မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် နှင့် အစိုးရသစ် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်တို့ ယနေ့ တွေ့ဆုံ ဆွေးနွေးမှုအပေါ် ကြိုဆိုကြောင်း နှင့် ရလာဒ်ကောင်းများ ထွက်ပေါ် လာနိုင်ကြောင်း ၂၀၁၀ ရွေးကောက်ပွဲဝင်ချင်းပါတီ များ က ပြောသည်။
ချင်းအမျိူးသားပါတီ ဥက္ကဌ ဦးဇိုးဇမ်က “ကျနော်တို့ နိုင်ငံရဲ့အခြေအနေက တွေ့ဆုံမှ ရှင်းမယ့်ကိစ္စတွေ၊ ဆွေးနွေးတိုင်ပင်မှ ဖြစ်မယ့် ကိစ္စတွေဖြစ်လို့ ဒီလိုတွေ့ဆုံဆွေးနွေးမှုကို ကြိုဆိုတယ်’’ဟု ပြောဆိုသည်။
ချင်းတိုးတက်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးပေါလ်လျန်လွယ်ကလည်း ယခုကဲ့သို့ တွေ့ဆုံ ဆွေးနွေးမှုသည် အပြုသဘော ဆောင်ပြီး ကောင်းမွန်သည်ဟု ယူဆကြောင်း၊ ရလဒ်ကောင်းများ ထွက်ပေါ်လာနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောသည်။
“အခုဟာက အစိုးရသစ် ပေါ်လာပြီလေ၊ အစိုးရသစ်က ပေါ်လစီသစ်နဲ့ ဒီဘက်ကလည်းအတွေးအခေါ် သစ်နဲ့ပြောင်းလဲဖို့တော့ လိုပြီ ပေါ့၊ ဒါကြောင့်မို့ ရလဒ်ကောင်းတွေ ထွက်လာမယ်လို့ မျှော်လင့်ပါတယ်’’ ဟု သူကပြောသည်။
ချင်းတိုးတက်ရေးပါတီသည်ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် လွှတ်တော်အမတ်နေရာ ၁၂နေရာတွင် အနိုင်ရရှိခဲ့ပြီး ချင်းအမျိူးသားပါတီက လွှတ်တော်အမတ် ၉ နေရာရရှိခဲ့သည်။
အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) အထွေထွေ အတွင်းအရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် အလုပ် သမားဝန်ကြီးဌာနမှ ၀န်ကြီး ဦးအောင်ကြည်တို့သည် ယနေ့ မွန်းလွဲပိုင်း ၁ နာရီမှ ၂ နာရီ ၁၀ မိနစ်အထိ ရန်ကုန်မြို့ အစိုးရဧည့်ဂေဟာ စိမ်းလဲ့ကန်သာတွင် တွေ့ဆုံခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည် နှင့် ၀န်ကြီးဦးအောင်ကြည်တို့ တွေဆုံဆွေးနွေးပွဲနှင့် ပတ်သက်ပြီး အသေးစိတ် မသိရသေးသော်လည်း ဦးအောင်ကြည်က ဆွေးနွေးပွဲအပြီးတွင် နှစ်ဘက်ပူးတွဲ ကြေညာချက်တရပ်ကို ဖတ်ကြားခဲ့သည်ဟု NLD ပြောခွင့်ရ ဦးအုန်းကြိုင်က ပြောပြသည်။
“နှစ်ဘက်စလုံးက အပြုသဘောရှုမြင်ပြီး ကျေနပ်အားရမှုရှိပါတယ်၊ တရားဥပဒေစိုးမိုးရေး၊စိတ်ဝမ်းကွဲပြား မှုပပျောက်ရေး ကိစ္စနဲ့ အများပြည်သူ အကျိူးဖြစ်ထွန်းစေမယ့် ကိစ္စတွေကိုလည်း ဆွေးနွေးဖြစ်ကြတယ်၊ နောက်ပြီးတော့ သင့်လျော်သော နေ့ရက်မှာ ထပ်မံတွေ့ဆုံဆွေးနွေးဖို့ သဘောတူခဲ့ကြတယ်’’ ဟု ဦးအုန်းကြိုင်က ပြောသည်။
ယခုတွေ့ဆုံမှုသည် အစိုးရသစ်တက်လာသည့်နောက်ပိုင်း ပထမဦးဆုံးအကြိမ်တွေ့ဆုံမှုဖြစ်သည်။ ယခင်စစ် အစိုးရလက်ထက်က ဦးအောင်ကြည် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ၉ ကြိမ် တွေ့ဆုံ ဆွေးနွေးမှုရှိခဲ့သည်။
ပြည်ထောင်စု တိုင်းရင်းသား လူမျိုးစုများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးထောင်ခိုထန်းကမူ ယခုတွေ့ဆုံမှုသည် မည်သို့မျှထူးခြား မှု ရှိမည်မဟုတ်ဟု ပြောသည်။
ဦးထောင်ခိုထန်းသည် ၁၉၉၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ကာလက ပြည်ထောင်စု တိုင်းရင်းသား လူမျိုးစုများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီကနေ စစ်ကိုင်းတိုင်း တမူးမြို့နယ်မှ အရွေးခံရသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်သည်။
ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရသစ်သည် လာမည့် ၂၀၁၄ ခုနှစ်တွင် အာဆီယံ အလှည့်ကျ ဥက္ကဌ ဖြစ်လိုသည့် အတွက်ကြောင့် ယခုတွေ့ဆုံမှုသည် နိုင်ငံတကာနှင့် မြန်မာပြည်သူများကို ဟန်ပြ လုပ်ဆောင်ပြခြင်းသာဖြစ်သည်ဟု သူက ဆက်ပြောသည်။
အစိုးရအနေဖြင့် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်မည်ဆိုပါက နိုင်ငံတော် သမ္မတ (သို့မဟုတ်) ဒု-သမ္မတ တစ်ဦးဦးနှင့်သာ တွေ့ဆုံဆွေးနွေးသင့်သည်ဟုလည်း ဦးထောင်ခိုထန်းက ဆိုသည်။
ချင်းအမျိူးသား ပါတီ ဥက္ကဌ ဦးဇိုးဇမ်ကမူ တွေ့ဆုံဆွေးနွေး လုပ်ငန်းစဉ်သည် တစ်ဆင့်ပြီးတစ်ဆင့်လုပ်ဆောင် သွားရမည့် ကိစ္စဖြစ် သည်ဟု ပြောသည်။
“ချက်ချင်းကြီး အောင်မြင်မယ်လို့တော့ ကျနော်တို့မမျှော်လင့်ပါဘူး၊ကြိုးစားပြီးတည်ဆောက်သွားရမယ့် ကိစ္စဖြစ် တယ်လို့ ကျနော်မြင် ပါတယ်’’ ဟုသူက ဆက်ပြောသည်။