အိန္ဒိယ အရှေ့မျှော်ဝါဒ လားရာ

အိန္ဒိယ အရှေ့မျှော်ဝါဒ လားရာ
by -
ကျော်မိုးဝေ

အိန္ဒိယရဲ့ အရှေ့မျှော်ဝါဒဟာ မဟာဗျူဟာအရ အရေးကြီးပြီး၊ မြန်မာနဲ့ ဆက်ဆံရေးအတွက်ပါ အရေးပါတဲ့ မူဝါဒပါ။

အိန္ဒိယရဲ့ အရှေ့မျှော်ဝါဒဟာ မဟာဗျူဟာအရ အရေးကြီးပြီး၊ မြန်မာနဲ့ ဆက်ဆံရေးအတွက်ပါ အရေးပါတဲ့ မူဝါဒပါ။ ဒီဝါဒကို စစ်အေးတိုက်ပွဲနောက်ပိုင်း ချမှတ်ခဲ့ပြီး အိန္ဒိယရဲ့ အဓိကကျတဲ့ နိုင်ငံခြားရေး မူဝါဒ ဖြစ်လာပါတော့တယ်။ ၁၉၉၁ ခုနှစ် အိန္ဒိယဝန်ကြီးချုပ် ပီဗီ နာရာဆင်ဟာဝရောင်း အစိုးရလက်ထက်မှာ ချမှတ်ခဲ့တာပါ။ အရှေ့တောင်အာရှ၊ အရှေ့အာရှ နိုင်ငံတွေနဲ့ စီးပွားရေးအရ၊ မဟာဗျူဟာအရထိတွေ့ဆက် ဆံပြီး အိန္ဒိယရဲ့ ကမ္ဘာ့အမြင် မဟာဗျူဟာ အရွေ့လို့ ယူဆပါတယ်။  မစ္စတာဝရောင်းနောက်ပို်င်းဝန်ကြီးချုပ် တွေဖြစ်တဲ့ ဘတ်ဂျ်ပါယီး၊ လက်ရှိဝန်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်းက ဆက်ကိုင်စွဲပြီး အကောင်အထည် ဖော်ပါတယ်။

အိန္ဒိယ အရှေ့မြောက်ပြည်နယ်တွေဟာ ဆင်းရဲနွမ်းပါးမှု၊ ခိုးကိုးရာမဲ့မှု၊ ခေတ်နောက်ကျမှု၊ မဖွံ့ဖြိုးမတိုးတက်၊ မတည်ငြိမ်မှုတွေ ရှိနေပါတယ်။ ဒီပြည်နယ်တွေရဲ့ ဆိုးဝါးနိမ့်ကျတဲ့ အခြေအနေတွေနဲ့ တိုင်းပြည်အနာဂတ် နိုင်ငံရေး၊ စီးပွားရေး၊ သြဇာနယ်ပယ်ကို ပြောင်းလဲချဲ့ထွင်ဖို့အတွက် အရှေ့မျှော်ဝါဒဟာ တဖြည်းဖြည်းနဲ့ အရေးပါလာခဲ့တာပါ။

 နောက်တချက်က တရုတ်နိုင်ငံရဲ့ ကြီးမားကျယ်ပြန့်လာတဲ့ သြဇာအာဏာကို ပြန်ထိန်းညှိနိုင်ဖို့ လက်တွေ့ကျတဲ့ မူဝဒါအဖြစ်ပါ အများက မှတ်ယူကြပါတယ်။ ပင်မမူဝါဒအဖြစ်တောင် ဆိုနိုင်တယ်။ ပညာရှင်တွေ၊နိုင်ငံရေး သမားတွေ၊ မဟာဗျူဟာသမားတွေကလည်း ဒီအရှေ့မျှော်ဝါဒအပေါ် ဆွေးနွေးဝေဖန်အကြံပြုတာ တွေ၊ လေ့လာသုံးသပ်တာတွေ အထပ်ထပ် လုပ်ကြပါတယ်။

အိန္ဒိယဟာ တချိန်တုန်းက မြန်မာပြည်သူတွေ ရဲ့ဒီမိုကရေစီရေး လှုပ်ရှားမှုကို ထောက်ခံအားပေးတဲ့ နိုင်ငံပါ။ ဒါပေမဲ့ ၁၉၉၃ ခုနှစ်က စပြီး မြန်မာစစ်အုပ်စု အပေါ် တောက်လျှောက် ကိုင်စွဲခဲ့တဲ့ မပူးပေါင်းရေး၊ ဆန့်ကျင်ရေး မူဝါဒဟာ ပြောင်းလဲခဲ့ပါတယ်။ အဲဒီအချိန်က စပြီး အိန္ဒိယဟာ မြန်မာစစ်အုပ်စုကို ဝေဖန်ထောက်ပြတာတွေ ရပ်တန့်ပြီး ချစ်ကြည် ရင်းနှီးမှု တည်ဆောက်ခဲ့ပါတယ်။

