နယူးဒေလီ (မဇ္စျိမ) ။ ။ ၁၉၈၈ လူထုအုံကြွမှု အတွင်း အစိုးရဆန့်ကျင်ဆန္ဒပြသူ ၂၄ ဦးအား ကိုယ်တိုင် ပစ်သတ်ခဲ့ပြီး ၁ဝဝ ကျော် သတ်ဖြတ်ရာ၌ ပါဝင်ခဲ့သည်ဟု ဦးထူးထူးဟန်၏ ဝန်ခံဖြောင့်ချက် များကို ကိုးကား၍ သြစတြေးလျနိုင်ငံ AAP သတင်း ဌာနတွင် ဇူလိုင်လ ၁၈ ရက်နေ့ကတည်းက စတင် ဖော်ပြပါရှိခဲ့ပြီး ten NEWS, SBS ရုပ်မြင်သံကြား သတင်းများတွင်လည်း ထုတ်လွှင့်ပြသခဲ့ကြသည်။
အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ICC သို့ တက်ရောက်ရန် ရည်ရွယ်ချက်ဖြင့် မိမိကိုယ်ကို မြန်မာစစ်ရာဇဝတ် ကောင် အဖြစ် ထုတ်ဖော် ပြောဆို လိုက်သည့် အတွက် အတိုက်အခံ ဒီမိုကရေစီ အင်အားစုများ အကြားသံသယ ဖြစ်သူများ ရှိနေကြသလို မြန်မာအစိုးရကိုသာ အကျိုး ဖြစ်ထွန်းစေမှာလား ဆိုသော မေးခွန်းများထုတ်လာကြ သည်။
ထို့ကြောင့် သြစတြေးလျနိုင်ငံတွင် ၁၅ နှစ်ကြာ နေထိုင်လာခဲ့သည့် ဦးထူးထူးဟန်အား ၎င်း၏ဖြတ်သန်းမှုနှင့် ဤသို့လုပ်ရခြင်း၏ အကြောင်းရင်း၊ ရည်ရွယ်ချက်များ သိရှိနိုင်ရန် မဇ္စျိမသတင်းထောက် ကိုပေါက်ကဆက် သွယ် မေးမြန်းထားသည်။
Australian Associated Press – AAP သတင်း ရေးသားချက်အရ ကိုထူးထူးဟန်က ၈၈ အရေးအခင်း ကာလတုန်းက ဆန္ဒပြသူတွေကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ အထဲမှာ ပါဝင်ခဲ့တယ်၊ ၂၄ ယောက်ကို ကိုယ်တိုင် သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။
‘‘ဟုတ်ပါတယ်ခင်ဗျ။ ၂၄ ယောက် မကဘူးထင်တယ်၊ ၂၄ ယောက် ကျော်တယ်။ မှတ်မိတဲ့လူပေါ့။ ကျနော် နာမည်သိတဲ့ လူ၊ မြို့နယ်သိတဲ့လူ။ တကယ်တမ်း သတ်ခဲ့တာတော့ ၂၄ ယောက်ထက် မကဘူးပေါ့နော်။ သာကေတ ဟိုဘက် တံတားထိပ်၊ ဒီဘက်တံတားထိပ်မှာ ကျနော်တို့ တပ်မ ရ၇ နှစ်ခု ရှိတယ်။ ဒီဘက်မှာ ကျနော်တို့က MI-6 လျှို့ဝှက်ရုံး ထားထားတာလေ။ အဲဒီမှာ ကျနော်ကိုယ်တိုင် ပစ်သတ်တယ်။ ပစ်သတ်ပြီးတော့ ကျနော့်ရဲဘော်တွေကပဲ အလောင်းတွေကို မီးရှို့ပြီးတော့ ငမိုးရိပ်ချောင်းထဲ ပစ်ချတယ်။ အလောင်းဖျောက်တာပေါ့ဗျာ”
အဲဒီလူတွေရဲ့ စာရင်း ရှိသေးတယ်ဆိုတော့ အဲဒီစာရင်းကို ထုတ်ပြန်ဖို့ရှိလား ခင်ဗျာ့။
‘‘ကျနော်က ထုတ်ပြန်ထားပါတယ်။ AAP မှာ ပေးထားပါတယ်။ အွန်လိုင်းကနေ ကော်ပီးယူလိုက်လို့ ရပါတယ်။ ကျနော် သတ်ထားတဲ့ လူတွေရဲ့ မြို့နယ်တွေ၊ နာမည်တွေနဲ့ အသက်ဘယ်လောက် ရှိတယ်ဆိုတာတွေလည်း ပါတယ်။ နာမည်တွေကတော့ ဗမာလိုပဲ ကျနော် ရေးပေးထားပါတယ်။ ခင်ဗျား ပြန်ကြည့်လို့ ရတာပေါ့။ သာကေတတို့ ဘာတို့၊ ကြို့ပင်ကောက်တို့ အကုန်ပါတယ်’’
အဲဒီလူတွေက များသောအားဖြင့် ကျောင်းသားလူငယ်တွေပဲလား။
‘‘လူငယ်တွေပေါ့ဗျာ၊ ကျောင်းသားတွေပေါ့။ ပြီးတော့ နောက်ကနေ မာစတာမိုင်းလုပ်တဲ့ သူတွေပေါ့ဗျာ။ အဲဒီလို လူမျိုးတွေ ပါတယ်။ ကွန်မြူနစ် ဘက်ကနေ ဝင်လာပြီးတော့ ကျောင်းသားတွေကို မြှောက်ပေးတဲ့ လူတွေလည်း ပါတယ်။ အစုံပေါ့ဗျာ နော်။ ကျနော်ပြောတာ ၂ဝ ကျော်ထဲ မဟုတ်ဘူးဗျ။ ၁ဝဝ ကျော်တယ်ဗျ။ ကျနော် အမိန့်ပေးပြီးလို့ ကျနော့်အမိန့်နဲ့ သေသွားရတဲ့ သူတွေလည်း အများကြီးပဲ။ ကျနော် ကယ်လိုက်တဲ့ သူတွေလည်း အများကြီး ရှိတယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေက ကျနော့် ရပ်ကွက်ထဲက သူတွေ ဖြစ်နေတယ်။ သူတို့စာရင်းတွေကို ကြည့်လိုက်တဲ့ အချိန်မှာ ကိုယ်နဲ့ လမ်းအတူတူ၊ ကျောင်းတက်ခဲ့တဲ့သူတွေ၊ ကိုယ့်မိတ်ဆွေရဲ့ သားသမီးတွေ၊ သူတို့မိဘတွေကို ကျနော်သိတော့ တချို့လူတွေကျတော့ လွှတ်ပေးတယ် လေ။ တချို့ကျတော့ ကျနော် သတ်ပစ်တယ်။ တချို့ကိုကျတော့ ကျနော်ကိုယ်တိုင် မသတ်ဘူး။ ကျနော် အမိန့် ပေးလိုက်တာပေါ့။ ကျနော်က ကျောင်းသားတွေ ထဲမှာလည်း ခေါင်းဆောင်လုပ်နေတာကိုး။ကိုမိုးသီး တို့နဲ့ အတူတူလုပ်နေတာကိုး။ ၈၈ တုန်းက MI-6 ကနေ ကျနော်က တာဝန်ယူတယ်။ ပြီးတော့အဲဒီကနေ တဆင့် ကျောင်းသား သမဂ္ဂတွေကနေ သတင်းတွေကို ကျနော်က MI-6 ကို ပေးတယ်ပေါ့နော်’’
ကိုယ်ကိုယ်တိုင်သတ်တော့ ဘယ်လိုသတ်လဲ။
‘‘9mm နဲ့ပေါ့။ အဲဒီခေတ်က အရာရှိတွေကို ပေးထားတာကတော့ 9mm ၂ ခုရှိတယ်။ အတိုရှိတယ်၊ အရှည်ရှိတယ်။ ၉ မမ အတိုပေါ့။ အဲဒီဟာနဲ့ပဲ ကျနော်က ပစ်သတ်တာ။ သူတို့ကို မျက်နှာဖုံးစွပ်ထားတော့ နောက်ကနေ ပစ်တာ၊ သေမှန်းတောင် မသိဘူး။ နောက်ကနေ ပစ်တာဆိုတော့ နာကျင်မှု မရှိဘူးပေါ့ဗျာ။ သူတို့ခေါင်းကို သေနတ်နဲ့လည်း မထောက်ဘူး။ အဝေးကနေ ပစ်တာ။ အဲဒီနေရာမှာ ပွဲချင်းပြီးပါပဲ”
အဝေးကနေ ပစ်တယ်ဆိုတာက ဘယ်လိုလဲ။
‘‘သူတို့နောက်ကနေ ပစ်တာလေ။ သူတို့ခေါင်းကို သေနတ်ကြီးနဲ့ ထိလိုက် တေ့လိုက်မယ်ဆိုရင်သူတို့ ခံစားရမယ်။ တပေ အကွာလောက်ကနေ ပစ်တာပေါ့။ ၆ လက်မအကွာ၊ တပေ အကွာလောက်ကနေ ပစ်တာပေါ့။ သူတို့ကို မခံစားရအောင်ပေါ့နော်’’
ဘယ်သူက အမိန့်ပေးလို့လဲ။
‘‘ကျနော့်ကို အမိန့်ပေးတာကတော့ .. အင်း .. ဒါက ကျနော့်အကြောင်းကို ပြောပြတာလေ။ အခု ကျနော်တို့ ဘက်မှာလည်း ကျနော် အပါအဝင် ၉ ဦး ရှိတယ်။ ကျနော်တို့ MI 6 က လူတွေ ဒုက္ခသည်အနေနဲ့ ရောက် လာတာ။ အဲလိုမျိုးဆိုတော့ ကျနော်က သူများတွေကိစ္စ မပြောချင်တော့ဘူး။ ကျနော့်အရာရှိတွေ၊ ကျနော့်် တပည့်တွေအကြောင်း မပြောချင်တော့ဘူး။ ကျနော့်အကြောင်းပဲ ပြောချင်တယ်။ အမိန့်ဆိုတာက အထက်က လာတာပဲ။ အဲဒီအချိန်က ကျနော်အလုပ်နှစ်ခု လုပ်နေရတဲ့အတွက် အရမ်းပင်ပန်းတယ်။ တနေ့ကို ၄ နာရီ လောက်ပဲ အိပ်ရတယ်၊ ၃ နာရီလောက်ပဲ အိပ်ရတယ်။ ဦးနှောက် မှန်မှန်ကန်ကန်နဲ့ ဆုံးဖြတ်ချက် မရဘူး။ အဲဒီအချိန်မှာ အရမ်းရှုတ်ထွေးနေတဲ့ အချိန်။ ကျောင်းသားသမဂ္ဂမှာလည်း ကျနော်က အထွေထွေအတွင်း ရေးမှူး’’
ဘယ်ကျောင်းသား သမဂ္ဂလဲခင်ဗျာ့။
‘‘အဲဒီတုန်းက ကျနော်က ၉ တန်းနှစ်ဆိုတော့ အခြေခံ ကျောင်းသားသမဂ္ဂ ရဲတေဇတို့ ဘာတို့နဲ့ အတူတူပေါ့”
၉ တန်းဆိုတော့ ဘယ်အထကလဲ ခင်ဗျာ့။
‘‘ကျနော်က ၉ တန်းတော့ မဟုတ်ဘူးပေါ့။ ၉ တန်း ကျောင်းသားအနေနဲ့ ဒီကျောင်းသားထုထဲကိုဝင်လာတာ ပေါ့။ ၈၈ မှာ။ ကျနော်ကိုယ်ကျနော် ၉ တန်းကျောင်းသားပါ ဆိုပြီးတော့’’
အဲဒီတုန်းက အသက်ဘယ်လောက်ရှိပြီလဲ။
‘‘အဲဒီတုန်းက ကျနော်က ၂၂ လောက် ရှိပြီဗျာ့။ ၆၇ မှာ မွေးတာ’’
တောင်ဥက္ကလာပ ၉ တန်းကျောင်းသားအနေနဲ့ ဆိုတော့ တောင်ဥက္ကလာပ ကျောင်းသားလေးတွေက ဘယ်လိုလုပ် ယုံကြည်နိုင်မလဲ။
