ချင်းမိုင် (မဇ္စျိမ) ။ ။ ထိုင်းနိုင်ငံတွင် တရားဝင် အသိအမှတ်ပြု မြန်မာရွှေ့ပြောင်းအလုပ်သမား ၁.၄၅ သန်းကျော် ရှိသွားပြီဖြစ်သော်လည်း မှတ်ပုံမတင်ရ သေးသူ အများအပြား ရှိသေးကြောင်း မဟီဒေါ တက္ကသိုလ် လူဦးရေနှင့် လူမှုရေး သိပ္ပံဌာနမှ နိုင်ငံ ခြားရေးရာ ကျွမ်းကျင်သူ အန်ဒီဟော Andy Hall က ပြောသည်။
“ဒီကိစ္စက ခန့်မှန်းပြောဆိုဖို့ ခက်ပါတယ်။ ဒါပေမဲ့ မြန်မာ ၂ သန်းလောက် ရှိနေတယ်ဆိုတာတော့ အခု တရားဝင် စာရင်းတွေအရ သိနေရပါပြီ။ ခန့်မှန်းချေ ၅ သိန်းလောက် မှတ်ပုံမတင် ရသေးတာ ရှိချင်ရှိမယ်။ ဒါကလည်း အတိအကျ မသိနိုင်ပါဘူး” ဟု Andy Hall က မဇ္စျိမကို ပြောသည်။
ဇူလိုင် ၁၄ ရက်နေ့ အဆုံးသတ်ခဲ့သော တလကြာ တရားမဝင် လုပ်သားများ မှတ်ပုံတင်ခွင့် ပြုခဲ့ချိန်အတွင်း လျှောက်ထားသူ ၆ သိန်း ၄ သောင်းကျော်ရှိကာ ယခင်နှစ်များတွင် မှတ်ပုံတင်ထားသူ ၈ သိန်းကျော် ရှိခဲ့သည်။
မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား ၃ နိုင်ငံမှ ရွှေ့ပြောင်းလုပ်သားပေါင်း ၉၈၄, ၅၄၅ ဦး မှတ်ပုံတင်ကြသည့် အထဲ၌ မြန်မာနိုင်ငံသား ၆၄၃, ဝ၉၂ ဦး ပါဝင်ပြီး လာအိုနိုင်ငံသား ၁ဝ၂, ၈၅၄ ဦးနှင့် ကမ္ဘောဒီးယား ၂၃၈, ၅၈၆ ဦးသာ ရှိသည်။
ဘန်ကောက်မြို့ အခြေစိုက် လူအခွင့်အရေး တိုးတက်ရေးအဖွဲ့ HRDF ၏ အကြံပေး ပုဂ္ဂိုလ်လည်းဖြစ် သူ Andy Hall က ထိုင်း-မြန်မာ အစိုးရများက တရားဝင် မှတ်ပုံတင်နိုင်ရန် ထပ်မံခွင့်ပြုခဲ့သည်မှာ အပြုသဘော ဆောင် သည် ဟု ဆိုပြီး၊ “အလုပ်တွေအနေနဲ့ ကိုယ့်ကိုယ်ကို ပိုယုံကြည်လာမယ်၊ လုံခြံုမှု ပိုရှိလာမှာဖြစ်တယ်။ သန်းနဲ့ချီပြီး မှတ်ပုံတင်ပြီးတယ် ဆိုတော့ ဒီလုပ်ငန်းအောင်မြင်တယ်လို့ ဆိုရမှာပေါ့” ဟု ဆိုသည်။
တနှစ်သက်တမ်းအတွက် ဒေသန္တရနှင့် လုပ်ငန်း အမျိုးအစားပေါ် မူတည်၍ ကျန်းမာရေး စစ်ဆးခ၊ ကျန်းမာရေး အာမခံခ၊ အလုပ်လုပ်ခွင့် တို့အတွက် ထိုင်းဘတ်ငွေ ၂၉၈ဝ နှင့် ၃၈၈ဝ အကြား အလုပ်သမားက ကျခံရမည်ဟု တရားဝင် သတ်မှတ်ထားသည်။
အလုပ်သမားများနှင့် အလုပ်သမားအရေး ဆောင်ရွက်သူများကမူ ကြားပွဲစားများနှင့်သာ လုပ်ရသဖြင့် အနည်းဆုံး ဘတ် ၆ဝဝဝ ခန့် ကုန်ကျခြင်း၊ အလုပ်ရှင်များက မှတ်ပုံမတင်စေလိုခြင်းနှင့်လုပ်ငန်းစဉ်ရှုပ် ထွေးခြင်း တို့ကြောင့် မှတ်ပုံမတင်သေးသည့် အလုပ်သမားများ ရှိနေရသည်ဟု ပြောဆိုကြသည်။