၁၉၆၂ ခုနှစ် တရုတ်-အိန္ဒိယ နယ်စပ်စစ်ပွဲပြီးကတည်းက ဒီနှစ်နိုင်ငံဟာ တောင်အာရှနဲ့အရှေ့အာရှဒေသတွင်း မှာ မဟာဗျူဟာအရ ပြိုင်ဘက်တွေ ဖြစ်လာပါတယ်။ တရုတ်က အိန္ဒိယရဲ့ အိမ်နီးချင်းနဲ့ ပြိုင်ဘက်နိုင်ငံဖြစ်တဲ့ ပါကစ္စတန်နဲ့ ကုန်သွယ်ရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ အနီးကပ် ဆောင်ရွက်လာပြီး မြန်မာ၊ နီပေါနဲ့ ဘင်္ဂလာဒေ့ချ်ကို လွှမ်းမိုးဖို့ ကြိုးစားလာခဲ့ပါတယ်။ ၁၉၇၉ ခုနှစ် တရုတ်မှာ တိန့်ရှောင်ဖိန် အာဏာရပြီးနောက် အာရှနိုင်ငံတွေကို လက်ဝဲဝါဒအခြေခံမူအပေါ် အခြေခံတဲ့ ဆက်ဆံရေးပုံစံထက် စီးပွားရေးနဲ့ ကုန်သွယ်ရေးကို အခြေခံတဲ့ ဆက်ဆံရေး မူဝါဒကို ပိုမိုလုပ်ဆောင်လာခဲ့ပါတယ်။ တချိန်က မြန်မာအစိုးရကို တိုက်နေတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ - ဗကပ ကို လူအား၊  ငွေအား၊ လက်နက်အား ကူညီခဲ့တဲ့ တရုတ်နိုင်ငံဟာနောက်ပိုင်း မှာ မြန်မာအစိုးရနဲ့ ဆက်ဆံရေးကောင်းမွန်ဖို့ ကြိုးစားလာခဲ့ပါတယ်။

တရုတ်ရဲ့ တဖြည်းဖြည်း ကျယ်ပြန့်လာတဲ့ စီးပွားရေးအရ၊ မဟာဗျူဟာအရ သြဇာနယ်ပယ်ချဲ့ထွင်လာနေမှုကို ဟန့်တားနိုင်ဖို့ အိန္ဒိယဟာ စစ်အေးကာလတုန်းက ကိုင်စွဲခဲ့တဲ့ မူဝါဒတွေ၊ လုပ်ရပ်တွေကို စွန့်လွှတ်ခဲ့ပါတယ်။ အဲဒီနောက် အရှေ့မျှော်ဝါဒကို စတင်အကောင်အထည်ဖော်တဲ့အနေနဲ့ တခြားအာရှနိုင်ငံတွေကို စီးပွားရေး ကုန်သွယ်ရေးအရ ပိုမိုနီးစပ်အောင်၊ မဟာဗျူဟာအရ လုံခြံုရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေ၊ယဉ်ကျေး မှုအရ သမိုင်းနောက်ခံအရ နီးစပ်မှုတွေ အားဖြည့်လုပ်ဆောင်ခဲ့ပါတယ်။ တခြားနိုင်ငံတွေနဲ့ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေးနဲ့ စက်မှုဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍတွေမှာ ဒေသတွင်း စျေးကွက်တခု ဖြစ်လာဖို့၊နောက်ထပ် ချဲ့ထွင်ဖို့ ကြိုးပမ်းလာခဲ့ ပါတယ်။ ဒါ့အပြင် တရုတ်နဲ့ ဆက်နွယ်နေတဲ့ နိုင်ငံတွေနဲ့  မဟာဗျူဟာအရစစ်ရေး အရ ပူးပေါင်းဆောင်ရွက်မှုတွေ ကိုလည်း လုပ်လာခဲ့ပါတယ်။ ဒီမူဝါဒရဲ့ အကျိုးဆက်အရ အိန္ဒိယ-မြန်မာ ဆက်ဆံရေးပုံစံဟာ အကြီးအကျယ် ပြောင်းလဲ လာစေတော့တာပဲ ဖြစ်ပါတယ်။

အိန္ဒိယဟာ တချိန်တုန်းက မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုကို ထောက်ခံအားပေးတဲ့ နိုင်ငံပါ။ ဒါပေမဲ့ ၁၉၉၃ ခုနှစ်ကစပြီး မြန်မာစစ်အုပ်စုအပေါ် တောက်လျှောက်ကိုင်စွဲခဲ့တဲ့ မပူးပေါင်းရေး၊ ဆန့်ကျင်ရေး မူဝါဒဟာ ပြောင်းလဲခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး အိန္ဒိယဟာ မြန်မာစစ်အုပ်စုကို ဝေဖန်ထောက်ပြတာတွေ ရပ်တန့်ပြီး ချစ်ကြည်ရင်းနှီးမှု တည်ဆောက်ခဲ့ပါတယ်။ ၂ဝဝ၇ ခုနှစ်မှာ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုဖြစ်လာ တဲ့အချိန် အိန္ဒိယက မြန်မာ့အရေးကို စောင့်ကြည့်ခဲ့ပါတယ်။ ပြည်တွင်းရေး ဝင်မစွက်လိုဘူး၊ဒီမိုကရေ စီထွန်းကားဖို့ မြန်မာပြည်သူတွေကပဲ ဆောင်ရွက်ရမယ်လို့ ပြောခဲ့ပါတယ်။ အိန္ဒိယရဲ့ မြန်မာအပေါ် ထိတွေ့ဆက် ဆံတာက နိုင်ငံတကာ အလယ် စစ်အစိုးရအပေါ် ဝေဖန်မှုတွေ လျော့ကျစေခဲ့ပါတယ်။