‘‘တောင်ဥက္ကလာပဆိုတာက ဒီလိုဗျာ့။ ကျနော်က အသက်လိမ်ထားတော့ ကျနော် ၁၈ နှစ်ပေါ့။ DSA မှာ ခုနှစ်တောင် မမှတ်မိတော့ဘူး။ ကျနော်က ၆၇ မှာမွေးတာ ၁၈ နှစ်ဆိုတော့ ခင်ဗျားဟာ ခင်ဗျားပေါင်းကြည့် တော့။ ကျနော်က သိပ်မမှတ်မိတော့ဘူး။ ကြာခဲ့ပြီ။ နှစ် ၂ဝ ကျော်ခဲ့ပြီ’’
DSA မှာ ဘယ်နှနှစ်လောက် တက်ခဲ့ရလဲ။
‘‘၂ နှစ်။ ကျနော်တို့က ၈ လရယ်၊ နောက် ၆ လကျတော့ MI ကိုရောက်တော့ ၆ လ သင်တန်း ထပ်ပေး တယ်ဆိုတော့ အားလုံးပေါင်း ၃ နှစ်ကျော်ပေါ့နော်။ ကျနော် MI 6 ကို ရောက်တဲ့အချိန်မှာ ၈၇ နှစ်ကုန် ဖြစ်နေပြီ။ ၈၈ အစမှာ ကျနော်က MI မှာ အရာရှိပေါက် ဖြစ်သွားပြီလေ။ ၈၈ ဖြစ်တော့ ကျနော်က အရာရှိ အနေနဲ့ တာဝန်ယူရပြီ ၂ ပွင့် ဖြစ်သွားပြီင်္။ အဲဒီတော့ ၈၈ မှာ ရဲက အားနည်းတော့ MI 6 တို့၊ MI 5 တို့၊ MI 9 တို့၊ MI 7 တို့ကို သုံးတယ်လေ။ ၄ ခုရှိတယ်။ ရန်ကုန်မှာသုံးတာ။ နယ်တွေမှာကျတော့ MI 11 တို့ဘာတို့ ဖြစ်ကုန်တယ်။ ရန်ကုန်မှာ သုံးတာက MI 5,6 မနော်ဟရီ၊ ရေကြည်အိုင်ကျတော့ MI 7,9 တို့ ဖြစ်ကုန်ပြီ’’
DSA မှာ ဘယ်ကျောင်းလဲ၊ တက်ခဲ့ရတာ။
‘‘အဲဒါကျတော့ ကျနော် ပြောလို့မဖြစ်ဘူးနော်။ ဘာကြောင့်လဲဆိုတော့ ကျနော့်မှာ ဒီမှာ ရဲဘော်တွေ တချို့ မိဘတွေက ဗမာပြည်မှာ ရှိနေတယ်။ သင်တန်းက နံပတ်စဉ်တွေ ပြောချလိုက်ရင် အကုန်လုံး ရှုပ်ကုန်မှာစိုးလို့ ပြောပိုင်ခွင့် မရှိဘူးနော်။ စိတ်တော့မရှိပါနဲ့’’
နှစ်ပေါင်း ၂ဝ ကျော်ကြာမှ ဘာကြောင့် ဖော်ထုတ်ရတာလဲ။
‘‘ကျနော်က တောက်လျှောက် လုပ်လာခဲ့တာ။ ထိုင်းမှာလည်း ရောက်တော့လည်း တော်တော်များများ ကျနော့်ကို သိပါတယ်။ ထိုင်းမှာဆိုရင်လည်း ကျနော်က အထွေထွေ အတွင်းအရေးမှူး လုပ်ခဲ့တယ်။ အဲဒီမှာ စပြီး ကျနော်နဲ့ စစ်အစိုးရနဲ့ စပြီး ပြဿနာတက်တယ်။ တက်တယ်ဆိုတာက ကျနော့်ကိုဘတ်ဂျက််ဖြတ် တယ်။ ထိုင်းရောက်ခါစက ကျနော်က ကော်ဆန်းတို့ ဘာတို့မှာ ဘိလပ်မြေတွေသယ်ပြီးတော့ အလုပ်တွေ ဝင်လုပ်ရ တယ်။ MI 6 တယောက် အနေနဲ့ ဘတ်ဂျက်မပေးဘူး။ ဘာကြောင့်လဲဆိုတော့ ပြည်တွင်းရေးက ဘာညာ၊ သံအမတ်တွေတောင် လခမရဘူး ဘာညာပေါ့။ ကျနော် ခေါင်းဆောင်ဖြစ်လာတဲ့ အချိန်ကျတော့ ကျနော့်ကို ဒေါ်လာ ၂၀၀၀၀ ထည့်ပေးတယ်။ ထည့်ပေးပြီးတော့ ကျနော့်ကို အလုပ်ခိုင်းဖို့ လုပ်တယ်။ ကျနော်က အဲဒီ ၂၀၀၀၀ စလုံးကို တပတ်အတွင်းမှာ သုံးပစ်လိုက်တယ်။ ပြီးတော့ သူတို့ကို ဖုန်းဆက်ပြီး ပြောလိုက်တယ်။ သူတို့က “ဘယ်မှာလဲ” ဆိုတော့ “ငါ .. ပတ်ပုန်းမှာ ချနေတယ်” လို့ ပြောလိုက်တယ်ဗျာ ပြီးရော။ အဲဒီလိုမျိုး ပြဿနာလေးတွေ ရှိတယ်။ အဲဒီလိုနဲ့ တဖြည်းဖြည်းနဲ့ ကျနော့်ကို သုံးလို့ မရတော့မှန်း သိလာတယ်။ မရမှန်းသိလာတော့ ကျနော့်ကို ခြိမ်းခြောက်တယ်။ “122 နဲ့ မင်းကို ဆွဲတော့မယ်၊ နိုင်ငံတော် ပုန်ကန်မှုနဲ့ မင်းကို ဆွဲမယ်၊ မင်းကို သေဒဏ်ချနိုင်တယ်” အဲလိုမျိုး ခြိမ်းခြောက်လာတော့ ကျနော်က **** ** လို့ပြောပြ လိုက်တယ်။”
‘‘ကျနော်က ထောင်လည်း ကျခဲ့ဖူးတာကိုး။ ထောင်ထဲမှာကတည်းက ကျနော်က တဖြည်းဖြည်း စိတ်ဓာတ်က
