ချင်းမိုင် (မဇ္စျိမ) ။ ။ တချိန်တုန်းကမြန်မာနိုင်ငံ မှာ ရရှိခဲ့တဲ့ ဘဝမျိုးကို စေးစေးလာ အနေနဲ့အိပ်မက် တွေထဲမှာ သာ ပြန်လည် ရရှိနိုင်ပါတော့တယ်။
ချင်းမိုင် (မဇ္စျိမ) ။ ။ တချိန်တုန်းက မြန်မာနိုင်ငံမှာ ရရှိခဲ့တဲ့ ဘဝမျိုးကို စေးစေးလာ အနေနဲ့အိပ်မက် တွေထဲမှာ သာ ပြန်လည် ရရှိနိုင်ပါတော့တယ်။ သူဟာ သူ့မိသားစု ပိုင်ဆိုင်ခဲ့တဲ့ လယ်ကွင်း၊ သူရဲ့ အချစ်ဆုံး ကျွဲ တွေကို အမှတ်တရ ဖြစ်နေသလို တဘက်မှာလည်း သူအသက် ငါးနှစ်အရွယ်မှာ မြန်မာအာဏာပိုင်တွေရဲ့ အဖမ်းခံရမှု၊ အာဏာပိုင်တွေက သူ့ရဲ့အဖေကို သတ်ခဲ့မှုတွစတဲ့ အကြောင်းအရာတွေကို ပြန်ပြောင်းပြီး အိပ်မက်ဆိုးတွေ မက်နေခဲ့ပါတယ်။
“Burmese Dreaming” မှတ်တမ်းတင် ရုပ်ရှင်ဟာ ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းတခုမှာ ရောက်ရှိနေတဲ့ မိန်းကလေးငယ် တယောက်ရဲ့ ခံစားချက်နဲ့ အတူ ကိုယ့်နေရပ်ဒေသကို အိပ်မက်ထဲမှာသာ ပြန်နိုင်တော့တဲ့ ဒုက္ခသည်တွေရဲ့ ဇာတ်ကြောင်းကို ရိုက်ကူး တင်ပြထားတာ ဖြစ်ပါတယ်။
မှတ်တမ်းတင် ရသ ရုပ်ရှင် “Burmese Dreaming” ဟာ စေးစေးလာ ရဲ့ ဖြစ်ရပ်မှန် ဇာတ်ကြောင်းနဲ့အတူ မြန်မာ အာဏာပိုင်တွေရဲ့ ဒုက္ခပေးမှုတွေကြောင့် မြန်မာလူမျိုးတွေနဲ့ တိုင်းရင်သား အများအပြား ရင်ဆိုင် ဖြတ်သန်း နေရတဲ့ ဆင်းရဲဒုက္ခတွေကို တင်ဆက်ထားတာ ဖြစ်ပါတယ်။
စေးစေးလာ ထိုင်းနိုင်ငံကို ထွက်ပြေးလွတ်မြောက် လာခဲ့ပေမယ့် ငါးနှစ်ကြာလာတဲ့ အချိန်အထိ သူ့အိမ်ကို ပြန်နိုင်ခြင်း မရှိသေးပါဘူး။
“Burmese Dreaming” ဟာ မိသားစုထဲကနေ ခွဲထုတ်ခြင်း ခံရပြီး မြန်မာစစ်တပ်ရဲ့ အကျဉ်းချခြင်းလည်း ခံခဲ့ရတဲ့ အထီးကျန် မိန်းကလေးငယ် တယောက်ရဲ့ ရင်နင့်ဖွယ် ဇာတ်ကြောင်းပဲ ဖြစ်ပါတယ်။ မှတ်တမ်းတင် ရုပ်ရှင်က သူ့ဘဝရဲ့ ပျော်ရွှင်မှုတွနဲ့ ခါးသီးမှုတွေကို သူ့ရဲ့အိပ်မက်တွေ၊ ပြန်ပြောင်း သတိရမှုတွေ၊ စိတ်ကူးယဉ်မှုတွေကို အသုံးပြုပြီး ပုံဖော်ထားတာပါ။
“သမီး နိုးလာပါပြီ၊ သမီးဟာ အခုဆို ထိုင်းမြန်မာ နယ်စပ် က ဒုက္ခသည် စခန်းမှာ ရောက်ရှိနေပါတယ်။ ဒီကို ရောက်လာတာ ငါးနှစ်ရှိပေမယ့် သမီးရဲ့ စိတ်ကတော့ဒီမှာ မရှိပါဘူး။ သမီးရဲ့ စိတ်ကူးတွေ၊ အိပ်မက်တွေ ထဲမှာ မွေးရပ်နိုင်ငံ အကြောင်းပဲ ရှိနေပါတယ်” လို့ သူက ပြောပြထားပါတယ်။
မှတ်တမ်းတင် ရုပ်ရှင်ကားထဲမှာ ဒုက္ခသည် စခန်းတွေ ထဲက မြင်ကွင်းတွေ၊ မီဒီယာ လွတ်လပ်ခွင့် မရှိတဲ့
မြန်မာနိုင်ငံထဲမှာ ရိုက်ကူးခဲ့တဲ့ မြင်ကွင်းတွေကို တလှည့်စီ ရောထွေး တင်ဆက်ထားပါတယ်။