တရုတ်ကို ဟန့်တားဖို့၊ ကုန်းတွင်းပိတ် ပြည်နယ်တွေ ပင်လယ်ထွက်ပေါက်ရဖို့၊ အရှေ့တောင်အာရှနဲ့ အရှေ့အာရှ နိုင်ငံတွေကို ကုန်ပစ္စည်းတွေ တင်ပို့ဖို့အတွက် မြန်မာဟာ အိန္ဒိယအတွက် မရှိမဖြစ် နိုင်ငံဖြစ် လာနေပါပြီ။ ဒါကြောင့် အိန္ဒိယ အနာဂတ်ခရီးကို စတင်ဖို့ ပထမဆုံးတွေ့တဲ့ နိုင်ငံကတော့ မြန်မာပါပဲ။ လက်ရှိမှာ မြန်မာရဲ့ စတုတ္တအများဆုံး ကုန်သွယ်ဘက်က အိန္ဒိယပါ။ မြန်မာကို မဆက်ဆံမပေါင်းသင်းဘဲ အိန္ဒိယ ဟာ သူ့အရှေ့မျှော် ဝါဒကို ဘယ်လိုမှ ရှေ့ဆက်တိုးလို့ မရနိုင်ပါဘူး။ ဒါကြောင့် မြန်မာပြည်ဟာ အိန္ဒိယရဲ့ မဟာဗျူဟာ တခုလုံအးတွက် အရေးပါတဲ့ အနေအထားအထိ ရောက်လာခဲ့ပါတယ်။အိန္ဒိယဆက်ဆံ ထိတွေ့လိုတဲ့ နိုင်ငံတွေဆီ အရောက်သွားဖို့ ပထမဦးဆုံး တံတားအဖြစ် မြန်မာက ရှိနေတာပါ။ တရုတ်က မြန်မာကို မဟာဗျူဟာ မိတ်ဖက်အဖြစ် တိုးမြှင့်ဆက်ဆံသလို၊ အိန္ဒိယကလည်း သူ့မဟာဗျူဟာနိုင်ငံအဖြစ် ဆက်ဆံလိုတဲ့ ဆန္ဒရှိပါတယ်။ မြန်မာဟာ အရှေ့အာရှ၊ အရှေ့တောင် အာရှနဲ့ တောင်အာရှ ၃ ခုဆုံရာမှာ တည်ရှိနေတဲ့အတွက် ပထဝီအနေအထားအရ အရေးပါတဲ့ နိုင်ငံပါပဲ။

တနည်းအားဖြင့်ဆိုရင် မြန်မာနဲ့ပတ်သက်တဲ့ အိန္ဒိယရဲ့ အရှေ့မျှော်ဝါဒဟာ မြန်မာကို တရုတ်ရင်ခွင်ထဲကနေ
ဆွဲထုတ်ပြီး သူ့ရင်ခွင်ထဲ ရောက်လာအောင် ဆောင်ရွက်ရေးနဲ့ မြန်မာကို သူတို့ရဲ့ တံခါးပေါက်တခုသဖွယ် အသုံးပြုနိုင်ရေးပဲ ဖြစ်ပါတယ်။ ဆက်ဆံတဲ့နေရာမှာ အိန္ဒိယရဲ့ အားနည်းချက်ကတော့ တရုတ်လို ကုလသမဂ္ဂ လုံခြံုရေးကောင်စီမှာ ဗီဆိုအာဏာ မရှိတာဘဲ ဖြစ်ပါတယ်။

အိန္ဒိယဟာ မြန်မာ-တရုတ် ဆက်ဆံရေးတိုးမြှင့်လာတာကို သိပ်သဘောမတွေ့ပါဘူး။ အရှေ့မျှော်ဝါဒ အောင်မြင်ဖို့ မြန်မာအစိုးရနဲ့ ပေါင်းသင်းဆက်ဆံနေရတာပါ။ ဒါကို သဘောပေါက်တဲ့ မြန်မာအစိုးရကလည်း တရုတ်ကို ထိန်းညှိဖို့ အိန္ဒိယနဲ့ ဆက်ဆံတာပါ။ ဒါကြောင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာဆိပ်ကမ်းဆောက် ခွင့် ပေးပြီးတော့ စစ်တွေမှာ အိန္ဒိယကို ဆောက်ခွင့်ပေးထားတာပါ။ အိန္ဒိယ နိုင်ငံရေးလေ့လာသုံးသပ်သူ တချို့က အရှေ့မျှော်ဝါဒ အကောင် အထည်ဖော်ရာမှာ လမ်းပြမြေပုံ မရှိဘူး၊ ဒါကြောင့် မြန်မာနဲ့ပေါင်းသင်း ဆက် ဆံရာမှာ တရုတ်နဲ့ ယှဉ်လိုက်ရင် အမြဲပဲ နောက်ကောက်ကျနေတယ်လို့ ဝေဖန်ကြပါတယ်။ အိန္ဒိယ-မြန်မာဆက်ဆံရေးမှာ တရုတ်ဟာ အဓိက ဇာတ်ကောင် အနေနဲ့ ရှိနေတယ်ဆိုတာအိန္ဒိယ သဘောပေါက်ပါ တယ်။

မြန်မာဟာ တရုတ်ကို စီးပွားရေးအရရော၊ စစ်လက်နက်ပစ္စည်းအရပါ မီခိုနေတာဟာ အိန္ဒိယ ရေရှည်အကျိုး စီးပွားကို ထိခိုက်စေတယ်လို့ အိန္ဒိယက တွက်ဆပါတယ်။ ဒါကြောင့် မြန်မာနဲ့ တိုးမြှင့်ဆက်ဆံတာတွေ လုပ်ခြင်းအားဖြင့် တရုတ်ရဲ့ ဒေသတွင်း ကျယ်ပြန့်လာနေတဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ စစ်ရေးသြဇာကိုလျှော့ချ နိုင်မယ်လို့ ယူဆထားတာပါ။ တရုတ်ကတော့ အိန္ဒိယ အရှေ့မျှော်မူဝါဒကို အလုပ်မဖြစ်လို့ပဲ မြင်ပါ တယ်။ တရုတ်မီဒီယာတွေကလည်းအိန္ဒိယ အရှေ့မျှော်ဝါဒဟာ မကြာမီ အဖျားရှူးမယ့်၊ ကျဆုံးသွားမယ့် မူဝါဒအဖြစ် ဝေဖန်ပါတယ်။ ဒီဝါဒဟာ အိန္ဒိယ က တရုတ်ကို ကြောက်လို့ ပေါ်လာတာပါ။ တရုတ်ပြည်သူ့လွတ် မြောက်ရေး တပ်မတော်ကို နားမလည်ဘူးလို့လည်း တရုတ် အင်တာနက်သတင်းဌာနရဲ့ ဆောင်းပါးရှင်တဦးက ဆိုပါတယ်။ အိန္ဒိယကတော့ သူ့ဝါဒဟာ တရုတ်နဲ့လည်း ပြန်လည်သင့်မြတ်စေချင်တဲ့ အပိုင်းတွေ ပါဝင်တယ်လို့ဆိုခဲ့ပါ တယ်။