ပြောင်းလာပြီ။တကယ့်ဖြစ်ရပ်မှန် တိုက်ပွဲဝင်နေတဲ့ ကျောင်းသားလူငယ်တွေနဲ့ ကိုယ်က ရင်ဆိုင်ပြီးတော့ သွားခဲ့တော့ အရေးအခင်းတခုထဲတင် မဟုတ်ဘူး။ တချို့ကျောင်းသားတွေကျတော့ တကယ့်ကို ကိုယ်ကျိုး စွန့်ကြတာ။ အဲဒီလိုတွေ မြင်လာတဲ့ အချိန်မှာ ကိုယ်ချင်းစာလာတယ်။ ထောင်ထဲမှာ ၃ နှစ်ကျော်နေခဲ့တော့ ထောင်ထဲမှာလည်း ကျနော်က နိုင်ငံရေးတွေဘာတွေ လေ့လာခဲ့တယ်လေ’’ ထောင်ထဲမှာကတည်းကစိတ်က ပြောင်းလာတဲ့ သဘောပေါ့။”
‘‘ပြောင်းလာတယ်ဗျာ။ မလုပ်ချင်တော့ဘူး။ ထောင်က ထွက်လာပြီးတော့ ကျနော် တောင်းဆိုတယ်။ ကျနော့်ကို ရပ်ဆိုင်းပေးဖို့။ ဘာကြောင့်လဲဆိုတော့ ကျနော်က ထောင်ထဲမှာ အရိုက်ခံရတာကိုး။ ကျနော် MI 6 မှာ လုပ်နေတာကို ထောင်က အရာရှိတွေကို ပေးမသိဘူး။ ပေးမသိတော့ ကျနော့်ကို ကျောင်းသားပဲထင်တာ ပေါ့။ ကျောင်းသား ဆန္ဒပြတဲ့အထဲ ကျနော်လည်း ပါတော့ ပိတ်ရိုက်ခံရတာပေါ့။ ကျနော့်ကို VIP သဘောမျိုး မထားထားဘူး။ ထောင်ကထွက်လာတော့ ကျနော်က အရမ်းနစ်နာတော့ နစ်နာကြေး တောင်းလို့ရတာပေါ့ ဗျာ။ ထွက်လို့တောင် မရဘူး’’
ဒီလို ဖော်ထုတ်လိုက်တော့ ခိုင်လုံတဲ့၊ ခိုင်မာတဲ့ သက်သေခံ အထောက်အထား အနေနဲ့ရော ဘာတွေရှိထားလဲ။
‘‘ကျနော့်မှာ ဒီမှာ ၉ ယောက် ရှိတယ်။ သူတို့က လောလောဆယ်တော့ နာမည်မပြောပါနဲ့တဲ့’’
သူတို့အားလုံးက ဘယ်မှာနေကြတာလဲ။
‘‘ကျနော့်ဆီမှာ တယောက်ရှိတယ်။ Queensland မှာ၊ နောက် Western မှာ တယောက်ရှိတယ်။နောက်ပြီး တော့ မဲလ်ဘုန်းမှာ ၄ ယောက် ရှိတယ်။ ဆစ်ဒနီမှာ ၂ ယောက် ရှိတယ်။ ကျနော်အပါအဝင် ၉ ယောက်ပေါ့ နော်။ ဒီမှာရှိတယ်။ ကျနော်တို့အားလုံးက ကျောင်းသားဘက်ကနေ လာတာတွေ။ တချို့ကျတော့လည်း ထိုင်းနိုင်ငံမှာ နာမည်ကြီး သတင်းစာ ကျနော်တောင် မေ့နေပြီး.. အဲဒီသတင်းစာမှာ လုပ်လာခဲ့တာ။ လူကြီးပိုင်းတွေမှာ ကျနော့်ရဲ့ တပ်ကြပ်ကြီးတယောက် ပါတယ်။ ကျနော် နာမည် မသုံးချင်တော့ဘူး’’
ဒီ ၉ ယောက်ထဲမှာကော တခြားရာထူးအဆင့်တွေ ပါလား။
‘‘မပါဘူး ခင်ဗျာ့။ ကျနော်အကြီးဆုံးပဲ။ သူတို့ကို ကျနော်မေးကြည့်တယ်။ ကျနော် သွားမယ်၊သတင်းထောက် တွေနဲ့ စကားပြောတော့မယ် ဆိုပြီးတော့’’
သူတို့ကကော အဲဒါကို သဘောတူလားခင်ဗျာ့။
‘‘မတူဘူး၊ မတူဘူး။ သူတို့က စီးပွားရေးအရ အရမ်းအောင်မြင်နေကြပြီ၊ အိမ်တွေ၊ ကားတွေနဲ့။ အခု ၂ ယောက် ဖုန်းဆက်လာတယ်။ ဒီနေ့မှ ဖုန်းဆက်လာတယ်။ သူတို့က ကျနော်နဲ့ တွဲလုပ်ချင်တယ်ပေါ့။တယောက် ကတော့ မူးယစ်ဆေးဝါး စွဲနေပြီး၊ စိတ်ဓာတ်ကျတယ်ပေါ့။ သူလည်း လုပ်ခဲ့တာတွေ၊ ဒီမတရား လုပ်ခဲ့တဲ့ဟာတွေ၊ ကျနော့်လိုပေါ့။ စိတ်ကျရောဂါ ဖြစ်တယ်ပေါ့’’
အဲလိုလုပ်လိုက်တော့ သြစတြေးလျ အစိုးရအနေနဲ့ အရေးယူမှု၊ ရှိမယ်ဆိုတာကိုကော ကြိုတင်သိလား။
‘‘ဥပဒေတွေဘာတွေ ကျနော် နားမလည်ဘူးလေ။ ကျနော်က မစဉ်းစားဘူး။ ကျနော့်မှာလည်း ဒီမှာ မိန်းမနဲ့ ကလေးနဲ့။ ကလေး ၃ ယောက် ရနေပြီလေ။ ဒီမှာ ရတာ။ မိန်းမကိုလည်း ဒီမှာတွေ့တာ။ လာတုန်းကတော့ တယောက်ထဲလာတာ။ ကျနော့်မှာ ကလေးငယ်ငယ်ရှိတယ်။ နောက်တခု ပြန်စဉ်းစားတာက ကျနော် တယောက် ထဲ ကျနော့်မိန်းမနဲ့ အခု စကားမပြောဘာမပြော စိတ်ဆိုးတာပေါ့။ ကျနော့်မိန်းမကိုလည်း ကျနော် ဒီအတွင်းရေးကို မပြောပြခင် ကျောင်းသား
ခေါင်းဆောင်အနေနဲ့ ကျနော်က ပြောပြခဲ့တာ’
