အမည်ခံ အရပ်သား အစိုးရသစ် တက်လာပြီး ရက်ပေါင်း ၁ဝဝ မပြည့်မီပင် မြန်မာအစိုးရတပ်နှင့် နယ်ခြားစောင့်တပ် အသွင်ပြောင်းမှုကိုငြင်းဆန်ခဲ့ကြ သည့် ကရင်၊ ကချင်နှင့် ရှမ်းတိုင်းရင်းသားလက်နက် ကိုင် တပ်ဖွဲ့များ အကြား တိုက်ပွဲများ ဖြစ်ပွားလာခဲ့ သည်။
ရှမ်းပြည်နယ် အတွင်း၌ ဇူလိုင်လ ၁၁ရက်နေ့မှ စတင်ကာ ရှမ်းပြည် တပ်မတော်-မြောက်ပိုင်း တပ်များနှင့် အစိုးရတပ်တို့အကြား တိုက်ပွဲများ ပိုမိုပြင်းထန်လာသည်။ ပေါက်ကွဲမှုအားပြင်းထန်သည့်လက်နက်ကြီး များကိုပင် အသုံးပြုကာ တိုက်ပွဲများ ဆင်နွှဲနေကြသည်။
ရှမ်းပြည်တပ်မတော်-မြောက်ပိုင်းတပ်၏ နိုင်ငံရေးဦးဆောင် ရှမ်းပြည်တိုးတက်ရေး ပါတီ၏ ဝမ်ဟိုင်း ဌာနချုပ် အနီးအထိ တိုက်ပွဲများ ဖြစ်ပွားလာသဖြင့် ဝမ်ဟိုင်း ကျေးရွာအပါအဝင် ရွာပေါင်း ၂ဝ ကျော်မှ ရွာသူ ရွာသား ထောင်နှင့်ချီ၍ အိုးအိမ်၊ လယ်မြေများကို စွန့်ခွာကာ ဘေးလွတ်ရာသို့ ရွှေ့့ပြောင်း နေထိုင်နေကြရသည်။ သွားလာဆက်သွယ်ရန် ခက်ခဲသော ဒေသများ ဖြစ်သောကြောင့် ကူညီသူမရှိပဲ ဖြစ်နေကြသည်။
၎င်းတိုက်ပွဲ အခြေအနေများ၊ ဒုက္ခသည် အခြေအနေများကို သိနိုင်ရန် မဇ္စျိမ သတင်းထောက် ကျော်ခက ရှမ်းပြည် တိုးတက်ရေးပါတီ ဗဟိုကော်မတီဝင် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလှကိုဆက်သွယ်မေးမြန်း ထားသည်။
ရှမ်းပြည်တပ်မတော်နဲ့ မြန်မာအစိုးရ စစ်တပ်တွေကြားမှာ ၁၁ ရက်နေ့ကနေစပြီး တိုက်ပွဲတွေ ဆက်တိုက် ဆိုသလို ဖြစ်နေတယ်ဆိုတော့ အခု နောက်ဆုံး အခြေအနေ ပြောပြပါဦး။
တိုက်ပွဲက ပိုပြင်းလာတယ်။ မနေ့ကဆိုရင် ကျနော်တို့ ဝမ်ဟိုင်း ဌာနချုပ်နားကို ချဉ်းကပ်လာနေတဲ့ မြန်မာ အစိုးရ စစ်တပ်နဲ့ ကျနော်တို့ ဝမ်ဟိုင်း ဗဟိုလုံခြံုရေး တပ်တွေ ကျေးသီးနဲ့ မိုင်းရယ် မြို့နယ်တွေထဲမှာ တိုက်ပွဲတွေ ၄ နေရာတောင် ဖြစ်တယ်။
