်မှာ အဲဒီမြေတွေက တော်တော်များများပြဿနာတွေ တက်ကုန်တယ်။ တချို့မြေတွေကို ၂ ယောက် ၃ ယောက် ပေးတာ၊ ထပ်ကုန်တာတွေ ဖြစ်တယ်” ဟု သူက ပြောသည်။
အောင်ပင်လယ် တောင်ဖျားရှိ ၄၈ လမ်း၊ ၄၉ လမ်း တဝိုက်တွင်လည်း အားကစားကွင်း၊ ကျောင်း၊ ပန်းခြံများ
အတွက် လျာထားသည့် မြေရိုင်းများအား အကွက်ချ၍ ရောင်းစားမှုများ ရှိခဲ့ကြောင်း အောင်ပင်လယ်ဒေသ ခံ တဦးကလည်း “မြေကွက်တွေ ပိုင်းရောင်းတာတွေ ရှိတယ်။ ၃၅ လမ်း မြောင်းဘေးကိုလည်းမြေဖို့ လိုက်ပြီးတော့ အကွက် ယူလိုက်တယ်ပေါ့။ ဘောလုံးကွင်းတို့၊ ကျောင်းတို့၊ ပန်းခြံတို့အတွက်လျာထား တာတွေ ရောင်းသွားတယ်ပေါ့၊ မြို့ကွက်သစ်တွေပဲ” ဟု ပြောသည်။
ဤသို့ မြေရိုင်းများအား ရောင်းချပုံမှာ အာဏာပိုင်များက ကိုယ်တိုင် ရောင်းချခြင်း မဟုတ်ဘဲကုန်သည် ကြီးများက တဆင့်ခံ ရောင်းချပေးခြင်းဖြစ်ကြောင်း “အဲဒါကို ရောင်းချပေးတာက မြို့ပေါ်က ကုန်သည် ကြီးတချို့ပေါ့။ သိန်းထောင်ချီ ပေးရတယ်။ အဲလို အရောင်းအဝယ်တွေ ဖြစ်ကြတယ်။ ဝယ်ထားပြီးရင်ကို ရာကြီးပိုင်းတွေ၊ထောင်ကြီးပိုင်းတွေ စျေးဖြစ်တာကိုးဗျ။ ပိုက်ဆံ ရတာကတော့ မူလပိုင်ရင် သက်ဆိုင်ရာ အာဏာပိုင်တွေကရတာပေါ့” ဟု အောင်ပင်လယ် ဒေသခံက ဆက်ပြောသည်။
သို့သော် ဗိုလ်ချုပ်တင်ငွေ အလယ်ပိုင်းတိုင်းမှူးအဖြစ် မန္တလေး၌ ရှိနေစဉ် လာဘ်စားမှုဖြင့် နာမည်ပျက်
သိပ်မရှိခဲ့ကြောင်း မန္တလေး စာရေးဆရာက ဆိုသည်။
“လုပ်ငန်းရှင်တွေ ပြောကြတာက သူရှိတဲ့ကာလတုန်းက တည်တည်ငြိမ်ငြိမ်နဲ့ ဘာမှ ပြဿနာမရှိဘူးပေါ့။ လာဘ်ပေးလာဘ်ယူမှု သိပ်မရှိဘူးလို့တောင် ကြားဖူးပါတယ်” ဟု သူက ပြောသည်။
နဝတ၊ နအဖ စစ်အစိုးရများ လက်ထက်တွင် စစ်တိုင်းမှူးဆိုသည်မှာ နယ်ဘုရင်များဖြစ်ကြပြီး ခြစားမှု မကင်းကြကြောင်းလည်း ဦးအောင်ကျော်ဇောက ပြောသည်။
ကစထ ၆ ခုရှိရာ ဗိုလ်ချုပ်တင်ငွေ အနားယူသွားသည့်အတွက် ကစထ နေရာ ၃ ခု လစ်လပ်သွားပြီဖြစ် သည်။
ဗိုလ်ချုပ်တင်ငွေအပြင် ကာကွယ်ရေးဝန်ကြီး ဖြစ်သွားသည့် ဗိုလ်ချုပ်လှမင်းနှင့် ဒု-ကာချုပ်ဗိုလ်ချုပ်စိုးဝင်း တို့၏နေရာများလည်း လစ်လပ်နေခြင်း ဖြစ်သည်။