အတိတ်ကာလမှာ တရုတ်ရေတပ်ဟာ ပစိဖိတ်သမုဒ္ဒရာထဲ လှည့်လည်သွားလာနေပေမယ့် အခုအခါမှာတော့ အိန္ဒိယ သမုဒ္ဒရာထဲရှိ မြန်မာ၊ ပါကစ္စတန်၊ သီရီလင်္ကာနဲ့ အီရန်နိုင်ငံတွေမှာ သူတို့ စစ်သင်္ဘောတွေဆိုက်ကပ်နိုင် အောင် ရေတပ်စခန်းတွေ တည်ဆောက်ဖို့ ကြိုးပမ်းနေတာတွေ ရှိပါတယ်။အကောင်အထည် လည်း ဖော်နေပါ တယ်။ ကျောက်ဖြူဆိပ်ကမ်းဆိုရင် တရုတ်စစ်သင်္ဘောတွေ တရားဝင်ဆိုက်ကပ်ခွင့်ကို ဦးသိန်းစိန်ရဲ့တရုတ် ခရီး စဉ်မှာ သဘောတူလက်မှတ် ရေးထိုးခဲ့ပြီးပါပြီ။ တရုတ်ရဲ့ အိန္ဒိယသမုဒ္ဒရာကို လွှမ်းမိုးဖို့ကြိုးပမ်းနေ တဲ့ ခြေလှမ်းတွေကို အိန္ဒိယကလည်း ပြန်လည်ဟန့်တားနိုင်ဖို့ ပင်လယ်ပြင် ကာကွယ်ရေး တည်ဆောက်ဖို့နဲ့ အိန္ဒိယ သင်္ဘောတွေအတွက် ရေတပ်သုတေသနဌာနသစ်တခု တည်ဆောက်ရေး စီမံကိန်းတွေကို ဒီနှစ် ဇန်နဝါရီမှာ စတင် အကောင်အထည် ဖော်နေပါပြီ။

အရှေ့မျှော်ဝါဒ အကောင်အထည်ဖော်တဲ့အခါ တခြားနိုင်ငံတွေနဲ့လည်း ဆက်ဆံရေး ကောင်းမွန်ဖို့၊ကုန်သွယ် ရေး တိုးမြှင့်ဖို့ အိန္ဒိယ ကြိုးပမ်းတာပါ။ ဒေသတွင်း အဖွဲ့အစည်းတွေမှာလည်း အိန္ဒိယဟာ ပိုပြီးတော့တက်တက် ကြွကြွ ပါဝင်လာတာ တွေ့လာရပါတယ်။ ဘင်္ဂလာဒေ့ချ်၊ မြန်မာ၊ အိန္ဒိယ၊ သီရိလင်္ကာ၊ ထိုင်း၊ ဘူတန်နဲ့ နီပေါ ပါဝင်တဲ့ BIMSTEC ၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘာဒီးယား၊ ထိုင်း၊ အိန္ဒိယနဲ့ မြန်မာပူးပေါင်း ဆောင်ရွက်တဲ့ မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်ရေးတို့မှာ ဦးဆောင်ဦးရွက်ပူးပေါင်းဆောင်ရွက်နေ သလို အရှေ့တောင်အာရှ နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ရေး၊ အာရှပစိဖိတ် စီးပွားပူးပေါင်းဆောင်ရွက်ရေး APEC မှာ အဖွဲ့ဝင်ဖြစ်ရေး စတဲ့ ဒေသတွင်း၊ နိုင်ငံတကာမှာပါ တဖြည်းဖြည်း ခြေဆန့်ဖို့ ကြိုးပမ်းနေပါတယ်။

ဒီဝါဒဟာ အိန္ဒိယက တရုတ်ကို ကြောက်လို့  ပေါ်လာတာပါ။တရုတ် ပြည်သူ့လွတ်မြောက် ရေး တပ်မတော်ကို နားမလည်ဘူးလို့လည်း တရုတ် အင်တာနက်သတင်းဌာနရဲ့ ဆောင်းပါး ရှင် တဦးက ဆိုပါတယ်။အိန္ဒိယက တော့ သူ့ဝါဒဟာ တရုတ်နဲ့လည်း ပြန်လည် သင့်မြတ် စေချင်တဲ့ အပိုင်းတွေ ပါဝင်တယ်လို့ ဆိုခဲ့ ပါတယ်။

အိန္ဒိယဟာ သူ့ကုန်သွယ်ရေးကွန်ယက် ပိုမို ကျယ်ပြန့်လာဖို့အတွက် ဆက်သွယ်ရေး လမ်းမကြီးတွေကိုလည်း ငွေကုန် ကြေးကျခံပြီးတော့ တိုးမြှင့်လုပ်ဆောင်လာပါတယ်။ ဒုတိယကမ္ဘာစစ်က အသုံးပြုခဲ့တဲ့ အိန္ဒိယ-အာသံပြည်နယ်နဲ့ တရုတ်ယူနန်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ ရော့ခ်စတီး ဝတ်လမ်း၊ အာရှလမ်းမကြီးရဲ့ အစိတ်အပိုင်း တခု ဖြစ်တဲ့ အိန္ဒိယ-မြန်မာ-ထိုင်း ၃ နိုင်ငံ ချစ်ကြည်ရေးလမ်း၊ အိန္ဒိယ မဏိပူပြည်နယ်မိုးရေးမြို့ ဆက်သွယ်တဲ့ တမူး-ကလေးဝလမ်း၊ မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့နယ် ဇိုခွားသာနယ်စပ်မှ ချင်းပြည်နယ် ရိဒ်ခေါ်ဒါ မြို့နယ်ခွဲ-တီးတိန်-ကလေးမြို့- ကလေးဝလမ်း၊ အိန္ဒိယ နာဂလဲန်းပြည်နယ် နန်ပေါင်မြို့ ကနေ မြန်မာနိုင်ငံ ပန်ဆောင်-နန်းယွန်းရှင်ဗွေယန်-တနိုင်း-မြစ်ကြီးနား ဆက်သွယ်တဲ့ လီဒိုလမ်းမကြီးတို့ကို တိုးချဲ့ တည်ဆောက်နေပါတယ်။ ဒီလမ်းတွေဟာ အိန္ဒိယရဲ့ မြန်မာ့မြေကို ခြေကုပ်ယူပြီးတော့ တခြားနိုင်ငံတွေနဲ့ ထိတွေ့ ဆက်ဆံဖို့ လမ်းကြောင်းတွေပဲ ဖြစ်ပါတယ်။