ကျနော်တို့ကတော့ ဝမ့်ဟိုင်း ဗဟိုလုံခြံုရေး တပ် တွေက ခံစစ်အနေအထားနဲ့ တိုက်နေတာပါ။
ဗဟိုဌာနချုပ်ရဲ့ အနောက်မြောက်ဘက် ၅ မိုင်လောက်ဝေးတဲ့ နေရာမှာရှိတဲ့ ကျေးသီးမြို့နယ်ထဲက ဝမ့်မုရွာ နားမှာ တစ်ပွဲဖြစ်တယ်။ နောက်တနေရာက ကျေးသီးမြို့ရဲ့ အနောက်မြောက်ဘက် ၈ မိုင်လောက်ဝေးတဲ့ ပန်စဲယ်ရွာမှာ ရယ်။ နောက်ပြီးတော့ မိုင်းရယ်မြို့ရဲ့ အရှေ့ဘက် ၈ မိုင်လောက်ဝေးတဲ့ မိုင်းရယ်၊ ဝမ်ဟိုင်း၊ မိုင်းရှုးကားလမ်းပေါ်မှာ ဖြစ်တာ။ နောက် မိုင်းရယ်ရဲ့တောင်ဘက် ရ-၈ မိုင်လောက်ဝေးတဲ့ နမ်းဖူးဖလံရွာဝန်း ကျင်မှာ ဖြစ်တယ်။ တိုက်ပွဲက ပြင်းထန် တယ်ခင်ဗျ။
ကျေးသီးမြို့နယ်ထဲမှာတော့ စကခ ၂ လက်အောက်ခံတပ်တွေနဲ့ဖြစ်နေပြီးတော့ မိုင်းရယ်မြို့နယ်ထဲကျ နေတော့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်တွေနဲ့ ဖြစ်နေတာပေါ့။ ကျနော်တို့ကတော့ ဝမ့်ဟိုင်း ဗဟိုလုံခြံုရေးတပ်တွေက ခံစစ်အနေအထားနဲ့ တိုက်နေတာပါ။
တိုက်ပွဲပြင်းထန်တယ် ဆိုတာက ဘယ်လိုမျိုးပြင်းထန်တာလည်းခင်ဗျ။ လက်နက်ကြီးတွေသုံးပြီး တိုက်နေကြတယ်လို့လည်း ကြားမိတယ်။ ဘယ်လို တိုက်ကြတာလဲ ခင်ဗျ။
အစိုးရတပ်တွေကတော့ မြေပြင်ကနေ လက်နက်ငယ်တွေနဲ့ ဝင်တာရှိသလို့ ၁၂ဝ မမ၊ ၈၁ မမ (လက်နက်ကြီး) တွေနဲ့လည်း ပစ်တာရှိတယ်။ ကျနော်တို့ကတော့ ခံစစ်အနေနဲ့ပြန်တိုက်နေရတယ်။ ကျနော်တို့ ဘက်ကလည်း လက်နက်ကြီး လက်နက်ငယ်တွေ သုံးပြီးပြန်ပစ်ပါတယ်။ ၆ဝ မမတို့၊ ၅၇ မမ တို့သုံးပြီး ပြန်ပစ်တယ်။ ဖြစ်တဲ့ ၄ နေရာစလုံးမှာပဲ။
မြန်မာအစိုးရတပ်တွေက ဝမ့်ဟိုင်းဘက်ကို ချဉ်းကပ်လာနေတယ်ဆိုတော့ ဝမ့်ဟိုင်း ဌာနချုပ်ကို သိမ်းချင်တဲ့ သဘောများလား ခင်ဗျ။
သူတို့ဘက်က တိုင်းမှူး အောင်သန်းထွဋ်ကိုတိုင် ညွန်ကြားချက်ပေးထားပြီလေ။ ၁၆ ရက်နေ့ကနေ စပြီးတပတ် အတွင်း ဝမ်ဟိုင်းကို သိမ်းဖို့ပေါ့။ အခု ၃ ရက်ရှိပြီ မသိမ်းနိုင်သေးဘူး။
