ထိုင်းနိုင်ငံအတွင်းရှိ တရားမဝင် ရွှေ့ပြောင်း အလုပ်သမားများအား ထိုင်းအစိုးရက တစ်လကြာ အလုပ်သမား မှတ်ပုံ တင်ခွင့် ပြုခဲ့သော်လည်း မှတ်ပုံတင်လက်မှတ် မပြုလုပ်နိုင်သည့် မြန်မာ အလုပ် သမား အနည်းဆုံး သိန်းချီ ကျန်ရှိနေနိုင် သေး ကြောင်း အလုပ်သမားရေးရာလေ့လာသူ များက ပြောသည်။
တရားမဝင် အလုပ်သမားများကို အလုပ်သမားမှတ်ပုံတင် ပြုလုပ်ရန် ထိုင်းအစိုးရက အကြိမ်ကြိမ် ဆောင်ရွက်ခဲ့ သော်လည်း ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၃ သန်းကျော်အထိ ရှိနိုင်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက ခန့်မှန်းထားသဖြင့် ယခု နောက်ဆုံး အကြိမ် မှတ်ပုံတင်ခွင့် ပေးသည့်တိုင် မှတ်ပုံ မတင်သူ များစွာ ကျန်ရှိနိုင်သေးသည်ဟု ပြောဆိုခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံအခြေစိုက် ရောင်ခြည်ဦးအလုပ်သမားအဖွဲ့မှ ကိုမိုးဆွေက “အခုက ၁ သန်းလောက်ထပ်လုပ် တယ်ဆိုရင်တောင်မှ၊ မလုပ်တဲ့သူက သိန်း ဂဏန်းတော့ ကျန်နိုင်သေးတယ်။ ထိုင်းနိုင်ငံမှာ မြန်မာ အလုပ်သမားချည်းပဲက ၃ သန်းဆိုပြီး ကျနော်တို့မှန်း ထားတာရှိတယ်၊ ဒီနှစ် ဖေဖော်ဝါရီ ကုန်အထိ တရားဝင်က ၁ သန်းကျော်တယ်၊ အခုက အတိအကျပြောဖို့တော့ ခက်နေသေးတယ်” ဟု ပြောသည်။
ဇွန်လ ၁၅ ရက်နေ့မှ ဇူလိုင် ၁၂ ရက်နေ့ထိ မြန်မာနှင့် လာအို၊ ကမ္ဘောဒီးယား နိုင်ငံသားများ အပါအဝင် အလုပ်သမားလက်မှတ်သစ် လျှောက်ထားသူပေါင်း ၈၂၈၁၈၃ ဦး ရှိပြီး၊ ယင်းအနက် မြန်မာအလုပ်သမား ဦးရေ ၅၅၂၂၈၉ ရှိသည်ဟု ထိုင်း အလုပ်သမားဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အလုပ်သမား လက်မှတ်ပြုလုပ်ရန် ကျန်ရှိနေသူများမှာ သတ်မှတ်ကုန်ကျစရိတ်ထက် ပိုမိုကုန်ကျခြင်း၊ အလုပ်ရှင်ငှားရမ်းခ ပေးဆောင်ရခြင်း၊ အာမခံပေးမည့် အလုပ်ရှင် သူဌေးမရှိခြင်း အပါအဝင် တခြားသော အခက်အခဲများကြောင့် လက်မှတ်မပြုလုပ်နိုင်သူများ ဖြစ်ကြောင်း မြန်မာနိုင်ငံသား အလုပ်သမားများက ပြောသည်။
“ဘတ်” ဟုခေါ်သည့် အလုပ်သမား လက်မှတ် လုပ်ရန် တရားဝင် သတ်မှတ်ထားသော ကုန်ကျစရိတ်မှာ ဘတ် ငွေ ၃၈၀၀ ဖြစ်သော်လည်း အလုပ်သမားများအနေဖြင့် အလုပ်ရှင်အမည်ခံခ အပါအဝင် ဘတ် ၆၀၀၀ ကျော် ကုန်ကျကြောင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ မြန်မာအလုပ်သမား တစ်ဦးက ပြောသည်။
“ကျနော်ဆို သူဌေးငှားခ ဘတ် ၁၅၀၀ ပေးရတယ်၊ အခုက သူဌေးငှားခက စျေးကြီးတော့ တော်တော်များများ မလုပ်ကြဘူး။ သူဌေးငှားခကို သက်သက်ကုန်နေတာ” ဟု ၎င်းက ဆိုသည်။
သူဌေးငှားခ ဆိုသည်မှာ မိမိ၏ တကယ့်အလုပ်ရှင် အစစ်အမှန်က အလုပ်ရှင် အမည်မခံပေးသဖြင့် တရားဝင်အလုပ်ရှင် အမည်ခံပေးသည့် ထိုင်းနိုင်ငံသားကို ပေးရသည့် အလုပ်ရှင်အမည်ခံခ ဖြစ်သည်။