အိန္ဒိယက သူ့လမ်းကြောင်းတွေကိို တိုးချဲ့လာတဲ့အခါ မြန်မာစစ်အုပ်စုအနေနဲ့ ပြည်တွင်းမှာ လူ့အခွင့်အရေးဘယ်လိုပဲ ချိုးဖောက်နေပါစေ၊ ဒီမိုကရေစီအင်အားစုတွေကို ဘယ်လိုပဲ ဖိနှိပ်နေပါစေ မြန်မာစစ်အစိုးရနဲ့ ဆက်ဆံရမယ် ဆိုပြီးတော့ လက်ခံထားပြီးဖြစ်ပါတယ်။ မြန်မာစစ်အုပ်စုနဲ့ ဆက်ဆံတာကို အိန္ဒိယမီဒီယာ အသိုင်းအဝိုင်းက အိန္ဒိယရဲ့ ဒီမိုကရေစီအရေးနဲ့ အကျိုးစီးပွားအရေး အားပြိုင်ပွဲလို့ သုံးနှုန်းပြောဆိုကြပါတယ်။ ကမ္ဘာ့အကြီးမားဆုံး ဒီမိုကရေစီနိုင်ငံကြီးဟာ မြန်မာစစ်အုပ်စုနဲ့ ဆက်ဆံပေါင်းသင်းနေတာဟာ အိန္ဒိယအဖို့ ရှက်စရာဆိုပြီးတော့ အိန္ဒိယဒီမိုကရေစီအင်အားစုတွေ၊ အနောက်နိုင်ငံကြီးတွေက ဝေဖန်ကြပါတယ်။ အိန္ဒိယဟာ ဒီမိုကရေစီမူဘောင်ကို စွန့်ခွာပြီးတော့ အကျိုးစီးပွားတခုထဲကိပဲ ကြည့်ပြီးတော့ဆက်ဆံနေတယ်လို့ ထောက်ပြပြောဆိုတာကိုလည်း အိန္ဒိယအစိုးအရအနေနဲ့ သိပ်ပြီးတော့ ဂရုမစိုက်ပါဘူး။ မြန်မာအစိုးရနဲ့ ဆက်ဆံတာဟာ သူတို့အတွက် လက်တွေ့ ကျတယ်၊ သူတို့မဟာဗျူဟာ တခုလုံးအတွက် အရေးပါတယ်လို့ပဲ မှတ်ယူပါတယ်။

မြန်မာနဲ့ ဆက်ဆံတဲ့နေရာမှာ ကုန်သွယ်ရေးနဲ့ နယ်စပ်လုံခြံုရေးကို အဓိကအာရုံစိုက် လုပ်ဆောင်ပါတယ်။ နယ်စပ် တလျှောက်ရှိ အိန္ဒိယခွဲထွက်ရေး တော်လှန်ရေး အင်အားစုတွေကို ဖယ်ရှား ရှင်းလင်းချင်တဲ့အတွက် မြန်မာအစိုးရ အကူအညီ လိုအပ်ပါတယ်။ တချို့ခွဲထွက်ရေး အင်အားစုတွေဟာ မြန်မာ့မြေပေါ်မှာအခြေစိုက် ထားလို့ သူတို့ကို နှိမ်နှင်းဖို့အတွက် အိန္ဒိယက မြန်မာကို လက်နက်တွေ စျေးပေါပေါနဲ့ ထုတ်ရောင်းခဲ့တာတွေ ရှိပါတယ်။

အိန္ဒိယဟာ ၂ဝဝ၅ ခုနှစ်မှာ ရခိုင်ပြည်ကထွက်တဲ့ ဓာတ်ငွေ့တွေကို တင်ဖို့ခွင့်ရဖို့အတွက် သဘောတူညီမှုတွေ ရခဲ့ပေမယ့် ပိုက်လိုင်းဖြတ်သန်းဖို့ ဘင်္ဂလားဒေ့ချ်နဲ့ သဘောတူညီမှု မရခဲ့တဲ့အတွက် လက်လွှတ်ဆုံးရှုံးခဲ့ရပါ တယ်။ အဲဒီဓာတ်ငွေ့ကို မြန်မာက တရုတ်ကို ရောင်းချခဲ့ပါတယ်။ မြန်မာဟာ ပထဝီအနေအထားအရအိန္ဒိယ အတွက် အလွန်အရေးပါတဲ့ နိုင်ငံပါ။ အိန္ဒိယဟာ မြန်မာဆီက သဘာဝဓာတ်ငွေ့ရဖို့အတွက် ဆက်ပြီး ကြိုးစားတုန်းပါ။ တချိန်တည်းမှာပဲ သူ့ဖြိုးတိုးတက်ရေးနဲ့အတူ လိုအပ်နေတဲ့ စွမ်းအင်ရဖို့အတွက်ရေအား လျှပ်စစ် စီမံကိန်းတွေမှာလည်း ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ထားပါတယ်။ အိန္ဒိယ-မြန်မာနှစ်နိုင်ငံကုန်သွယ်ရေးဟာ ၁၉၉ဝ ခုနှစ်တုန်းက အမေရိကန် ဒေါ်လာ သန်း ၉ဝ ရှိခဲ့တာကနေ ၂ဝဝ၅ ခုနှစ်မှာ ၅၆၉ သန်းအထိတိုးလာခဲ့ တယ်။ ၂ဝဝ၇-၂ဝဝ၈ခုနှစ်မှာ ၉၉၅ သန်း ကျော်ခဲ့ပါတယ်။