ရှမ်းပြည် တပ်မတော်ဘက်က အခြေအနေကရော ဘယ်လို ပြင်ဆင်တာမျိုးတွေရှိလဲ ခင်ဗျ။
အခုတော့ ကျနော်တို့ တတ်နိုင်သလောက်တော့ ခုခံသွားမှာပဲလေ။ ဒါပေမယ့် ရေရှည်တော့ လချီပြီးတော့ ခံစစ် မလုပ်ပါဘူး။ ကျနော်တို့ လုပ်ရိုးထုံးစံလည်း မရှိပါဘူး။ ကျနော်တို့အတွက် အကျိုးမရှိဘူးပေါ့။
တိုက်ပွဲအနေအထားက ၂ ဘက်စလုံး လက်နက်ကြီးတွေသုံးပြီး တိုက်တယ်ဆိုတော့ ၂ ဘက် အကျအဆုံး၊ ဒဏ်ရာရတာတွေကော ဘယ်လောက်ရှိဗျ။
တိုက်ပွဲတွေက အပြင်းအထန် ဖြစ်နေတော့ ရွာထဲတွေ ကျတာတွေလဲရှိသလို ၂ ဘက် အသေအပျောက် ရှိနိုင်ပါတယ်။ ဒါပေမယ့် လောလောဆယ် အနေအထားမှာ စာရင်းအတိအကျ မရနိုင်သေးပါဘူး။
ဗိုလ်မှူးတို့ ၂ ဘက်လုံးက ဒီလိုလက်နက်ကြီးတွေ သုံးပြီး တိုက်နေကြတယ်ဆိုတော့ ဒေသတွင်းမှာရှိတဲ့ရွာတွေကို ထိခိုက်မှု မရှိဘူးလားဗျ။ ရွာတွေရော အပျက်အစီး မရှိဘူးလားဗျ။
ဒေသခံတွေကိုတော့ ကျနော်တို့ လွန်ခဲ့တဲ့ ၁၆-၁၇ ရက်လောက်ကတည်းက လူထုတွေကို ဘေးလွတ်ရာကို အားလုံး ရှောင်းခိုင်းပြီးသားပါ။ အများဆုံးကတော့ ကျေးသီးမြို့နယ်ထဲမှာပဲခင်ဗျ။
စားရေးသောက်ရေးကတော့ ဖြစ်သလို စားကြတာပေါ့။ ဘယ်သူမှလည်း ကူညီမယ့် သူ မရှိပါဘူး။ ဒီလို အန္တရာယ်များနေတဲ့ အချိန်မှာ အကူအညီတွေလဲ လာပေးရဲမှာ မဟုတ်ပါဘူး။
အဓိကကတော့ ဝမ်ဟိုင်းနဲ့ နီးတဲ့ လမ်းကြောင်းပေါ်က ရွာ ၂ဝ ကျော်လောက်ကို ပြောထားတာ။ သူတို့လည်း တောထဲတွေ ထွက်ပြေးကုန်ကြပါပြီ။ နောက်ပြီးတော့ ဝမ်ဟိုင်းရွာထဲက အိမ်ခြေ ၄-၅ ရာလည်းရွေ့ခိုင်းထား တယ်။ လူဦးရေအားဖြင့်တော့ ခုထိဆို ၁ဝဝဝ ကျော်လောက်ရှိသွားပြီ။ ဒီလောက်ပါပဲ။ တချို့လည်းရွာတွေကြီး တော့ လူဦးရေ ၁ဝဝ လောက်ရှိတယ်။ တချို့လည်း ရဝ-၈ဝ လောက်ရှိတယ်။
ဒါဆိုရင် ဒီတိမ်းရှောင်သွားကြတဲ့ ဒေသခံတွေက ဘယ်မှာ သွားပုန်းခိုနေလဲဗျ။ အကူအညီပေးနေတဲ့ အဖွဲ့ တွေရော ရှိနေလားဗျ။
