လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းကို ဖတ်ကြပါ

လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းကို ဖတ်ကြပါ
by -
ကိုပေါက်

(အင်တာဗျူး) အာဇာနည်များနှင့် ပတ်သက်သည့် သမိုင်းဖြစ်ရပ် နောက်ခံများအားစစ်အာဏာပိုင်များ က  ဖျောက်ဖျက်မှုများ ရှိနေသဖြင့် နောင်လာ နောက်သားများအနေနှင့် အဆိုပါသမိုင်းနှင့် မြန်မာ့ လွတ်လပ်ရေး လှုပ်ရှားမှု သမိုင်းကိုပါလေ့လာစေလို ကြောင်း အာဇာနည်ဦးဘဝင်း၏ သားဖြစ် သူအဝေး ရောက် ညွန့်ပေါင်းအစိုးရ ဝန်ကြီးချုပ် ဒေါက်တာ စိန်ဝင်းက ပြောသည်။

(အာဇာနည် ဦးဘဝင်း၏သား ဒေါက်တာစိန်ဝင်းနှင့် အင်တာဗျူး)

နယူးဒေလီ (မဇ္စျိမ) ။       ။ အာဇာနည်များနှင့် ပတ်သက်သည့် သမိုင်းဖြစ်ရပ် နောက်ခံများအားစစ်အာဏာ ပိုင်များက  ဖျောက်ဖျက်မှုများ ရှိနေသဖြင့် နောင်လာနောက်သားများအနေနှင့် အဆိုပါသမိုင်းနှင့် မြန်မာ့ လွတ်လပ်ရေး လှုပ်ရှားမှု သမိုင်းကိုပါ လေ့ လာစေလိုကြောင်း အာဇာနည်ဦးဘဝင်း၏ သားဖြစ် သူအဝေး ရောက် ညွန့်ပေါင်းအစိုးရ ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းက ပြောသည်။

 Dr-Sein-Win၁၉၄၇ ခု၊ ဇူလိုင် ၁၉ ရက်နေ့တွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် အာဇာနည် ၉ ဦးထဲတွင်ဗိုလ်ချုပ်အောင်ဆန်း ၏ အကိုကြီး ဦးဘဝင်းလည်း ပါဝင်သည်။ ထိုစဉ်က ဦးဘဝင်းမှာ ဘုရင်ခံ ဆာဟူးဘတ်ရန့်စ်၏ အမှုဆောင်အဖွဲ့ (ဝန်ကြီးအဖွဲ့) တွင် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသည်။

ဦးဘဝင်းတွင် ဇနီးနှင့်သားသမီး ၆ ယောက် ကျန်ရစ်ခဲ့သည်။

ဒေါက်တာစိန်ဝင်းမှာ ဦးဘဝင်း၏ ပဥ္စမမြောက် သားဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း၏ တူတော်စပ်သူလည်း ဖြစ်သည်။ သူသည် ၁၉၉ဝ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီပါတီမှ ပေါက်ခေါင်းမြို့နယ်ကိုယ်စား လှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရသည်။ ၁၉၉ဝ ဒီဇင်္ဘာတွင် ဖွဲ့စည်းခဲ့သော စင်ပြိုင်အစိုးရ NCGUB တွင် ဝန်ကြီးချုပ်အဖြစ် စတင်တာဝန်ယူခဲ့ပြီး၊ လက်ရှိတွင် အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ တွင်နေထိုင် သည်။

၆၄ နှစ်မြောက် အာဇာနည်နေ့ ခံစားချက်နှင့် သဘောထားအမြင်များကို သိရှိနိုင်ရန်အတွက် ဒေါက်တာ စိန်ဝင်းကို မဇ္စျိမသတင်းထောက် ကိုပေါက်က ဆက်သွယ်မေးမြန်းထားသည်။

ရန်ကုန် အာဇာနည်ဗိမာန်မှာ ဆရာတို့မိသားစုထဲက လွမ်းသူ့ပန်းခွေချဖို့ အစီအစဉ် ကြားသိရလားခင်ဗျ။

‘‘သေချာတော့ မသိဘူး။ ကျနော့်အမေလည်း ဆုံးသွားပြီ။ ကျနော့်အကိုတွေလည်း အသက်တော်တော် ထောက်ကုန်ပြီ။ တချို့တလေလည်း သွားပြီးတော့ လွမ်းသူ့ပန်းခွေ ချမယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ အကုန်လုံး သိုက်သိုက်မြိုက်မြိုက်တော့ ဟိုအရင်တုန်းကလို မဟုတ်ဘူးပေါ့။ ကျနော်တော့ ဒီကနေ့မနက်ဘုန်းကြီးကျောင်း မှာ ဆွမ်းသွားကပ်ပါတယ်’’

ဆရာကိုယ်တိုင် အာဇာနည်ဗိမာန်ကို နောက်ဆုံး လွမ်းသူ့ပန်းခွေချနိုင်ခဲ့တာ ဘယ်နှခုနှစ်ကလဲခင်ဗျ။