ထိုင်းနိုင်ငံတောင်ပိုင်း ဖူးကက်ဒေသတွင်လည်း အလုပ်သမားလက်မှတ် လျှောက်ထားသူ ဦးရေ နည်းပါးကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအရေး ဆောင်ရွက်ပေးနေသည့် ပညာရေးနှင့်ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း(FED)မှ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က ဆိုသည်။
“အလုပ်သမားတွေက လက်မှတ်လုပ်တဲ့သူ နဲ့မလုပ်တဲ့သူဆိုရင် မလုပ်တဲ့သူကပိုများတယ်” ဟု၎င်းကပြောသည်။ ဖူးကက်တွင် မြန်မာအလုပ်သမား ၂ သိန်းကျော် ရှိကြောင်း ဖူးကက်မြို့တော်ဝန်က ပြောဆို သော်လည်း အလုပ်သမား လက်မှတ် ပြုလုပ်သူ ၅ သောင်း ကျော်သာရှိသည်ဟု ၎င်းက ဆက်ပြောသည်။
လက်မှတ်သစ်အတွက် သက်တမ်းတိုးပေးမည်ဟု ကောလာဟလသတင်းများ ထွက်ပေါ် နေသော်လည်း ထိုင်း အစိုးရအနေနှင့် သက်တမ်း တိုးပေးမည်မဟုတ်ကြောင်း တရားဝင် ကြေငြာပြီးဖြစ်သည်။
သက်တမ်း တိုးပေးပါကလည်း လျှောက်ထားမည့်သူနည်းပါးနိုင်ကြောင်း ဖူးကက်မှ မြန်မာအလုပ်သမား တစ်ဦးက ယခုလိုပြောသည်။ “ထပ်လုပ်မယ့် သူက နည်းမယ်။ အရင်ကလည်း အလုပ်သမားလက်မှတ်ကို လုပ်လိုက်တယ်၊ ဒါပေမယ့် ကိုယ့်လက်မှတ်ကို တခါမှ တောင်မမြင်ဖူးဘူး။ သူဌေးပဲ သိမ်းထားတာ။ ဒီအလုပ်မှာ အဆင်မပြေလို့ တခြား ပြောင်းရင်လည်း သူဌေးက အလုပ်သမား လက် မှတ် ပြန်မပေးဘူး။ လက်မှတ်လုပ်ရင်တော့ လစာ က ဖြတ်တာပဲလေ။”
ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့နှင့် အနီးဝန်းကျင်တွင်လည်း မြန်မာအလုပ်သမား ၂ သိန်း ကျော်ရှိရာ လက်မှတ်သစ် အတွက် လျှောက်လွှာတင်ထားသူ ဦးရေမှာ ၄ သောင်း ဝန်းကျင်သာရှိကြောင်းမြန်မာအလုပ် သမားများ ကွန်ယက်မှ တာဝန်ခံ ကိုစိုးက ပြောသည်။
ထို့အပြင် ထိုင်းအစိုးရ၏ စည်းကမ်း သတ်မှတ်ချက်များကြောင့်လည်း အလုပ်သမားလက်မှတ်လုပ်သူနည်း ရခြင်း ဖြစ်နိုင်ကြောင်း ၎င်းက ဆက်ပြောသည်။
“ထိုင်းအစိုးရက လက်မှတ် လုပ်ပြီဆိုလို့ရှိရင် အလုပ်ရှင်ကိုယ်တိုင်က အာမခံပေးရမှာတို့၊ နောက်ပြီး အစိုးရက သတ်မှတ်တဲ့ လုပ် ငန်းအမျိုးအစားတွေ ဆိုတာတွေက အလုပ်သမားတွေကို ချုပ်နှောင်သလိုဖြစ်တယ်၊ ဥပမာ - လက်မှတ်မှာ ပန်းရံအလုပ်လို့ရေး ထားရင် အပြင်မှာ စျေးရောင်းနေရင်လည်း ဖမ်းတာမျိုးတွေကို ပြောတာ” ဟု ကိုစိုးက ဆက်ပြောသည်။
တရားဝင် အလုပ်သမားလက်မှတ် ပြုလုပ်ရန် ဇူလိုင်လ ၁၄ ရက်နေ့ကို နောက်ဆုံးရက်အဖြစ် သတ်မှတ်ထားပြီး မှတ်ပုံမတင်သူများကို ဖမ်းဆီးနှိမ်နှင်း သွားမည်ဟု ထိုင်းအလုပ်သမား ရေးဝန်ကြီး ချလုံချိုင်းစီရီအွန်က ဇွန်လလယ်ပိုင်းက ပြောဆိုခဲ့သည်။ အလားတူ တရားမဝင် အလုပ်သမား ခိုင်းစေသည့်လုပ်ငန်းရှင်များကို လည်း ထိုင်းနိုင်ငံ၏ အလုပ်သမား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဟု သိရသည်။