အစပထမမှာ နှေးသလိုလိုရှိခဲ့တဲ့ အိန္ဒိယရဲ့ အရှေ့မျှော်ဝါဒ လုပ်ငန်းစဉ်တွေဟာ တဖြည်းဖြည်းနဲ့ ခြေလှမ်း ကျဲကျဲ လှမ်းလာနေပါပြီ။ အဒီအထဲက အကြီးမားဆုံး စီမံကိန်းတခုက မြန်မာနိုင်ငံရဲ့ အဓိကမြစ်တမြစ်ဖြစ်တဲ့ ကုလားတန် (ခေါ်) ကစ္ဆပနဒီမြစ်ကို အသုံးပြုပြီးတော့ အိန္ဒိယကုန်းတွင်းပိတ် ပြည်နယ်တွေ ပင်လယ်ထွက် ပေါက် ရရှိဖို့၊ အိန္ဒိယရဲ့ စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေး ပိုမိုသွက်လာစွာ ဆောင်ရွက်နိုင်ဖို့ ကုလားတန်မြစ် ကြောင်း ဘက်စုံ သယ်ယူပို့ဆောင်ရေး ဖွံ့ဖြိုးမှုစီမံကိန်းပါပဲ။ ဒီစီမံကိန်းဟာ အရှေ့မျှော်ဝါဒတခုလုံးအတွက် အရေးပါဆုံး စီမံကိန်းလည်း ဖြစ်ပါတယ်။ ဒီစီမံကိန်းကို ၂ဝဝ၈ ခုနှစ်မှာ မြန်မာ-အိန္ဒိယ စစ်အစိုးရတို့ သဘောတူခဲ့ပါတယ်။ ဒီစီမံကိန်းဟာ အမေရိကန်ဒေါ်လာ သန်း ၁၁ဝ အကုန်အကျခံ တည်ဆောက်မယ့် အိန္ဒိယက မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှု အများဆုံး စီမံကိန်းကြီး တခုလည်း ဖြစ်ပါတယ်။

ဒီစီမံကိန်းအပေါ် အိန္ဒိယက ပုံအောထားကြောင်း အိန္ဒိယ အရှေ့မြောက်ဒေသဆိုင်ရာ ဌာနဝန်ကြီး ဘီကေ ဟန်ဒီကွီက ဆိုပါတယ်။ ဒီစီမံကိန်းမှာ လက်ရှိအသုံးပြုနေတဲ့ စစ်တွေဆိပ်ကမ်းကို တိုးချဲ့တည်ဆောက်ဖို့၊ တန်ချိန် ၆ဝဝဝ ရှိ သင်္ဘောကြီးတွေ ဝင်ထွက်သွားလာနိုင်ဖို့ ကုလားတန်မြစ်ကို ချဲ့ထွင်၊ အနက်တူးပြီး သောင် တွေကို ဖယ်ရှားရှင်းလင်းဖို့နဲ့ ပလက်ဝမြို့နဲ့ မီဇိုရမ်ပြည်နယ်ကို ဆက်သွယ်မယ့် အဝေးပြေးကားလမ်းဖောက် လုပ်ဖို့တို့ ပါဝင်ပါတယ်။ စစ်တွေ ဆိပ်ကမ်းကို အိန္ဒိယက တည်ဆောက်၊ အသုံးပြု၊ လွှဲပြောင်းစနစ်နဲ့ကမ်းလှမ်း ခဲ့ပေမယ့် မြန်မာအစိုးရက တည်ဆောက်၊ လွှဲပြောင်း၊ အသုံးပြုဖို့ သဘောတူဆောင်ရွက်ခဲ့ပါတယ်။ စီမံကိန်း တခုလုံးကို ၂ဝ၁၃ မှာ အပြီးသတ် ဆောက်လုပ်မယ်လို့ ဆိုပါတယ်။ စစ်တွေဆိပ်ကမ်း တိုးချဲ့တည် ဆောက် တာနဲ့ ကုလားတန်မြစ်ကြောင်း သောင်တူးဖော်ရေး လုပ်ငန်းတွေကို အိန္ဒိယ ပုဂ္ဂလိကကုမ္ပဏီ ESSAR က တည်ဆောက်မှာပါ။ စစ်တွေဆိပ်ကမ်း တည်ဆောက်ရေး လုပ်ငန်းတွေကို ၂ဝ၁ဝ ခုနှစ်ကနေ စတင် အကောင် အထည် ဖော်နေပြီးတော့ ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွင်းက လမ်းဖောက် လုပ်ခြင်းတွေကို အိန္ဒိယ ပုဂ္ဂလိက ကုမ္ပဏီ Ircon က တည်ဆောက်မှာပါ။ စစ်တွေဆိပ်ကမ်း တည်ဆောက်ရေး လုပ်ငန်းတွေကို ၂ဝ၁ဝ ခုနှစ်ကနေ စတင်အကောင်အထည်ဖော်နေပြီး ဒီစီမံကိန်းနဲ့အတူ စစ်တွေမြို့မှာ ဂိုဒေါင် ၂၉ လုံးကို တည် ဆောက်သွားမယ်လို့လည်း သိရပါတယ်။ နောက်ပြီး မြစ်ကြောင်းတလျှောက်ရှိဆိပ်ကမ်းငယ်လေး တွေမှာ အရေးပေါ် ဆေးခန်းတွေ ဖွင့်လှစ်ထားရှိဖို့လည်း ပါဝင်ပါတယ်။