မြန်မာရွှေ့ပြောင်းလုပ်သားများတွင် မြန်မာနိုင်ငံသား ဖြစ်ကြောင်း စိစစ်ပြီး၍ ယာယီ မြန်မာနိုင်ငံကူး လက်မှတ် ရှိပြီးသူ၊ နိုင်ငံသားဖြစ်ကြောင်း စိစစ်ရန် ပုံစံတင်ထားသော်လည်း အလှည့်မကျသေးသဖြင့် စောင့်နေရသူ၊ ထိုင်းနိုင်ငံတွင် တရားဝင် အလုပ်လုပ်ခွင့် လျှောက်ထားပြီးသော်လည်း နိုင်ငံသား စိစစ်ရန် ပုံစံကိုပင်မတင်ရ သေးသူ ဟူ၍ ၃ မျိုး ရှိနေသည်။
တရားဝင် လုပ်ကိုင်နေသော မြန်မာ ၁.၄၅ သန်းအနက် ယာယီနိုင်ငံကူး လက်မှတ် ရှိပြီးသူ ၅ သိန်းခန့်ရှိပြီး ကျန် ၉ သိန်းခန့်မှာ နိုင်ငံသား စိစစ်မှု မပြီးသေးကြောင်း Andy Hall က ပြောသည်။
ယာယီ မြန်မာနိုင်ငံကူး လက်မှတ်အတွက် မြန်မာဘက်ကို ငွေကျပ် ၃ဝဝဝ နှင့် ထိုင်းဗီဇာကြေး ဘတ် ၅၀၀ သာ ကုန်ကျရမည် ဖြစ်သော်လည်း ပွဲစားကုမ္ပဏီများဖြင့်သာ လုပ်ကိုင်ကြမှသာ အဆင်ပြေသဖြင့် ဘတ်ငွေ ၆၀၀၀ မှ ရ၀၀၀ ကြား ကုန်ကျလေ့ ရှိသည်။
မြန်မာနိုင်ငံ ဒုနိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်က သူ၏ ဇွန်လ ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း ထိုင်းအလုပ်သမား ဝန်ကြီးဌာန တာဝန်ရှိသူများနှင့် ဆွေးနွေးပြီးနောက် ယခင်က ယာယီနိုင်ငံကူး သက်တမ်းကို ၃ နှစ်သာ
ပေးခဲ့သော်လည်း ဇူလိုင် ၁ ရက်နေ့တွင် စတင်လျှောက်သူများကို သက်တမ်း ၆ နှစ်အထိ ပေးရန်သဘောတ ူညီခဲ့သည်။
တရားမဝင် အလုပ်သမားခိုင်းသည့် လုပ်ငန်းရှင်ကို အလုပ်သမားတဦးအတွက် ဘတ်ငွေ တသောင်းမှတသိန်း အထိ လည်းကောင်း၊ အလုပ်သမားအား ၂,၀၀၀ မှ တသိန်းထက် မပိုသော ဒဏ်ငွေ သို့မဟုတ် ၅ နှစ်ထက် မပိုသော ထောင်ဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်ပေါင်း ပြစ်ဒဏ်ချမှတ်မည်။ သို့သော် ပုံမှန်အားဖြင့်အလုပ်သမား များကို ဖမ်းဆီး၍ မြန်မာဘက်သို့ ပြန်ပို့လေ့ရှိသည်။
ခိုးဝင် လုပ်ကိုင်နေသူများ အပါအဝင် ရွှေ့ပြောင်းမြန်မာလုပ်သား အရေအတွက်မှာ တိတိကျကျ မသိနိုင်ချိန်မှာ ဝင်ရောက်မှု ပိုမိုတိုးပွားလာနေပြီး ၃ သန်းနီးပါးပင် ဖြစ်နိုင်သည်ဟု ခန်မှန်းမှုများလည်း ရှိသည်။