အခုတော့ကော သြစတြေးလျ ရဲဌာနက အရေးယူမှု တစုံတရာ ရှိနေပြီလား။
‘‘အခု ဘာအရေးယူမှုမှ မရှိသေးဘူးခင်ဗျာ့။ သူတို့ စောင့်ကြည့်နေတယ်ပေါ့’’
စောင့်ကြည့်နေတယ်ဆိုတာ ဘယ်လိုလုပ်သိသလဲ။
‘‘ကျနော့် ဖုန်းလိုင်းတွေ ဘာတွေကို အကုန်လုံး သူတို့ နားထောင်နေတယ်။ အဲဒီလောက်ကိုတော့ သိတာပေါ့။ ကျနော်လည်း ထောက်လှမ်းရေးက လာတာပဲ။ သူတို့ မပိုင်သေးတော့ ကျနော့်ကို ဖမ်းလို့ မရသေးဘူးဆိုတာ။ ကျနော် ဝန်ခံထားတာပဲ။ ဝန်ခံထားပေမယ့် ဒီနိုင်ငံရဲ့ ဥပဒေက မတူဘူးဗျ။ ဝန်ခံတိုင်းလည်း အရေးယူလို့ရတာ မဟုတ်ဘူး။ သူတို့က ထင်ချင်ထင်မယ်။ လိမ်ပြောတာလား။ ကျနော်က အရင်က နာမည်ကြီးတာကိုး”
လော်ဘီလိုက်လုပ်တာတွေလည်း ကြားရပါတယ်ခင်ဗျာ့။
‘‘ဒီသြစတြေးလျမှာ။ ကမ်ပိန်းတွေ၊ စီးပွားရေး ပိတ်ဆို့မှုတွေက ကျနော့်လက်ထက်မှာ ဖြစ်ခဲ့တာ။ ၂ဝဝ၃ မှာ တနိုင်ငံလုံးကို ခြေကျင်းကြီး ခတ်ပြီးတော့ တနိုင်ငံလုံးကို လျှောက်ခဲ့တာ၊ လူပေါင်း တသိန်းကျော်။ အဲဒါကို Documentary တောင် ရိုက်ထားတယ်။ အဲဒီတော့မှ နောက်မှ အမေရိကတို့ ဘာတို့ စပြီး အော်တာ။ ထိုင်းတို့
အော်တယ်။ စီးပွားရေး ပိတ်ဆို့မှု ဖြစ်တယ်ပေါ့ဗျာ။ Kevin Rudd ရော အကုန်လုံးက စိတ်မကောင်း ဖြစ်တာပေါ့ဗျာ။ မယုံကြဘူးပေါ့’’
Kevin Rudd က စိတ်မကောင်း ဖြစ်တယ်ဆိုတာကကော ဘယ်လိုလုပ် သိသလဲ။
‘‘ဒီနေ့ ပြောသွားတယ်လေ။ တီဗီချန်နယ်ထဲမှာ ပြောသွားတယ်။ ကျနော့်ကိစ္စကိ်ု သူ လေးလေးနက်နက် စုံစမ်းမယ်ပေါ့နော်။ ကျနော်နဲ့ သူနဲ့ တွေ့တဲ့ ပုံတွေကိုပါ ထည့်ရိုက်ထားတယ်။ ဒုဝန်ကြီးချုပ်က ဘာပြောလဲ ဆိုရင်တော့ ကျနော့်ကို ICC ပို့ဖို့အတွက် လုပ်တယ်။ ဥပဒေက မရှိပြန်ဘူး။ ကျနော်က ဒီ ၂ဝဝ၂ နောက်ပိုင်း ကျူးလွန်ခဲ့တာ ဖြစ်တဲ့အတွက် ၂ဝဝ၂ မှာ ဥပဒေသစ် လုပ်ထားတယ်။ ကျနော်က ၈၈နောက်ပိုင်းမှာဖြစ်ခဲ့တဲ့ အတွက် အကျုံးမဝင်ဘူးဖြစ်နေတယ်။ ဒါပေမယ့် ကျနော်က လူတွေကို သတ်ခဲ့ပေမယ့် ညှင်းဆဲနှိပ်စက်ပြီး သတ်ခဲ့တာ မဟုတ်ဘူး။
မြန်မြန်ဆန်ဆန်နဲ့ သေသွားအောင် မခံစားရအောင် သတ်ခဲ့တာဆိုတော့ပေါ့။ ကျနော့်ကို ICC ပဲ ပို့ပို့၊ ဘယ်ပဲပို့ပို့၊ သေဒဏ်ဘဲ ပေးပေး၊ ဗမာပြည်ပဲ ပြန်ပို့ပို့ ကျနော့်အနေနဲ့က ရယ်ဒီဖြစ်နေပြီ။ ကျနော်လုပ်ခဲ့ တဲ့အတွက် ခံရမှာဆိုတာ သိတယ်။ အဲဒီအတွက်လည်း ကြိုတင် ပြင်ဆင်ထားပြီးသွားပြီ။
ဒီလိုပြောကြခဲ့တာက ဘယ်လို ရည်ရွယ်ချက်နဲ့ အခုလိုမျိုး ထုတ်ဖော်ပြောကြားရတာပါလဲ။
“အား….ကျနော့်မိဘရယ်၊ ကျနော့်မိန်းမရယ် တဦးတည်း မျက်ရည်ကျနေတာ မဟုတ်ဘူး။ ဗမာပြည်မှာ ရှိတဲ့ မြောက်များစွာသော မိဘတွေ မျက်ရည်ကျနေတာ။ သားသမီးတွေ ပျောက်ဆုံးတယ်။ ထောင်တွေထဲမှာ ရှိသလိုလို၊ နယ်စပ်တွေမှာ ရှိသလိုလို။ အဲဒီတော့ ကျနော့်အနေနဲ့ ကျနော်သတ်ခဲ့တဲ့ အတွက် ဒါတွေဟာ အိမ်ပြန် မရောက်လာနိုင်တဲ့ ကျောင်းသားတွေဖြစ်တယ် ဆိုတာကို ပြောချင်တယ်။ ဘီင်္ဘီစီကနေ လွှင့်ခဲ့တယ်။ ကျနော် တောင်းပန်တယ်။ ကျနော့်မှာ အပြစ်ရှိတယ်။ လူတွေကိုလည်း လွှတ်ပေးနိုင်ရဲ့သားနဲ့ ကျနော် မလွှတ် ပေးခဲ့ဘူး။ အဲဒီအချိန်တုန်းက ကျနော်ကိုယ်တိုင်လည်း အရမ်းငယ်တယ်။ အရမ်း စိတ်လှုပ်ရှားတယ်။အလုပ် နှစ်ခုကို လုပ်နေရချိန်ဆိုတော့”
