တောင်ကုတ် အာဇာနည်နေ့ ထောက်လှမ်းရေများ ဓါတ်ပုံရိုက်၍ ပြဿနာ ဖြစ်ပွားခဲ့

တောင်ကုတ် အာဇာနည်နေ့ ထောက်လှမ်းရေများ ဓါတ်ပုံရိုက်၍ ပြဿနာ ဖြစ်ပွားခဲ့
by -
နိရဥ္စရာ သတင်းဌာန

လူပေါင်း ၂၀၀ ခန့် တက်ရောက်ခဲ့သည်ရခိုင်ပြည် နယ် တောင်ကုတ်မြို့ အာဇာနည် အခမ်းအနားတွင် ထောက်လှမ်းရေးဟု ယူဆရသူများက အခမ်း အနားသို့ ၀င်ရောက်ပြီး ဓါတ်ပုံ ရိုက်သဖြင့် ပြဿနာ ဖြစ်ပွားခဲ့သည်ဟု သတင်း ရရှိသည်။

Aung-San-Suu-Kyi-attends-an-event-marking-the-anniversary-of-Martyrs-Day
၆၄ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို တောင်ကုတ်မြို့နယ် အဖွဲ့ချုပ်မှ ဦးဆောင်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မြို့နယ် ဥက္ကဌ ၁၉၉၀ ရွှေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ခိုင် အိမ်တွင် ပြုလုပ်ခဲ့သည်။

ထိုသို့ ပြဿနာ ဖြစ်ပွားခဲ့သော်လည်း အာဇာနည်နေ့ အခမ်းအနားကို အစီအစဉ် အတိုင်း အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့သည်ဟု တောင်ကုတ်မြို့နယ် ဒုဥက္ကဌ ဦးတင်သိန်းအောင်က ပြောသည်။

" အခမ်းအနားမှာ လူပေါင်း ၂၀၀ ခန့် တက်ရောက်ပါတယ်။ သက်ဆိုင်ရာက လွှတ်ထားတဲ့သူတွေ ထင်ပါ တယ်။ တက်ရောက်လာတဲ့ သူတွေကို အိမ်လမ်းဝကနေပြီး ဓါတ်ပုံရိုက်ပါတယ်။ အခမ်းအနား လုပ်တော့ အခမ်းအနားကို ၀င်ရောက်ပြီး တက်ရောက်တဲ့သူတွေကို ဓါတ်ပုံရိုက်ပါတယ်။ ခုလို လုပ်တာဟာ လွန်လာတဲ့ အတွက် ကင်မရာကို သူ့ဆီက လုပြီး ဓါတ်ပုံတွေကို ဖျက်ပစ်ခဲ့ရတဲ့ အထိ ဖြစ်ပွားခဲ့ပါတယ်။ ခုလို ဓါတ်ပုံ ရိုက်ပေမယ့် လူတွေက ပြန်မသွားဘဲ အခမ်းအနား ပြီးဆုံးအောင်ထိ တက်ရောက်ခဲ့ကြပါတယ်" ဟု သူက ပြောသည်။

တောင်ကုတ်မြို့နယ် အဖွဲ့ချုပ်မှ ၆၄ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို မပြုလုပ်မှီ ယမန်နေ့က စပြီး ထောက်လှမ်းရေးများက အနီးကပ် စောင့်ကြည့်မူများရှိခဲ့ပြီး ယနေ့တွင် ထိုသို့ ဓါတ်ပုံ ရိုက်ခဲ့ခြင်း ဖြစ်သည်။

" အာဇာနည်နေ့ဆိုတာက တတိုင်းပြည်လုံးနဲ့ သက်ဆိုင်တဲ့ နေ့ထူူးနေ့မြတ်ပါ။ အာဇာနည် ခေါင်းဆောင်တွေ တိုင်းပြည်အတွက် အနစ်နာခံပြီး သူတို့ ပေးဆပ်သွားခဲ့တယ်။ ဒီလို စွန့်လွှတ် အနစ်နာခံမူတွေကို ဂုဏ်ပြုလိုတဲ့ အတွက် အာဇာနည် အခမ်းအနားကို ကျွန်တော်တို့ ကျင်းပရတာ ဖြစ်ပါတယ်။ ဒီပြဿနာ အပြင် နောက်ထပ် တော့ ဘာမှ ဖြစ်ပွားခဲ့တာ မရှိပါဘူး"ဟု သူက ပြောသည်။

ယနေ့ကျရောက်သော အာဇာနည်နေ့တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး လေပြင်းများပါ တိုက်ခတ်နေသဖြင့် အာဇာနည် ခေါင်းဆောင်ကြီးများကို ရည်မှန်းပြီး ဆွမ်းကျွေးရန် စီစဉ်ထားသော မူလ အစီအစဉ်ကို ပယ်ဖျက်ပြီး ဆွမ်းအုပ်များကို ကျောင်းများသို့ သွားရောက် ဆပ်ကပ် လှူဒါန်းခဲ့ကြသည်ဟု သူက ပြောသည်။

အခမ်းအနားတွင် တောင်ကုတ်မြို့နယ် အဖွဲ့ချုပ် ဥက္ကဌ ဦးကျော်ခိုင်၊ အတွင်းရေးမှူးနှင့် ဒုဥက္ကဌ များဖြစ်ကြ သော ဦးခင်လှနှင့် ဦးတင်သိန်းအောင်တို့မှလည်း အာဇာနည် အကြောင်းများကို ဟောပြောခဲ့ကြသည်။

" ကျွန်တော်တို့က အာဇာနည်နေ့ အကြောင်းတွေမှာ တိုင်းပြည် အာဏာကို မတရား ရယူလိုတဲ့ ဂဋုန် ဦးစောက ဗိုလ်ချုပ်တို့ကို လုပ်ကြခဲ့တဲ့ အကြောင်း၊ အခုလည်း တိုင်းပြည်မှာ အာဏာကို လက်မလွှတ်လို သူတွေကြောင့် ဒီမိုကရေစီ မရရှိဘဲ တိုင်းပြည် အခက်ကြံုနေရတာကိို ဟောပြော တယ်။ တက်ရောက်လာတဲ့ သူတွေက ဗိုလ်ချုပ်တို့ကျဆုံးတဲ့ အကြောင်းကို သိရတဲ့ အခါ ကြေကွဲ ၀မ်းနည်းတယ်။ တိုင်းပြည်ရဲ့ အခြေ အနေမှန်တွေကို သိရတော့ ဆက်လက် လုပ်ဆောင်ရမယ်ဆိုတဲ့ အားတက်မျိုးမူတွေကို မြင်ရပါတယ်"ဟု သူက ဆက်ပြောသည်။

အာဇာနည်နေ့ အခမ်းအနားအား နံနက် ၈ နာရီ ၃၇ မိနစ်တွင် စတင် ကျင်းပခဲ့ပြီး ၁၁ နာရီတွင် အောင်မြင်စွာ အဆုံးသတ်ခဲ့သည်။

Most read this week