ဒီစီမံကိန်းကြောင့် အိန္ဒိယဟာ ကုန်းတွင်းပိတ် အရှေ့မြောက်ပြည်နယ်တွေရဲ့ ပင်လယ်ထွက်ပေါက် ရရှိသွားမှာ၊
 ဖြစ်ပြီးတော့ အရှေ့တောင်အာရှနိုင်ငံတွေကို ထိတွေ့ဆက်ဆံဖို့ လမ်းပွင့်သွားမယ့် အကျိုးကျေးဇူးတွေ  ရရှိလာမှာ ဖြစ်ပါတယ်။ ဒီစီမံကိန်းကို အခြေပြုပြီး ရခိုင့်ကမ်းလွန် ပင်လယ်ပြင်ကနေ ထပ်မံထွက်ရှိမယ့် သဘာဝ ဓာတ်ငွေ့တွွေ ရယူတင်ပို့နိုင်ဖို့လည်း အိန္ဒိယက မျှော်မှန်းထားပါတယ်။ ဒီစီမံကိန်းကြောင့် အိန္ဒိယဟာ အကျိုးကျေးဇူး အတော်များများ ရရှိဖို့ အလားအလာရှိပေမယ့် မြန်မာပြည်သူတွေရဲ့ ဘဝကတော့ သိပ်ပြီး မျှော်လင့်လို့ ရမယ် မထင်ပါဘူး။ မြန်မာ့ စီးပွားရေး လေ့လာသုံးသပ်သူ တချို့ကတော့ အိန္ဒိယ အရှေ့မျှော်ဝါဒ နဲ့ ကုလားတန် စီမံကိန်းကြောင့် မြန်မာနိုင်ငံဟာ ကြားခံကုန်သွယ်ရေးကြောင့် တိုးတက်မူတွွေဖြစ်လာနိုင် တယ်၊ အိန္ဒိယ တိုးတက်လာရင်် မြန်မာဟာလည်း အလိုလိုလိုက်ပြီး တိုးတက်လာမယ်၊ဒေသခံပြည် သူတွေရဲ့  အလုပ်အကိုင် အခွင့်အလှမ်းတွေ ရလာမယ်လို့ ပြောဆို ကြတာတွေလည်း တွေ့ရပါတယ်။

လက်တွေ့မှာတော့့ ဒေသခံပြည်သူတွေ ရရှိတဲ့့ အလုပ်အကိုင် အခွင့်အလှမ်းဆိုတာက အုတ်ပြောင်း၊ သဲထမ်း အောက်ခြေ အလုပ်အကိုင်တွေပဲ ဖြစ်ပါတယ်။ နောက်ပြီး ပြည်တွင်းပြည်ပ စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့လည်း ဒီစီမံကိန်းအပေါ် ရွှေဂတ်စ်စီမံကိန်းတို့၊ ထားဝယ် ရေနက်စီမံကိန်းတို့လောက် စိတ်ဝင်တစား မရှိကြဘူးလို့ သိရပါတယ်။ စီမံကိန်းနဲ့ ပတ်သက်ပြီး လေ့လာစောင့်ကြည့်တဲ့ ရခိုင်မြစ်ချောင်းများ ကွန်ယက် ကတော့ ဒီစီမံကိန်းဟာ ဒေသတွင်း ပြည်သူတွေရဲ့ ဘဝကို ထိခိုက်စေနိုင်တယ်လို့ ပြောဆိုတာတွေ ရှိပါ တယ်။ အထူးသဖြင့်တော့ စီမံကိန်း ကြောင့် မြစ်ကြောင်းတလျှောက်ရှိ ဒေသခံပြည်သူတွေရဲ့ လက်ရှိ  နေ့စဉ်ဘဝ အလုပ်အကိုင််တွေ ပျက်စီး သွားနိုင်တယ်၊ သင်္ဘောကြီးတွေ ဝင်ထွက်သွားလာမှာ ဖြစ်တဲ့အတွက် မြစ်ကို မှီခိုပြီး လုပ်ကိုင် စားသောက်နေသူတွေရဲ့ ငါးဖမ်းလုပ်ငန်းတွေ ထိခိုက်လာနိုင်တယ်၊ စီမံကိန်းတည်ဆောက်တဲ့အခါမှာ လည်း နောက်ဆက်တွဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ မြေယာသိမ်းယူမှုတွေ၊ သဘာဝပတ်ဝန်းကျင်ထိခိုက် တာတွေ ရှိလာမယ်လို့ ဆိုပါတယ်။

ကုလားတန်မြစ်ကြောင်းတလျှောက်မှာ မြို့နယ် ၆ မြို့နယ်နဲ့ လူဦးရေ ၁ သန်းကျော် နေထိုင်ကြ ပါတယ်။

ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး သူတို့အဖွဲ့ရဲ့ တောင်းဆိုချက်ကတော့ဒီစီမံကိန်းဆောင်ရွက်တဲ့အခါ အများပြည်သူ ထင်သာမြင်သာ ရှိဖို့ လိုအပ်တယ်၊ ဒေသခံပြည်သူ တွေနဲ့ညှိနှိုင်း တိုင်ပင် ပူးပေါင်း ပါဝင်မှုတွေ ရှိရမယ်။ စီမံကိန်းရဲ့ အကျိုးကျေးဇူးတွေကို မဖွံ့ဖြိုးမတိုးတက်တဲ့ အသိုင်းအဝိုင်း တွေဆီ ဦးတည်ရမယ်၊ စီမံကိန်းမှာ ပါဝင်ပတ်သက်သူတွေ အားလုံး တာဝန်ခံမှု၊ တာဝန်ယူမှုတွေ ရှိရမယ်လို့ ဆိုပါတယ်။

