ကြာကူလီ ရိုက်နေသော မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးကို ဒေသခံ မွတ်ဆလင်များ မကျေနပ်

ကြာကူလီ ရိုက်နေသော မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးကို ဒေသခံ မွတ်ဆလင်များ မကျေနပ်
by -
တာကလူး

ရခိုင်ပြည်နယ် မြောက်ပှိင်း မောင်တောတွင် တာဝန်ကျနေသည့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦး သည် ဒေသခံ မွတ်ဆလင် အမျိုးသမီးငယ် တစ်ဦးနှင့် တရားမဝင် ပေါင်းသင်း နေထိုင်နေမှု အပေါ် ဒေသခံ မွတ်ဆလင်များ အကြား အထူး မကျေနပ်ဖြစ်နေကြကြောင်း သတင်း ရရှိသည်။

ဦးအောင်ကျော်ဦးသည် မောင်တောမြို့နယ် မယက ဥက္ကဌ ဘဝမှ အုပ်ချုပ်ရေးမှူး ဖြစ်လာသူ ဖြစ်သည်။

ဦးအောင်ကျော်ဦးသည် အဆိုပါ အမျိုးသမီးကို တရားဝင် လက်ထပ်ခြင်းမရှိပဲ တတူတည်းနေ တတွဲတွဲလား ပြုမူနေသည့် အတွက်ကြောင့် ဒေသခံ အရပ်သားများ အကြား မကျေမနပ် ဖြစ်နေကြရခြင်း ဖြစ်သည်ဟု အဆိုပါ အမျိုးသမီးနှင့် အိမ်နီးချင်း တစ်ဦးဖြစ်သူ မွတ်ဆလင် အရပ်လူကြီး တစ်ဦးက ပြောသည်။
Maungdaw-gate

"တရားဝင် လက်ထပ်ယူမယ် ဆိုလဲ ယူလိုက်ပါလား ဗျာ။ ခုဟာက ဘာပြောကောင်းမလဲ မြို့နယ်အုပ်ချုပ်ရေး မှူး တစ်ဦး လုပ်နေပြီးတော့ ကောင်မလေးအိမ်မှာ ညအိပ် ညနေ လာနေလိုက်၊ ကားနဲ့ ယူသွားလိုက်။ နှစ်ရက် သုံးရက် ကြာ ပြန်လာပို့လိုက်။ အဲသလို လုပ်နေတော့ အရပ်ထဲက လူတွေက ဘာကျေနပ်ကြမလဲဗျာ" ဟု သူက ပြောသည်။

မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးမှာ ဗမာ အမျိုးသား တစ်ဦး ဖြစ်ကာ လူပျို လူလွတ် တစ်ဦး ဖြစ်ပြီး၊ သူ၏ လက်ရှိ တရားမဝင် ပေါင်းသင်းနေသည့် မူဆလင် အမျိုးသမီးမှာ ဦးမိုဟာမတ်ချာ၏ သမီး အသက် (၂၀)ခန့် အရွယ် မဆာမီရာ (ခေါ်) မစန္ဒာဝင်း ဖြစ်ကြောင်း သိရသည်။

ဦးမိုဟာမတ်ချာမှာ ယခင်က မောင်တောမြို့ ဗိုလ်မှူးရွာတွင် နေထိုင်ခဲ့သူတစ်ဦးဖြစ်ပြီး၊ မြို့နယ် အုပ်ချုပ်ရေးမှူး နှင့် သူ၏ သမီး အရှုပ်တော်ပုံကြောင့် ရွာသားများမှ ၀ိုင်းဝန်း တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့ခြင်းကြောင့် ယခုလ ဆန်းပိုင်းမှစ၍ မောင်တောမြို့နယ်တောင်ပိုင်း အလယ်သံကျော် ကျေးရွာအုပ်စုရှိ ဘိုဒူရွာ (ခေါ်)မောင်တူ လာ ကျေးရွာ၌ ပြောင်းရွှေ့ နေထိုင်နေသည် ဟု ၄င်း လူကြီးက ဆက်ပြောသည်။

" သူတို့ ဒီရွာကို ရောက်လာတာ ရက်ပေါင်း (၂၀)တောင် မပြည့်သေးပါဘူး။ မြို့နယ် အုပ်ချုပ်ရေးမှူး ကြီးက သူတို့ အိမ်မှာ ညလာအိပ်တာ သုံးလေးခါ လောက်တောင်ရှိပြီ။ လွန်ခဲ့တဲ့ အပတ်ကလည်း ကောင်မလေးကို ကားနဲ့ယူသွားပြီးတော့ သုံးရက်ကြာမှ အိမ်ကို ပြန်လာပို့တာ တွေ့တယ်။"

ဦးမိုဟာမတ်ချာ၏ မိသားစု အလယ်သံကျော်သို့ ပြောင်းသွားရခြင်းမှာ မြို့နယ်အုပ်ချုပ်ရေးမှုနှင့် သူ့သမီးတို့၏ အရှုပ်တော်ပုံကြောင့် ဖြစ်ကြောင်း ဗိုလ်မှူးရွာမှ လူငယ်တစ်ဦးကလည်း ယခုကဲ့သို့ အတည်ပြု ပြောကြားသည်။