အလုပ်နှစ်ခုဆိုတာက ဘာကို ဆိုလိုတာလဲ။
“အကသမှာလည်း ကိုမိုးသီးဇွန်တို့နဲ့အတူ လုပ်နေတာလေ။ ကိုမိုးသီးဆိုရင် ကျနော့်ကို ကောင်းကောင်း သိပါတယ်။ ကျနော့်ကို မသိတဲ့လူ မရှိဘူးနော် အရေးအခင်းမှာ။ အိုးဝေအောင်တို့၊ ရဲတေဇတို့ဘာတို့ အခုအမေရိကမှာ ရှိပါတယ် ဒီကောင်တွေ။ ကျနော်နဲ့ အတူလုပ်ခဲ့တဲ့ ကောင်တွေ”
အခုလို လုပ်လိုက်တဲ့အတွက် ကိုယ်မျှော်မှန်းထားသလို ဖြစ်လာတယ်လို့ ပြောနိုင်မလားခင်ဗျာ့။ အခုဆိုရင် သုံးရက် ကြာပြီဆိုတော့။
“သုံးရက်တော့ကြာပြီ အခု ရဲက မဖမ်းသေးဘူးဆိုတော့ တခုတော့ရှိတာပေါ့ဗျာ အခုမှ ဇာတ်လမ်းကစတာ နော်။ ကျနော့်မှာလည်း အကြံတခု ရှိတယ်ဗျ။ ခင်ဗျားတို့ နောက်မှ ပြောလို့ရမယ်။ ဇာတ်လမ်းက အခုမှစတာ။ Just begin. Not finished yet. People think this is going to be finished, you know. ကျနော် ထောင်ထဲ ရောက်သွားတာနဲ့ ကျနော့်ကို အပြစ်ပေးလိုက်တာနဲ့ မပြီးဘူးဗျ။ ဇာတ်လမ်းက အခုမှစတာ ကျနော် အဲတာကို ပြောလို့မရဘူး။ ကျနော်လုပ်ရတာလည်း အကြောင်းတော့ရှိတယ်ဗျာ။ အဲဒီအကြောင်းကို ပြောပြပိုင်ခွင့်မရှိဘူး”
အကို့ ရည်ရွယ်ချက်က ဘာလဲခင်ဗျာ့။
“ကျနော့်ရည်ရွယ်ချက်က ICC ကို ရောက်ချင်တယ်။ ICC နဲ့ တန်းတူ စကားပြောချင်တယ်။ ဒါ ကျနော့် ရည်ရွယ်ချက်”
ဘာကြောင့် အဲဒီလို ပြောချင်တာလဲ ခင်ဗျာ့။ ဘာတွေ ပြောချင်တာလဲ ခင်ဗျာ့။
“ အဲဒီအချိန်ကျမှ ကြည့်ဗျာ။ အဲဒီအချိန်ကျရင် ကမ္ဘာ့မီဒီယာကို ကျနော် ရထားပြီ။ ကမ္ဘာတခုလုံးက မီဒီယာ
ရောက်လာပြီဆိုတော့ ကမ္ဘာ့မီဒီယာရဲ့ အားနဲ့ ကမ္ဘာမှာရှိတဲ့ သမ္မတတွေ၊ နိုင်ငံတွေမှာရှိတဲ့အကြီးအကဲတွေ အားလုံး ကျနော့်အကြောင်းကို သူတို့ ကြည့်မယ်လေ။ ကြည့်တဲ့အချိန်မှာ ကျနော်ပြောချင်တာကိုပြောလို့ရပြီ လေ”
ဒီမြန်မာစစ်အစိုးရအနေနဲ့ ၁၉၈၈ ကတည်းကစပြီးတော့ ကျူုးလွန်လာခဲ့တဲ့ အမှုတွေနဲ့ ပတ်သတ်ပြီးတော့ CoI လုပ်နေကြတာ ရှိပါတယ် ခင်ဗျာ့။ အကို့အနေနဲ့ တိုင်ပင်ညှိနှိုင်းမှုတွေရှိလား ခင်ဗျာ့။
“ကျနော် တယောက်ထဲ လုပ်တာကို။ ဘယ်သူမှ မတိုင်ပင်ပါဘူး”
ဘာ့ကြောင့် မတိုင်ပင်ခဲ့တာလဲ။
“နိုင်ငံတိုင်းမှာက ကျောင်းသား အတော်များများ အတွေးအခေါ်တွေ နောက်ဆုတ် ကုန်ကြတယ်။ စစ်အစိုးရကို
နှစ်ပေါင်းနှစ်ဆယ်ကျော်အော်လာတယ်။ ဘာမှ မပြောင်းလဲဘူး၊ သံရုံးတွေမှာ သွားအော် ဆန္ဒတွေပြ အခမ်း အနားတွေ လုပ်။ အချိန်တွေကုန်။ အလုပ်တွေပျက်၊ ငွေတွေကုန်ပြီးတော့ မီဒီယာမှာမပါ ဘာမှမပါ။ဆုံးရှုံးမှု တွေ ဒီမှာ တွေ့ရတယ်။ အဲဒီလိုတိုက်လို့ မရတော့ဘူးဆိုတာ ကျနော်က ပြချင်တာ။ လက်နက်ကိုင် တာကို ပြောတာ မဟုတ်ဘူးနော်။ ဒီပြင်နည်းနဲ့ တိုက်လို့ရတယ်။ မီဒီယာရဖို့အတွက်နည်းလမ်းတွေအများကြီးရှိ တယ်ဗျာ့။ မီဒီယာဆိုတာကလဲ ပိုက်ဆံရဖို့အတွက် အလုပ်လုပ်ကြတာ။ ခင်ဗျားက ထူးထူးဆန်းဆန်း လုပ်ပြရင် မီဒီယာက ခင်ဗျားဆီ ရောက်လာမှာပဲ”
အခုလုပ်တာ ဒီရည်ရွယ်ချက်နဲ့လား ခင်ဗျာ့။
“ဒါက ပြောလို့မရဘူး။ ဇာတ်လမ်းပြီးမှ ကြည့်ဆိုတာ အဲဒါပဲ။ ဒီ ကျနော့်ရဲ့ဦးတည်ချက်က ICC ရောက်ရင်