စစ်တွေဆိပ်ကမ်း တိုးချဲ့တည်ဆောက်တဲ့အခါမှာ လက်ရှိအသုံးပြုနေတဲ့ စစ်တွေဆေးရုံကြီး၊ စာတိုကန် စစ်တွေ စျေးကြီးတွေ၊ အိမ်ရာတွေကို နေရာပြောင်းရွှေ့ရမယ်လို့ ပြောဆိုနေတာတွေလည်း ကြားသိရပါတယ်။ စစ်တွေ ဆေးရုံကြီးကိုတော့ အိန္ဒိယက ပြန်လည်တည်ဆောက်ပေးမယ်လို့ ဆိုကြပါတယ်။ နောက်ပြီးတော့ ဆိပ်ကမ်း တည်ဆောက်တဲ့ အခါ ပျက်စီးသွားမယ့် ရပ်ကွက်တွေကို လူအများ အနားယူဖို့ ပန်းခြံတွေဆောက ်လုပ် ပေးမယ် လို့လည်း သိရပါတယ်။ ဒါဟာ ဒေသခံပြည်သူတွေကို ငွေကြေးနည်းနည်းသုံးပြီး နှစ်သိမ့်လိုတဲ့ သဘောလို့ ယူဆရပါတယ်။ ကုလားတန်မြစ်ကြောင်းတလျှောက်မှာ မြို့နယ် ၆ မြို့နယ်နဲ့ လူဦးရေ ၁ သန်း ကျော် နေထိုင်ကြ ပါတယ်။ နောက်ထပ် ဒီစီမံကိန်းကြောင့် ဒေသခံပြည်သူတွေကို ဘယ်လို ရိုက်ခတ်မှု ရှိလာမလဲဲ ဆိုတာကတော့ ဆက်ပြီးလေ့လာစောင့်ကြည့်ရဦးမှာပါ။

အရှေ့မျှော်ဝါဒနဲ့ ကုလားတန် စီမံကိန်းကတော့ အိန္ဒိယ၊ မြန်မာ၊ ဒေသတွင်း နိုင်ငံတွေကို အပြောင်းအလဲတွေ ဖန်တီးလာဦးမယ်ဆိုတာ အသေအချာပါပဲ။ ဒီနေရာမှာ အိန္ဒိယအစိုးရအနေနဲ့ မြန်မာအစိုးရနဲ့ ပူးပေါင်း လုပ်ကိုင် ဆောင်ရွက်နေပေမယ့် မြန်မာ့ဒီမိုကရေစီအင်အားစုတွေ၊ ဒီမိုကရေစီနိုင်ငံတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ဒီမိုကရေစီမြတ်နိုးတဲ့ ပညာရှင်တွေက မြန်မာ့ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲဖို့အတွက် အခုထိ မျှော်လင့် တောင့်တ နေဆဲဖြစ်တယ် ဆိုတာပါပဲ။ အိန္ဒိယအနေနဲ့ တခုစဉ်းစားသင့်တာက မြန်မာနိုင်ငံမှာ ဒီမိုကရေစီ လွတ်လပ်ခွင့်တွေ အပြောင်းအလဲဲ မဖြစ်ဘဲ မြန်မာအစိုးရနဲ့ အကျိုးစီးပွားတခုထဲကို မျှော်ကိုးပြီး ရေရှည် လက်တွဲ လုပ်ဆောင်နေမယ်ဆိုရင်် အိန္ဒိယအကျိုးစီးပွားအတွက်ရော၊ မြန်မာပြည််အတွက်ပါဆိုးကျိုးရလဒ် တွေပဲဲ ဦးတည်သွား နိုင်ပါတယ်။ နှစ်နိုင်ငံ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ဆက်ဆံ ရေး၊နှစ်ဦးနှစ် ဖက် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးကို လိုချင်ရင် လက်ရှိ မြန်မာပြည်အပေါ် ထားရှိတဲ့ မူဝါဒတွေကို ပြန်လည်သုံးသပ်ဖို့လိုအပ် ဦးမှာပါ။ တရုတ်ကို အမီလိုက်ဖို့အတွက် အိန္ဒိယရဲ့ လုပ်ဆောင်နေမှုတွေဟာ သိက္ခာရှိတဲ့လုပ်ရပ်တွွေ အဖြစ် ရှုမြင်ကြည့်ဖို့တော့ ခက်ခဲပါတယ်။

ကနေ့အချိန်မှာ မြန်မာပြည်် အရှေ့ဘက်ခြမ်းမှာ တရုတ်စီမံကိန်းတွေကြောင့် ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို အိန္ဒိယအနေနဲ့ သင်ခန်းစာယူနိုင်ဖို့၊ သတိပြုမိဖို့လည်း လိုအပ်ပါတယ်။ တချိန်ချိန်မှာ ဒီလိုပဋိပက္ခတွေဟာ အိန္ဒိယဘက်ကိုလည်း ဦးတည်မသွားနိုင်ဘူးလို့ မပြောနိုင်ပါဘူး။ မြန်မာအစိုးရအနေနဲ့လဲည်း အိန္ဒိယက အရှေ့မျှော်ဝါဒ၊ တရုတ်က တောင်မျှော်ဝါဒဆိုပြီးတော့့ အပြိုင်အဆိုင်် သြဇာနယ်ပယ် ချဲ့ထွင််လာနေမှုအပေါ် ရေတို အကျိုးစီးပွား တခုထဲကိုပဲ ကြည့်ပြီး ဆက်ဆံနေရင်တော့ အင်အားကြီး နိုင်ငံတွေကြားမှာကြားညှပ်မည့် ကိန်း မလွဲဧကန် ရောက်လာမယ်လို့ သုံးသပ်မိကြောင်းပါ။

Most read this week