" မြို့နယ်အုပ်ချုပ်ရေးမှူးကြီးဆိုတော့ မိဘတွေကလဲ သဘောတူပုံ ရပါတယ်။ အုပ်ချုပ်ရေးမှူးကြီးက ကောင် မလေး နေအိမ်မှာ ညအိပ်ညနေ လာနေလိုက် ပြန်သွားလိုက်၊ တစ်ခါတစ်ခါ ကောင်မလေးကို ကားပေါ် တင်ယူသွား တပတ်ကြာ တလကြာမှ ပြန်လာပို့ အဲသလိုလုပ်နေတော့ ရပ်ရွာထဲမှာ အမြင်မတော် ဘူးလေ။ ဒါကြောင့် ရွာသားတစ်ချို့က ဦးမိုဟာမတ်ချာရဲ့အိမ်ကို ပုန်းအောင်း တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်တာကြောင့် သူတို့မိသားစု ခုလဆန်းကနေ အလယ်သံကျော်ကို ပြောင်းသွားကြတာ ဖြစ်ပါတယ်" ဟု ၄င်းလူငယ်က ပြောသည်။

ဒေသခံ မွတ်ဆလင်များအကြား သူတို့၏ ပေါင်းသင်းနေထိုင်မှုကို မကျေမနပ် ဒေါသဖြစ်နေရသည့် အဓိက အကြောင်းအရင်းမှာ မွတ်ဆလင်များ လက်ထပ်ထိမ်းမြားခွင့် (သို့) နှစ်ဦးသဘောတူ ပေါင်းသင်း နေထိုင်ခြင်းကို အာဏာပိုင်များမှ ဥပဒေ အမျိုးမျိုးဖြင့် တင်းကျပ်ကန့်သတ်ထားပြီး၊ အာဏာပိုင် လူကြီးတစ်ဦးက ထိုဥပဒေကို မထောက်ထားပဲ မွတ်ဆလင် အမျိုးသမီးနှင့် ပေါင်းသင်း နေထိုင်နေခြင်းကြောင့် ဖြစ်သည်ဟုအဆိုပါအရပ် လူကြီး က ဆက်ပြောသည်။

"မွတ်ဆလင်တွေကိုကျတော့ လက်ထပ်ထိမ်းမြားခွင့် နဲ့ နှစ်ဦးသဘောတူ ပေါင်းသင်းနေထိုင်ခွင့်တွေကို အစိုးရ အာဏာပိုင်တွေက ဥပဒေ အမျိုးအမျိုး ထုတ် ကန့်သတ်ထားပြီးတော့၊ မြို့နယ် အုပ်ချုပ်ရေးမှူးလို အစိုးရ အရာရှိကြီး တစ်ဦးက အဲဒီဥပဒေတွေကို အလေးမထားပဲ မွတ်ဆလင် ကောင်မလေး တစ်ဦးနဲ့ ချစ်ကြိုက်ပြီး တရားမဝင် ပေါင်းသင်းနေတယ်ဆိုတာ မတရားဘူးလေဗျာ။ ဒါကြောင့် ကျွန်တော်တို့ မွတ်ဆလင်တွေက မကျေမနပ် ဒေါပွနေကြရတာ ဖြစ်ပါတယ်" ဟု ၄င်း လူကြီးက ပြောသည်။

နအဖစစ်အာဏာ သိမ်းပြီးနောက် ၁၉၉၁ နှစ်မှစ၍ ယခုအချိန်အထိ ရခိုင်ပြည်နယ်တွင်မွတ်ဆလင်ဘာသာဝင် များ လက်ထပ်ထိမ်းမြားခွင့် နှင့် ခရီးသွားလာခွင့် ဆိုင်ရာ ဒေသန္တရ ဥပဒေများကို ပြဌာန်းထုတ်ပြန်ထားဆဲဖြစ် သည်။

အဆိုပါ လက်ထပ် ထိမ်းမြားခွင့်ဆိုင်ရာ ဥပဒေအရ ယောကျ်ားဖြစ်စေ၊ မိန်းမဖြစ်စေ ဒေသခံ အာဏာပိုင်များမှ ခွင့်ပြုချက် မရဘဲ လက်ထပ်ထိမ်းမြားပါက (သို့) နှစ်ဦး သဘောတူ ပေါင်းသင်း နေထိုင်သည်ဟု တွေ့ရှိပါက ထောင်ဒဏ်၊ ငွေဒဏ် နှစ်ခုစလုံးဖြင့် အပြစ်ပေး အရေးယူမည်ဟု ပြဌာန်း ထားကြောင်း သိရှိရသည်။

၎င်းအပြင် မောင်တောမြို့မှာ တာဝန်ကျသူ အာဏာပိုင်များ အတွက် ငွေရ အလွန်လွယ်သော မြို့ဖြစ်ပြီး အဆိုပါ ငွေကြေးဒဏ်ကို မခံနိုင်သူ အနည်းဆုံး ယခင်က မယက ဥက္ကဌ သုံးဦးမှာ ရုံးမှ စာရေးမများနှင့် မယားငယ် နေမူကြောင့် အလုပ်ပြုတ်သွားခဲ့ဖူးကြောင်း သိရသည်။

Most read this week