သျှမ်းပြည်တောင်ပိုင်း မြန်မာတပ်စခန်းတခုအား သျှမ်းပြည် တပ်မတော် စီးနင်းတိုက်ခိုက်

သျှမ်းပြည်တောင်ပိုင်း မြန်မာတပ်စခန်းတခုအား သျှမ်းပြည် တပ်မတော် စီးနင်းတိုက်ခိုက်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်တောင်ပိုင်းသံလွင်မြစ်အနောက်ဘက် ကမ်းရှိ မြန်မာတပ်စခန်းတခုအားဒုဗိုလ်ချုပ်ကြီး ယွက်စစ် ခေါင်းဆောင်သည့် သျှမ်းပြည်တပ်မတော် RCSS/ SSA မှ တပ်ဖွဲ့တဖွဲ့က အလစ်ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့သော ကြောင့်  ၈ ယောက်ထက် မနည်း သေဆုံးသွားခဲ့သည်စုံစမ်းသိရှိရပါသည်။

“မြန်မာတပ်ရဲ့ လမ်းကင်းတပ်စခန်းကို သျှမ်းတပ်က ဝင်တိုက်တာ တနင်္လာနေ့ ညနေပိုင်းတုန်းက။ ဗမာတပ်ဘက် အများအပြားသေကြေဒဏ်ရတယ်။ သျှမ်းတပ်ဘက်ကလဲ သေတယ်ပြောတယ်” - ဟု မိုင်းပန်မြို့ခံတဦးက ပြောပါ သည်။

ဂျူလိုင် ၁၈ ရက် ညနေ ၄ နာရီခွဲခန့် သျှမ်းပြည်တပ်မတော် RCSS/SSA အင်အား ၃၀ ခန့်ရှိ တပ်ဖွဲ့ က မိုင်းပန်မြို့ အနီး ၁၄ မိုင်အကွာရှိ မြန်မာ့ လမ်းကင်းတဲ တပ်စခန်းအား အလစ် စီးနင်းတိုက်ခိုက်ခဲ့ကြောင်း၊ မြန်မာတပ်ဘက်မှ ၄ ယောက်သေ ၂ ယောက် ဒဏ်ရာအပြင်းအထန်ရှိသည့်အပြင် လမ်းလုပ်သား၂ ယောက် လည်း သေဆုံးကြောင်း၊ ထို့အတူ သျှမ်းပြည်တပ်မတော်ဘက်ကလည်း နှစ်ဦးသေဆုံးသည်ဟုလည်းလမ်းဗိုလ် အသိုင်းအဝိုင်းနှင့် နီးစပ်သည့် ပုဂ္ဂိုလ်တဦးက ယခုကဲ့သို့ပြောပြပါသည်။

“ဗမာဘက်က ၄ ယောက်သေတယ်။ နဖူးတွေ၊ ခေါင်းတွေချည်းထိတာ၊ တယောက်ကလည်ပင်းပြတ်လု နီးနီးဘဲတဲ့။ လာတိုက်တဲ့ သျှမ်းသူပုန်ဘက်ကလဲ နှစ်ယောက်ကျတယ်ပြောတယ်”

သေဆုံးသွားသည့် မြန်မာစစ်သား ၄ ယောက်မှာ တပ်ကြပ်ကြီး စောသိန်းညွှန့်၊ တပ်ကြပ်ကျော်ဌေး၊ဒုတပ်ကြပ် မျိုးမြင့် အောင်၊ တပ်သားအောင်သန်းထွန်း နှင့် ဒဏ်ရာအပြင်းအထန်ရ ရဲ့ဘော် ၂ ယောက်မှာ တပ်သား မောင်ဆန်း၊ တပ်သား နွယ်နွယ်အောင် တို့ ဖြစ်ကြောင်း၊ လမ်းလုပ်သားနှစ်ဦးလည်း အဆိုပါတိုက်ခိုက်မှု တွင်သေဆုံးသွားကြောင်း၊ သျှမ်းပြည်တပ် မတော်ဘက်ကလည်း နှစ်ယောက်ကျဆုံးကြောင်း အဆိုပါမိုင်းပန် ဒေသခံက ပြောသည်။

အဆိုပါတိုက်ပွဲကိစ္စနှင့်ပတ်သက်၍ သျှမ်းပြည်တပ်မတော် ပြောရေးဆိုခွင့်အား သျှမ်းသံတော်ဆင့်မှဆက်သွယ် မေးမြန်းသော်လည်း တစုံတရာ အတည်ပြုပြောဆိုခြင်းမရှိပေ။

ထို့အတူ ယခုလ ၉ ရက်နေ့ကလည်း လွယ်လင်မြို့နယ် မိုင်းပွန်မြို့နှင့် လွယ်လင်မြို့အကြားခေါင်းနွဲ့ တောင်ကြား တောင်နောဝ့်ကျေးရွာအနီး သျှမ်းပြည်တပ်မတော်၏ခြုံခိုတိုက်ခိုက်မှုကြောင့် ရဲ၊ အကျဉ်းသားနှင့် ကားသမား စုစုပေါင်း လူ ၉ ဦးထက်မနည်းသေဆုံးခဲ့သည်။