ဒီလိုပဲပေါ့ အဓိကကတော့ တိုက်ပွဲတွေနဲ့ လွတ်ရာ သူတို့ စိတ်ထဲမှာ ဘေးလွတ်ပြီ ထင်တဲ့နေရာ ဝေးရာကို ပြေးကြတာပေါ့။ တောထဲ၊ လျှိုထဲတွေနဲ့ ယာခင်းတွေထဲမှာ သွားပုန်းကြတာပေါ့။ တစုတပြုံထဲ ပြေးကြတာ တော့ မဟုတ်ပါဘူး။ ၁ဝ တစု ၅ ယောက်တစု ပြေးကြတာပေါ့ဗျာ။ စားရေးသောက်ရေးကတော့ ဖြစ်သလို စားကြတာပေါ့။ ဘယ်သူမှလည်း ကူညီမယ့်သူ မရှိပါဘူး။ ဒီလို အန္တရာယ်များနေတဲ့ အချိန်မှာအကူအညီတွေ လဲ လာပေးရဲမှာ မဟုတ်ပါဘူး။
သူတို့လည်း သူတို့ တောင်ယာလုပ်ငန်းတွေ မဆင်းနိုင်တော့ဘူးခင်ဗျ။ အိမ်တွေ၊ ယာတွေ၊ ကျွဲ၊ နွားတွေ အကုန်ထားပြီး ပြေးကြရ တာပေါ့ခင်ဗျ။ စိုက်ပျိုးခင်းတွေပျက်ရင်တော့ လာမယ့်နှစ်အတွက်သူတို့အခက် တွေ့နိုင်တယ်။
ကချင်ပြည်နယ်ဘက်မှာ တိုက်ပွဲတွေ ဖြစ်နေတော့ KIO က ဒေသခံ စစ်ဘေး ပုန်းရှောင်သူတွေကို ဒုက္ခသည် ကယ်ဆယ်ရေး စခန်းတွေ ဖွင့်ပေးပြီး ကူညီတယ်။ ရှမ်းပြည်တပ်မတော် အနေနဲ့ကရော ဒေသခံပြည်သူတွေ ခုလိုထွက်ပြေးတာကို ဘာလို့ အကူအညီ မပေးတာလဲ ခင်ဗျ။
KIO က နယ်စပ်ဆိုတော့ သူတို့က အဲဒီမှာ ဒုက္ခသည် စခန်းဖွင့်လို့ ရတယ်။ ကျနော်တို့က ပျောက်ကျားဒေသ လေ။ ရန်သူတွေ ဝိုင်းနေတဲ့ကြားထဲမှာ နေနေရတာလေ။ ရန်သူတပ်တွေ ဝိုင်းရံနေတယ်လေ။ ဒါကြောင့် ကျနော် တို့မှာ လှုပ်လို့မရဘူး။ အစိုးရဘက်ကလည်း အမိန့် ထုတ်ထားတယ်လေ။ ဒီဒေသမှာ ရှမ်းအမျိုးသား တွေဆိုရင် ဖမ်းချုပ်ဖို့ အမိန့်ထုတ်ထားတယ်လေ။
တချို့လည်း ကျနော်တို့တပ်တွေဆီကို လာပြီး နေကြတာတွေလည်း ရှိပါတယ်။ ကျနော်တို့ကလည်းအများကြီး ဆိုရင် ကျနော်တို့ အတွက် ကျနော်တို့ ကလည်း စစ်တိုက်နေရတဲ့ အချိန်ဆိုတော့ ဝန်ထုပ်ဝန်ပိုးဖြစ်နေတယ် လေ။ အဲဒါကြောင့် သူတို့နည်းနဲ့ပဲ ဘေးလွတ်ရာကို သွားြ့ပီး တိမ်းရှောင်ခိုင်းတာပဲ။ သူတို့လည်းသူတို့မိသားစု အတွက် ရုန်းကန်နေကြရပါတယ်။