ဦးသိန်းစိန် မဲဆန္ဒနယ်ဟောင်း၌ ကရင်ပါတီဝင်ပြိုင်မည်

ဦးသိန်းစိန် မဲဆန္ဒနယ်ဟောင်း၌ ကရင်ပါတီဝင်ပြိုင်မည်
by -
ဖနိဒါ

ချင်းမိုင် (မဇ္စျိမ) ။        ။ သမ္မတ ဦးသိန်းစိန်၏ ရွေးကောက်ခံ မဲဆန္ဒနယ်မြေဟောင်းနေပြည်တော် ဇဗ္ဗူသီရိ မြို့နယ် မဲဆန္ဒနယ်၌ ကရင်အမျိုးသား ရေးအခြေခံသော နိုင်ငံရေးပါတီတခု ဖြစ်သည့် ဖလုံ ခေါ် စဝေါ် ဒီမိုကရက်တစ်ပါတီကဝင်ပြိုင် သွားမည်ဟု အမတ်လောင်း ဦးစောဝင်းကပြော သည်။

 ကြားဖြတ်ရွေးကောက်ပွဲ၌ တိုင်းရင်းသားမဟာမိတ် ၁ဝ ပါတီက ဝင်ပြိုင်မည့် မဲဆန္ဒနယ် ၄ဝ ခန့် လျာထားရာ၊ ဖလုံစဝေါ်ပါတီက ဇဗ္ဗူသီရိမြို့နယ်အတွက် တနင်္လာနေ့တွင် မဟာမိတ်ပါတီများထံ စာရင်းသွင်းခဲ့သည်။

new-goverment-thein-seinနိုဝင်ဘာလတွင် ကြားဖြတ် ရွေးကောက်ပွဲ လုပ်လိမ့်မည်ဟု နိုင်ငံရေး ပါတီအများက ခန့်မှန်း ထားသော်လည်း ရွေးကောက်ပွဲ ကော်မရှင်က အချိန်ဇယား သတ်မှတ်ခြင်း မရှိသေးပါ။

“မိတ်ဝတ်မပျက် ပူးပေါင်းဆောင်ရွက်ရေးကို လုပ်ဖို့အတွက် အဲဒီနေရာမှာ ယှဉ်ပြိုင်တာပါ။ ထိပ်တိုက် ရင်ဆိုင်တာလည်း မဟုတ်ဘူးပေါ့နော်။ လောလောဆယ်တော့ ကျနော့်ကို လျာထားတယ်။ လူက ရွေးဦးမယ်” ဟု ဖလုံ စဝေါ် အမတ်လောင်း ဦးစောဝင်းက မဇ္စျိမကို ပြောသည်။

၄၆ နှစ်အရွယ် ဦးစောဝင်းသည် ရန်ကုန်တိုင်း ကျောက်တံတား မြို့နယ်တွင် ပြည်သူ့လွှတ်တော်အတွက် ၂ဝ၁ဝ ရွေးကောက်ပွဲ၌ ယှဉ်ပြိုင်ခဲ့ရာ ရှုံးနိမ့်ခဲ့သူ ဖြစ်သည်။

သူက ကရင်ပြည်နယ်အတွင်း လက်နက်ကိုင်တပ်ဖွဲ့များနှင့် အစိုးရအကြား ငြိမ်းချမ်းရေး ရရှိရေးအပြင် ပြည်သူလူထု၏ အဓိက လိုအပ်ချက်များကို လုပ်ဆောင်သွားမည်ဟု ဆိုသည်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် လက်နက်ကိုင် တိုက်နေသော ကရင်အမျိုးသားအစည်းအရုံး KNU၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင် တပ်မတော် DKBA နှင့် အစိုးရစစ်တပ်အကြား မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလျက် ရှိသည်။

၂ဝ၁၁ မေလဆန်းတွင် ဖလုံစဝေါ်ပါတီ ဥက္ကဋ္ဌ ဦးစောသိန်းအောင်၊ အမတ် ဒေါ်နန်းစေးအွား အပါအဝင်
ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာ ဘုန်းကြီးများ အပါအဝင် ၉ ဦးပါ ငြိမ်းချမ်းရေးကော်မတီက ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရအကြား တွေ့ဆုံဆွေးနွေးရန် သမ္မတဦးသိန်းစိန်ထံ စာပို့ခဲ့သေးသည်။ သို့သော် တုံ့ပြန်မှု ပြန်မရသေးပေ။

ထို့အပြင် အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ပြည်နယ်ဝန်ကြီးချုပ် ဗိုလ်မှူးချုပ်ဟောင်းဦးဇော်မင်း (ကရင် ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌဟောင်း) က ငြိမ်းချမ်ရေးလုပ်လျှင် ပါတီနစ် နာမည်ဟု မေ ၂၅ ရက် အစည်းအဝေးတွင် ဖလုံ ခေါ် စဝေါ်ပါတီကို ပြောဆိုခဲ့ကြောင်း ၎င်းပါတီနှင့် နီးစပ်သူက ပြောသည်။