သြစတြေးလျ ဓာတ်ပုံဆရာနဲ့ ရုပ်ရှင်ရိုက်ကူးသူ Timothy Syrota က သူ့အနေနဲ့ ၁၉၉၆ မြန်မာ့ခရီးသွားနှစ် အပြီး တနှစ်အကြာ ၁၉၉၇ ခုနှစ်မှာ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်ခဲ့ပြီးတော့ ဒီမှတ်တမ်း ရုပ်ရှင်ကို ရိုက်ကူးဖို့ စိတ်ကူးရလာတာလို့ ပြောခဲ့ပါတယ်။
အဲဒီ့အချိန်က မြန်မာနိုင်ငံဟာ နိုင်ငံခြား ဧည့်သည်တွေကို လက်ခံနိုင်တဲ့ အနေအထား သိပ်မရှိသေးပါဘူး။ “ကျနော် ငယ်ငယ်ကတည်းက အာရှတခွင် နေရာတော်တော် များများကို သွားခဲ့ဖူးပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံလို ဖွံ့ဖြိုးမှုတွေ၊ အခြေခံ အဆောက်အဦးတွေ ချို့တဲ့ပြီး နောက်ကိုပြန်ဆုတ်နေတဲ့ နိုင်ငံ၊လာဘ်စား မှုတွေ ဖိနှိပ်မှုတွေ ပေါများတဲ့ နိုင်ငံမျိုး တွေ့လိမ့်မယ်လို့ မျှော်လင့်မထားခဲ့ပါဘူး” လို့ Syrota က ပြောခဲ့ပါ တယ်။
“ဒါကြောင့် မှတ်တမ်းတင် ရုပ်ရှင်ကားတကား ရိုက်ကူးဖို့အတွက် ပြန်သွားဖို့ ကျနော် ဆုံးဖြတ်ခဲ့ပါတယ်။ ကျနော့်ရဲ့ ပထမဆုံး ခရီးစဉ်နှစ်ခုအပြီး သြစတြေးလျကို ပြန်ရောက်တဲ့အခါမှာ ကျနော့်ရဲ့ ပထမစာအုပ် ဖြစ်တဲ့ “Welcome to Burma and Enjoy the Totalitarian Experience” ကို ထုတ်ဝေနိုင်ခဲ့ပါတယ်။ (၂ဝဝ၁ ခုနှစ် တွင် Orchid စာပုံနှိပ်တိုက်က ထုတ်ဝေခဲ့သည်။) နောက်ပြီး ကျနော်မြန်မာနိုင်ငံမှာ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေ ကို ဓာတ်ပုံပြပွဲတွေ လုပ်ခဲ့ပါသေးတယ်။ ဒါကြောင့်မို့ မှတ်တမ်းတင် ရုပ်ရှင်ရိုက်ကူးရေးက အနည်းငယ် ကြန့်ကြာသလို ဖြစ်သွားပေမယ့် လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်က ကျနော့်စိတ်ထဲမှာ အမြဲရှိနေခဲ့ပါတယ်”လို့ သူက ထပ်ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံနဲ့ ပတ်သတ်တဲ့ သတင်း အချက်အလက်တွေ နည်းပါးနေမှုကြောင့် Syrota အနေနဲ့ ရုပ်ရှင်ရိုက်ကူး သင့်တယ်လို့ ခံစားမိပြီး မြန်မာနိုင်ငံသားများ ခံစားနေရတဲ့ ဒုက္ခအကျပ်အတည်း အပေါ်လေးလေး နက်နက် ကရုဏာ သက်မိတယ်လို့လည်း ပြောခဲ့ပါသေးတယ်။
အဲဒီ့မှတ်တမ်းတင် ရုပ်ရှင်ကို ရိုက်ကူးတဲ့နေရာမှာ စံချိန်မီ ကင်မရာ သုံးပြီး ပေါ်တင် ရိုက်ကူးခဲ့တဲ့ အတွက်
အာရုံ အစိုက် ခံရကာ ဦးနှောက် ခြောက်စရာတွေလည်း ကြံုခဲ့ရတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံခြား သား သတင်းထောက်တွေ အတွက် သတင်းထောက်လှမ်း ရိုက်ကူးဖို့ ခက်ခဲတဲ့ နိုင်ငံဖြစ်ပြီးမိသွားခဲ့ရင် လည်း ချက်ခြင်း နှင်ထုတ်ခံရမှာ ဖြစ်ပါတယ်။
“ရွေးချယ်စရာ နှစ်ခု ရှိပါတယ်။ တတ်နိုင်သမျှ လျှို့လျှို့ဝှက်ဝှက် ရိုက်ကူးဖို့နဲ့ ဒုတိယနည်းကတော့ ပေါ်တင် ရိုက်ကူးဖို့ ဖြစ်ပါတယ်။ ပေါ်တင် ရိုက်ရင်တော့ သံသယတွေကို လျော့ပါးစေနိုင်ပါတယ်” လို့ Syrota က ပြော ခဲ့ပါတယ်။