အောင်မြင်တယ်ပေါ့။ ဒီကြားထဲမှာ ကျနော့်ကို နားမလည်တဲ့ လူတွေက ပြဿနာရှာတယ်။ဗမာအဖွဲ့အစည်း တွေက ဖုန်းတွေ ဆက်တယ်။ နောက် ထိုင်းနိုင်ငံမှာရှိတဲ့ အကျဉ်းသား လွှတ်မြောက်ရေးအဖွဲ့တို့ဘာတို့က ကန့်ကွက်တယ်။ သူတို့က ကျနော့်ကို မယုံဘူး။ အရေးယူဖို့ အစိုးရက မယုံဘူး။ ဒီလူဟာ အပြစ်ရှိခဲ့တဲ့လူတ ယောက်ဖြစ်ချင်မှဖြစ်မယ် ငါတို့ကို လာလိမ်နေတာလားမသိဘူး။ နောက်တချက်ကလဲ အရမ်းအကြီးကြီးတွေ လုပ်ခဲ့တာတွေ ရှိခဲ့တာကိုး။ ကျနော့်မှာက အမကိုလည်း ထောင်ချတယ်။ အမေကိုလည်း ထောင်ချတယ်။ ကျနော်ကိုယ်တိုင်လည်း ထောင်ကျခဲ့တယ်။ ပေးဆပ်ခဲ့တာလည်း ရှိတယ်။ သိပ်ပြောလို့ မကောင်းဘူးနော်။ အဲဒါလောက်ကို မြင်စေချင်တယ်။ ကျနော့်ပန်းတိုင်လေးကို support လုပ်ပေးပါ။ အဲဒီကိုရောက်သွားရင် အကောင်ကြီးတွေနဲ့ စကားပြောတော့မယ်။ ဗမာပြည်ကို စီးပွားရေးပိတ်ဆို့မှုတွေလုပ်ပြီးတော့ ဘာမှ အက်ရှင် မပါပဲနဲ့ အချိန်တွေဖြုန်းနေတာ”
CoI ကိစ္စ လုပ်နေသူတချို့က ကိုထူးထူးဟန် အခုလို လုပ်လိုက်ခြင်းဟာ သူတို့ လုပ်ငန်းတွေကို အနှောက် အယှက် ဖြစ်စေနိုင်တယ်လို့ ထင်မြင်ချက်တွေရှိနေပါတယ်။ ဒါကို ဘယ်လိုဖြေရှင်းချင်ပါသလဲ။
“ ကျနော်က သူတို့အဖွဲ့ကိုတောင် မသိဘူးဖြစ်နေတယ်။ ကျနော်က တယောက်ထဲ အမြဲပြေးနေတာ။ကျနော့် ဟာတွေ ကို တချို့က လိုက်မမီဘူးဗျ။ ကျနော်က ဒီမှာရှိတဲ့ နိုင်ငံရေးသမားတွေ၊ ခေါင်းဆောင်တွေကို တန်းတူပြောနိုင်တဲ့ အဆင့်ရှိတယ်။ ဗမာတွေနဲ့ ပြောရတဲ့အချိန်မှာ အရမ်း အဟောင်းကြီးတွေ ဖြစ်နေတယ်။ ဗျူရိုကရက်တွေ များတယ်ဗျာ။ စုံစမ်းစစ်ဆေးရေးတွေ။ ကျနော်တို့မှာ အချိန် အဲလောက်မရှိတော့ဘူးဗျ”
အခု ဘရစ်ဘန်းမြို့မှာ ဘာအလုပ် လုပ်ကိုင်နေပါသလဲ။
“ကျနော်က ပန်းချီဆရာပါ။ ဆုတွေရတယ်။ မနှစ်က တသောင်းဆု ရတယ်လေ”
ပန်းချီဆွဲပြီး ရပ်တည်တာလား။
“ရောင်းရတဲ့ ပန်းချီတော့ မဟုတ်ဘူး။ ကျနော့်ပန်းချီကားတွေက စျေးအရမ်းကြီးတယ်။ တော်ရုံတန်ရုံလူ မဝယ်နိုင်ဘူး။ ကျနော့်ဟာ ကျနော် ဆွဲတယ်။ စိတ်ပြေလက်ပျောက် လုပ်တယ်။
မရောင်းရဘူးဆိုတော့ စားဝတ်နေရေးကို ဘယ်လိုဖြေရှင်းလဲ။
“ဆုတွေကတော့ ရတယ်ဗျာ။ ကျနော့်နံရံမှာ ဆုတွေကတော့ ပြည့်နေတာပဲ။ ၁၅ဝဝ၊ ၆ဝဝဝ၊ ၁ဝဝဝဝ အဲလိုမျိုး ရထားတာ”
ဒီမှာ ၁၅ နှစ် ကြာပြီဆိုတော့ အရင်တုန်းကရော ဘာတွေလုပ်ခဲ့လဲ။
“ရောက်ခါစကတော့ စာမတတ်တော့ ဂရေးဟွန်းမှာ အလုပ် ဝင်လုပ်တယ်။ စာတတ်တော့ ပန်းချီဆွဲတယ်ပေါ့။ အလုပ်တွေ တော်တော်များများ လုပ်ပါတယ်။ နိုင်ငံရေးလုပ်တယ်။ Kevin Rudd ဗမာပြည်သွားဖို့လည်း ကျနော် လုပ်ပေးလိုက်တာပဲ။ ကျနော်ဒီမှာ လော်ဘီလုပ်ထားတာ အများကြီးပဲ။ သတင်းစာတွေထဲမှာ ဗမာပြည်မသွားရင် မင်းငါ့ကို လိမ်တာပဲဆိုတဲ့အထိ ကျနော်က ပြောထားတယ်။ အတိုက်အခံဖြစ်နေတုန်းက မင်းနဲ့ငါနဲ့တွေ့တုန်းက မင်းငါ့ကို ဗမာပြည်သွားမယ်ဆိုပြီး ကတိပေးခဲ့တယ်။ မင်း ဝန်ကြီးဖြစ်လာတဲ့ အချိန်မှာ မသွားဘူးလို့ သတင်းစာမှာ ထုတ်တော့ သိပ်မကြာဘူး။ သူ သွားရတယ်။ တချို့တွေက မသိဘူး။ ကျနော်က အစိုးရက လူတွေနဲ့ တိုက်ရိုက် လုပ်နေတာ။ ခုကိစ္စလည်း လူတော်တော်များများက လိုက်မီမှာမဟုတ်ဘူး။ ဒါကြောင့် ကျနော် တောင်းပန်တယ်။ ပွဲပြီးတဲ့အထိ ကြည့်ပါ။ ခုတော့ လူယုတ်မာ၊ သစ္စာဖောက်ပေါ့။လူသတ် သမားပေါ့”