“ဝန်ကြီးချုပ်က ဒီပါတီကို ဖိအားပေးတယ်။ ဖလုံစဝေါ်ပါတီကနေ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ လုပ်တာ လုံးဝ မကြိုက်ဘူး။ မင်းတို့လုပ်ရမယ့် အလုပ်မဟုတ်ဘူး၊ ပါတီနစ်နာမယ်။ ဒီ ၉ ဦး ကော်မတီက လမ်းညွှန်မှုတွေ
 တောင်းခံတာကို သူက လက်မခံတဲ့အပြင် ပြန်ပြီး သတိပေးစကားတွေ၊ နောက် ပြည်ပမီဒီယာနဲ့ စကားမပြောဖို့
 ပြန်ပြောလာတယ်” ဟု သူက မဇ္စျိမကို ပြောသည်။

ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ဝန်ကြီးများအနေဖြင့် အစိုးရသက်တမ်း ၃ လပြည့်လျှင် ပြည်နယ်အစိုးရ လုပ်ငန်းများ ခွဲဝေပေးမည်ဟု ပြောခဲ့သော်လည်း ယနေ့အထိ မည်သည့် လုပ်ပိုင်ခွင့်မှ ချမပေးသေးကြောင်း သူက ဆိုသည်။

ကရင်ပြည်နယ် ဝန်ကြီးဌာန ၉ ခုတွင် ဖလုံစဝေါ်ပါတီမှ ၂ ဦး၊ ကရင်ပြည်သူ့ပါတီမှ ၁ ဦး၊ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးရေးပါတီမှ ၁ ဦး၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ၁ ဦးနှင့် အခြားကျန်နေရာများမှာ စစ်တပ် ကိုယ်စားလှယ်နှင့် ကြံ့ဖွံ့ပါတီမှ ဖြစ်ကြသည်။

ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်၍ “ဒီမိုကရေစီမိတ်ဆွေများ ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်း ကော်မတီ” အမည်ဖြင့် အမျိုးသားဒီမိုကရေစီအင်အားစု NDF၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ဒီမိုကရက် တစ်ပါတီ (မြန်မာပြည်)၊ ပြည်ထောင်စု ဒီမိုကရေစီပါတီနှင့် ကရင်၊ ရှမ်း၊ မွန်၊ ချင်း၊ ရခိုင် စသည့်တိုင်းရင်း သားပါတီ ၁ဝ ပါတီ ပူးပေါင်းထားကာ မဲဆန္ဒနယ် ၄ဝ တွင် ဝင်ပြိုင်ရန် တနင်္လာနေ့တွင် ပါတီများစာရင်းသွင်း ခဲ့သည်ဟု SNDP ပါတီမှ ဗဟိုအလုပ်အမှုဆောင်ဝင် ဦးစောသန်းမြင့်က မဇ္စျိမကို ပြောပြသည်။

“မနေ့က အပြီးစာရင်းတင်တယ်။ ကျနော်တို့က ၁၅ နေရာ ဝင်မယ်။ အားလုံး ၄ဝ နေရာလောက် ရှိမယ်။ ကျနော်တို့က အမျိုးသားရေးနဲ့ဆိုင်တဲ့ မိတ်ဆက်အနေနဲ့ ပြည်သူတွေရဲ့ ယုံကြည်မှုအားကို ယူတဲ့ သဘောပါ။ လာမယ့် ၂ဝ၁၅ ခုနှစ်မှာ ပြည်နယ်၊ ပြည်မ မခွဲဘဲ တနိုင်ငံလုံးအတိုင်းအတာ ဝင်ဖို့ စီမံကိန်းတွေလုပ်ထားတယ် လေ” ဟု သူက ဆိုသည်။

NDF က အနည်းဆုံး မဲဆန္ဒနယ် ၂ဝ အထိ ဝင်ပြိုင်မည်ဖြစ်ပြီး၊ SNDP က ရန်ကုန်၊ မန္တလေး၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်း အပါအဝင် ၁၅ နေရာ၊ ကျန်ပါတီများက အနည်းဆုံး တနေရာစီ ဝင်ပြိုင်မည်။

ကြားဖြတ်ရွေးကောက်ပွဲအတွက် အမျိုးသားဒီမိုကရေစီအင်အားစု ပါတီခေါင်းဆောင်ဟောင်း ဦးသိန်းညွန့်က အမျိုးသားဒီမိုကရေစီပါတီသစ်အမည်ဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်လျှောက်ထား သည်။

ထို့အပြင် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် တောင်ဥက္ကလာပတွင် ပြည်သူ့လွှတ်တော်အတွက် တသီးပုဂ္ဂလအနေဖြင့် ဝင်ပြိုင်ရာ၌ ရှုံးနိမ့်ခဲ့သူ ဦးကောင်းမြတ်ထွဋ်က မြန်မာအမျိုးသားကွန်ဂရက် အမည်ဖြင့်၎င်း၊ ဝံသာနုပါတီမှ
 ဒေါက်တာသန်းထိုက်ဦးက ပြည်သူ့ဒီမိုကရေစီပါတီ အမည်ဖြင့်၎င်း မှတ်ပုံတင်ထားပြီး ဖြစ်သည်။

ကြံ့ဖွံ့ပါတီ အထွေထွေအတွင်းရေးမှူး ဦးဋ္ဌေးဦးကမူ ကြားဖြတ်ရွေးကောက်ပွဲ ၄၅ နေရာ အားလုံး၌ ဝင်ပြိုင်ရန် လျာထားကြောင်း နေပြည်တော်ရှိ ပါတီရုံးချုပ်တွင် ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့တွင် ပြောဆိုခဲ့သည်။