မြန်မာအစိုးရကို ဖိအားပေးဖို့ အိန္ဒိယကို အမေရိကန်က တိုက်တွန်း

မြန်မာအစိုးရကို ဖိအားပေးဖို့ အိန္ဒိယကို အမေရိကန်က တိုက်တွန်း
by -
မဇ္စျိမသတင်းဌာန

ချင်းမိုင် (မဇ္စျိမ) ။        ။ နိုင်ငံရေး အကျဉ်းသား များ လွှတ်ပေးရေးနှင့် မြန်မာ့ဒီမိုကရေစီ ခေါင်း ဆောင်  ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံဆွေး နွေးမှု ပြုလုပ်လာစေရေး မြန်မာအစိုးရကို ဖိအား ပေးရန် အမေရိကန်  နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က အိန္ဒိယနိုင်ငံကို တောင်းဆိုလိုက် သည်။

ကလင်တန်၏ အိန္ဒိယနိုင်ငံ သုံးရက်ခရီးစဉ်အတွင်း မြန်မာအစိုးရမှ လူ့အခွင့်အရေး ချိုးဖောက်မှုများသည် ဆိုးရွားလျက်ပင် ရှိနေသေးသည်ဟု  ဗုဒ္ဓဟူးနေ့တွင် ပြောဆိုခဲ့သည်။ အိန္ဒိယအစိုးရ အနေဖြင့်လည်း  မြန်မာ အစိုးရကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးရန် အားပေးတိုက်တွန်း သင့်သည်ဟုလည်း ပြောဆိုခဲ့သေးကြောင်း VOA သတင်းတရပ်တွင် ဖော်ပြသည်။

အမေရိကန်၏ အိန္ဒိယနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံရာ ဗဟိုချက် ဖြစ်သည့် Chennai တွင် ပြောကြားရာ၌  အိန္ဒိယခေါင်းဆောင်ပိုင်း အနေဖြင့် အာရှ-ပစိဖိတ် ဒေသတွင်းတွင် လူ့အခွင့်အရေး ချိုးဖောက်မှု ကိစ္စရပ်များနှင့် ပတ်သက်၍ တာဝန်ယူဖိအားပေး ဝေဖန်သင့်သည်ဟု ကလင်တန်က ဆိုခဲ့သည်။ အိန္ဒိယနိုင်ငံသည်ဒေသဆိုင် ရာ အနာဂတ်ကို အကောင်းဘက်သို့ ပြောင်းလဲ ပုံသွင်းပေးနိုင်သည့် အနေအထားရှိကြောင်း လည်းကလင်တန် က ထပ်လောင်း ပြောဆိုခဲ့သည်။

ကလင်တန်က အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး Nirumpama Rao၏ ဇွန်လအတွင်း ဒေါ်ဆောင်ဆန်းစုကြည်နှင့် ရန်ကုန်တွင် တွေ့ဆုံခဲ့မှုကို “ထူးခြားသော အခိုက်အတန့်” ဟု ချီးကျူးခဲ့ကာ နယူးဒေလီအစိုးရကို မြန်မာ့ လူ့အခွင့်အရေး အခြေအနေများ တိုးတက်လာရေးအတွက် ဆက်လက် ဖိအားပေး ဆောင်ရွက်သွားရန် တိုက်တွန်းခဲ့သည်။

အိန္ဒိယနိုင်ငံသည် ကနဦးတွင် ဒေါ်အောင်ဆန်းစုကြည်အား ခိုင်ခိုင်မြဲမြဲ ထောက်ခံ အားပေးခဲ့သော်လည်း လွန်ခဲ့သည့် ဆယ်စုနှစ်မှ စ၍ ယခင် မြန်မာစစ်အစိုးရနှင့် နီးစပ်သော ဆက်ဆံရေး ထူထောင်ခဲ့သည်။

အိန္ဒိယအစိုးရသည် အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက်မှ ခွဲထွက်ရေး သူပုန်များ ကိစ္စနှင့် ပတ်သက်၍လည်း မြန်မာနိုင်ငံကို ကူညီရန် စိတ်ဝင်စားကြောင်း ပြသခဲ့သည်။

ထို့ပြင် အိန္ဒိယနိုင်ငံ အနေဖြင့် မြန်မာ့ သဘာဝဓာတ်ငွေ့ကို စိတ်ဝင်စားမှု ရှိနေပြီး တရုတ်နိုင်ငံ၏မြန်မာနိုင်ငံ အပေါ် လွှမ်းမိုးလာမှုကိုလည်း တုံ့ပြန်ထိန်းကွပ်ရန် ကြိုးစားနေသည်ဟု VOA သတင်းတွင် ဖော်ပြထားသည်။

ကလင်တန်က အိန္ဒိယနိုင်ငံ၏ စီးပွါးရေးနှင့် မဟာဗျူဟာအရ မြန်မာနိုင်ငံနှင့် ဆက်ဆံရေး တိုးမြှင့်သည်ကို အမေရိကန်နိုင်ငံက သဘောပေါက် နားလည်သော်လည်း အိန္ဒိယနိုင်ငံ အနေဖြင့် မြန်မာအစိုးရကိုဒီမိုကရေစီ သို့  ရှေးရှုရန်နှင့် မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် မြန်မာနိုင်ငံကို ဖိအားပေးရန် တိုက်တွန်းပြောဆိုခဲ့သေးသည်ဟု အိန္ဒိယနိုင်ငံသတင်းဌာနများက ဖော်ပြကြသည်။

Most read this week