မြန်မာပြည်အရေးကိစ္စကို ICC ရောက်ရေး လုပ်တယ်ဆိုတော့ တကယ်ပဲ ရောက်သွားနိုင်တယ်ထင်လို့လား ခင်ဗျ။
“အခု ပြဿနာ အဲဒါ တက်သွားတာပေါ့။ ကြားထဲက နားမလည်တဲ့အဖွဲ့တွေက ကျနော့်ကို ကန့်ကွက်တယ်။ အဲတော့ အစိုးရက မဖမ်းရဲဘူးပေါ့။ ဖမ်းလို့ ICC ရောက်သွားရင် ကျနော် အောင်မြင်ပြီ”
မြန်မာပြည်အရေး ICC ရောက်ရေးကိစ္စ ကြိုးပမ်းနေကြတဲ့ အင်အားစုတွေ ရှိပါတယ်။
“ရှိတယ်ဆိုရင် ကျနော် အရမ်းစကားပြောချင်တယ်။ ဖြတ်လမ်းက ကျနော်က တက်တဲ့သဘော ဖြစ်နေတယ်။ သူတို့က လုပ်ထုံးလုပ်နည်းကြီးနဲ့ တက်တယ်ဆိုတော့ မရဘူး။ ဒုက္ခသည်တယောက်ကို ဘန်ကီမွန်းအနေနဲ့ စကားမပြောဘူး။ သူတို့ကို တွေ့ချင်တယ်ဆိုရင် ဖြတ်လမ်းက တက်ဖို့လိုတယ်”
ခုနက ၉ ယောက်က သြစတြေးလျမှာပဲ နေတာဆိုတော့ တခြားနိုင်ငံတွေမှာရော ရှိသေးလားဗျ။
“မမေးနဲ့တော့ဗျာ။ အဲလောက်ဆို ခင်ဗျား သဘောပေါက်ပြီ။ အားလုံးက ကျောင်းသားတွေပါပဲ။ ကျနော် အလုပ်လုပ်နေတယ်။ ကျနော့်ပန်းတိုင်ကို သွားမယ်။ ဒီလိုမျိုးဖြစ်သွားတယ်၊ လူသတ်ခဲ့တယ်ဘာညာ ဆိုတာကလည်း ကျနော့်ရဲ့ စတိုရီပေါ့။ ဒါပေမယ့် စတိုရီဆိုတာက စတိုရီပဲဖြစ်တယ်။ ထရူးစတိုရီက သပ်သပ်။ စတိုရီက သပ်သပ်”
ကိုထူးထူးဟန် သြစတြေးလျမှာ နေထိုင်စဉ် ဆေးကုသမှု ခံယူခဲ့ရဖူးတယ်လို့သိရပါတယ်။
“ကျနော်က ထောင်တွေထဲမှာ ရက်ရက်စက်စက် နှိပ်စက်၊ အရိုက်ခံထားရတာကိုး။ သာယာဝတီထောင်ထဲမှာ ကျနော် မရောက်ဖူးတဲ့တိုက်ခန်း မရှိဘူး။ သြစတြေးလျရောက်မှ စိတ်ကျရောဂါရတယ်။ အပြင်းအထန်တော့ မဟုတ်ဘူး။ တခါတလေ အိပ်ဆေးလေးဘာလေး သောက်တယ်။ နှစ်သိမ့်ဆွေးနွေး ပညာပေးမှု Counselling တွေ သွားတွေ့တယ်။ ကျနော် ဖြစ်ခဲ့တဲ့ အမှတ်သညာ memory တွေ ရှိခဲ့တာကိုး။ ကျနော်ဖြတ်သန်းခဲ့တဲ့လိုင်း တွေက အရမ်းမြင့်မားတော့ ဒီအမှတ်သညာတွေကို ပျောက်သွားစေချင်တယ်”
အခု ဆက်လက်ကုသမှု ခံယူနေဆဲပဲလား။
“ခုထက်ထိပေါ့။ ဒါပေမယ့် အခုက mentally fit ဖြစ်နေပြီလေ။ ဒါကြောင့် ဒါတွေ လုပ်နိုင်တာပေါ့။ ဦးနှောက် ပိုင်းဆိုင်ရာ ကောင်းလို့ ပန်းချီတွေ ဆွဲတယ်၊ ဆုတွေ ရတယ်။ အရူးတယောက်ကို ဆုမပေးဘူးဗျ။ အရူးတော့ မဟုတ်ဘူးဗျာ။ စိတ်ကျရောဂါတော့ ရှိတယ်။ စိတ်ပိုင်းဆိုင်ရာနဲ့ ဆေးကုသမှု ခံယူနေရတယ်။ ဒီနိုင်ငံက ပရီမီယာတွေတောင် ရှိတာ။ သူတို့ ထုတ်ပြောတယ်လေ။ စိတ်ကျရောဂါနဲ့ ရူးတာနဲ့ မတူဘူးဗျ။ ရူးတာက လုံးဝရူးသွားတာ။ ပတ်ဝန်းကျင်မှာ အဟောင်းကြီးတွေ ဖြစ်နေကြတယ်။ ကျနော့်တိုင်းပြည်အတွက်အရမ်း စိုးရိမ်တယ်”
နောက်ထပ် ဘာဆက်လုပ်ဖို့ အစီအစဉ်ရှိလဲခင်ဗျ။
“သူတို့ဖမ်းတာကို စောင့်နေတယ်။ ခုထက်ထိ လာမဖမ်းသေးဘူး။ ဖမ်းရင် ဥပဒေပညာရှင်နဲ့ သွားမယ်။ ICC ပို့ချင်လည်းပို့။ ဥပဒေမရှိဘူးဆိုရင်လည်း သူတို့သဘောပဲလေ။ မီဒီယာက ပြဿနာရှာမှာပေါ့။ ဒီနိုင်ငံမှာ ဒီလောက် လူတွေသတ်လာတဲ့ သူတယောက်ကို လက်ခံထားလားဆိုတာ ကမ္ဘာကြီးမှာရှိတဲ့ မီဒီယာမှာ အကုန်လုံး ပါသွားပြီ။ ပွဲပြီးတဲ့အထိ ကြည့်ပါလို့ အားလုံးကို ကျနော်ပြောပရစေ”