“ကျနော်ကတော့ ဒုတိယနည်းကို ရွေးခဲ့ပါတယ်။ ကျနော့်အနေနဲ့ အာဏာပိုင်တွေနဲ့ ပြဿနာတက်ပြီးအဆုံး သတ်သွားမှာကိုတော့ အမြဲစိုးရိမ် ခဲ့ပါတယ်။ ကျနော့် အနေနဲ့ ပထမတခေါက် မြန်မာနိုင်ငံကို သွားတုန်းက ပြဿနာ အနည်းအကျဉ်း ရှိခဲ့ပါတယ်။ ကျနော် ရိုက်ကူးထားတဲ့ tape တွေကို ကူညီချင်တဲ့ ခရီးသွားတွေရဲ့ အကူအညီနဲ့ မြန်မာနိုင်ငံ အပြင်ဘက်ကို ထုတ်ခဲ့ရပါတယ်” လို့လည်း အခက်အခဲကို ပြောပြပါတယ်။
ဒုက္ခ အကြီးအကျယ် ရောက်မှာကိုလည်း အမြဲပူပန်နေရကြောင်း Syrota က ထပ်ပြောပြန်ပါတယ်။
“တရက် တရက်မှာ ကျနော် ဘာတွေကို ရိုက်ကူးချင်တယ် ဆိုတာကို အစီအစဉ်ချ ရိုက်ကူးပြီးတော့ တခြားအပိုတွေကိုတော့ သိပ်မရိုက်ကူးဖြစ်ပါဘူး” လို့ သူက ဆိုပါတယ်။
“ပြဿနာတွေ တက်တဲ့ အခါမှာတော့ ကျနော့် တိပ်ခွေတချို့ အသိမ်းခံလိုက် ရပါတယ်။ နောက်နေ့မှာ ဗြိတိသျှ သံရုံးရဲ့ ကျေးဇူးနဲ့ ကျနော် နိုင်ငံကနေ ထွက်ခွာခဲ့ပါတယ်” လို့ Syrota က ပြောခဲ့ပါတယ်။
ရုပ်ရှင်ရိုက်ကူးသူ Miahael Moore နဲ့ Meryl Streep တို့ကို ကူညီပေးခဲ့တဲ့ အမေရိကန်နိုင်ငံ ကာလီဖိုးနီးယား
ပြည်နယ် Beverly Hills မှာ အခြေစိုက်တဲ့ Ostrow & Company ထိပ်တန်း ထုတ်လုပ်ဖြန့်ချိရေး ကုမ္ပဏီက လည်း ဒီမှတ်တမ်းတင် ရုပ်ရှင်ကားကို ကူညီခဲ့ပါတယ်။ အဲဒီ့ကုမ္ပဏီဟာ တနှစ်ကို ရုပ်ရှင်ကား အနည်းငယ်ပဲ လက်ခံ ဆောင်ရွက်တဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။
အစပိုင်းမှာ မှတ်တမ်းတင် ရုပ်ရှင်ကားရဲ့ အိပ်မက်ဆန်ဆန် ရိုက်ကူး တင်ဆက်ထားမှုကြောင့်အလုပ်မဖြစ်မှာ ကို အနည်းငယ် စိုးရိမ်ခဲ့တယ်လို့ Syrota က ဆိုပါတယ်။
“အိပ်မက်ဆန်ဆန် ရိုက်ကူးထားမှုကြောင့် Ostrow & Company အနေနဲ့ စျေးကွက်တင် ဖြန့်ဖြူးဖို့အခက်အခဲ တွေ ရှိမှာကို စိုးရိမ်မိတယ်လို့ အစောပိုင်း ဆွေးနွေးပွဲတွေမှာ ကျနော်က ပြောခဲ့ပါသေးတယ်။ ဒါပေမယ့် ကုမ္ပဏီရဲ့ အလုပ် အမှုဆောင်အဖွဲ့ဝင်တွေက ကုမ္ပဏီအနေနဲ့ ဒီရုပ်ရှင်ကို အထူးတလည်စိတ်ဝင်စားရတာ ဟာ အဲလိုရိုက်ကူးတင်ဆက် ထားမှုတွေကြောင့် အဓိကဖြစ်တယ်လို့ ပြောကြပါတယ်” လို့ Syrota ကရှင်းပြ ခဲ့ပါတယ်။
“Burmese Dreaming” မှတ်တမ်းတင် ရုပ်ရှင်ဟာ ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းတခုမှာ ရောက်ရှိနေတဲ့ မိန်းကလေးငယ် တယောက်ရဲ့ ခံစားချက်နဲ့ အတူ ကိုယ့်နေရပ်ဒေသကို အိပ်မက်ထဲမှာသာ ပြန်နိုင်တော့တဲ့ ဒုက္ခသည်တွေရဲ့ ဇာတ်ကြောင်းကို ရိုက်ကူး တင်ပြထားတာ ဖြစ်ပါတယ်။