‘‘နှစ်စဉ်လိုလို ချဖြစ်ပါတယ်။ ၁၉၈၉ မှာတော့ သူတို့ အစီအစဉ်နဲ့ ချရမယ်၊ ကိုယ့်ဟာကိုယ် မချရဘူးဆိုပြီး  ဖြစ်သေးတယ်လေ။ ကျနော် သွားမချဘူး။ အဲဒီတုန်းက နိုင်ငံရေးပါတီတွေအနေနဲ့ ကိုယ့်ဟာကိုယ် ချီတက်ပြီး ချချင်တယ်။ သူတို့က မဟုတ်ဘူး၊ “မင်းတို့ ငါတို့အတိုင်းလုပ်” အဲဒါမျိုးပေါ့ဗျာ။ ထိပ်တိုက်သဘောဖြစ်ကုန် တာပေါ့’’

အာဇာနည်နေ့နဲ့ ပတ်သက်လို့ အမှတ်တရအနေနဲ့ ဘယ်လိုစကားများ ပြောချင်ပါသလဲ။

‘‘အဲဒီအချိန်တုန်းက ကျနော်က ၃ နှစ်သားပဲ ရှိပါသေးတယ်။ သိပ်မမှတ်မိနိုင်ခဲ့ပါဘူး။ အားလုံး အိပ်မက် တွေလိုပါပဲ။ ကျနော့်ခံစားချက်ကတော့ ပြည်သူလူထု ခံစားချက်နဲ့တော့ ကွာမယ်မထင်ဘူး။ ကျနော်လည်း ဒီခေါင်းဆောင်ကြီးတွေ အကြောင်းကို စာပေကနေ ဖတ်ရတယ်။ အဲတော့ ကျန်တဲ့ ပြည်သူလူထုတွေနဲ့မခြား ပါဘူး။ နှမျောတသတယ်။ ‘တို့အဖေရှိရင်တော့ ကောင်းမှာပဲ၊ ဦးလေးရှိရင်တော့ ကောင်းမှာပဲ’ ဆိုတဲ့စိတ်မျိုး တော့ သိပ်မရှိဘူး။ သို့သော်လည်း ကြီးလာတဲ့အခါကျတော့ တိုင်းပြည် ကမောက်ကမ ဖြစ်နေတာတွေ၊ ပြည်သူလူထု ဒုက္ခရောက်နေတာတွေ (ဗမာပြည်တွင်းမှာတင် မကပါဘူး။ ထိုင်း၊ မလေးရှား၊ နိုင်ငံအဝှန်းမှာပဲ) အဲလိုဒုက္ခရောက်နေတာ ဘာ့ကြောင့်လဲ။ စိတ်တော့ မကောင်းဘူးပေါ့ဗျာ။ တတ်နိုင်သလောက်ပြန်လည်ပြင် ဆင်ဖို့အတွက် အားကျိုးမာန်တက် ကြိုးစားကြရမှာ’’

ဖခင်ကြီး ဦးဘဝင်းအပေါ်မှာ ဘယ်လောက်ဂုဏ်ယူမိပါသလဲခင်ဗျား။

‘‘ဂုဏ်ယူတာကတော့ အားလုံးအတွက် ဂုဏ်ယူပါတယ်။ အဲဒီခေတ်က လွတ်လပ်ရေးအတွက်၊ တိုင်းပြည် အတွက် သက်စွန့်ဆံဖျား လုပ်ကိုင်ခဲ့တဲ့လူတွေ ဗမာပြည်မှာ အများကြီးပါပဲ။ အဲဒီခေတ်ကတပ်မတော်သား တွေ၊ တပ်မတော် အရာရှိတွေလည်း ပါတယ်။ ဒီလိုပဲ ပြည်သူလူထုနဲ့ တွဲပြီးတော့ အေးအတူ ပူအမျှလုပ်ခဲ့ တာတွေ ဂုဏ်ယူပါတယ်။ လွတ်လပ်ရေး ကြိုးပမ်းမှုဟာ ဗမာပြည်မှာ အင်မတန်မှ ဂုဏ်ယူစရာကောင်းပါ တယ်’’

အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးသွားလို့ ဘယ်လောက် ဆုံးရှုံးမှု ဖြစ်ရလဲခင်ဗျ။

‘‘တိုင်းပြည် ကောင်းရာကောင်းကြောင်းအတွက် လုပ်နေတုန်းမှာ ဆုံးရှုံးခဲ့ရတာပါ။ တိုင်းပြည် လွတ်လပ်ရေးရ ရင် ဗမာပြည်ဟာ ဘယ်လိုတိုင်းပြည်မျိုး ဖြစ်မလဲ၊ ဘယ်လို ရှေ့ခရီးဆက်သွားမလဲ၊ တိုင်းပြည်နဲ့ လူထု ကောင်းစားရေး အတွက် ဘာတွေလုပ်မလဲ ဆိုတဲ့အချိန်မှာ၊ အင်မတန် တန်ဖိုးရှိတဲ့ အချိန်၊ အင်မတန် အရေးကြီးတဲ့ အချိန်မှာ လုပ်ကြံခံလိုက်ရတာပါ’’

‘‘အခုအချိန်မှာ ပြန်ကြည့်ရင် တို့တိုင်းပြည်ကြီးက ဘာဖြစ်နေသလဲ။ ကျန်တဲ့ အိမ်နီးချင်း ထိုင်းတို့၊မလေးရှား တို့နဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေကို ဆန်းစစ်ဖို့လိုတယ်။ အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြု အရိုအသေပေးရုံနဲ့တော့ မပြီးဘူးဗျ။ ဒီနေ့အာဏာပိုင်တွေရော၊ ပြည်သူလူထုရော၊ ကျနော်တို့အားလုံးဟာ ခေါင်းဆောင်ကြီးတွေရဲ့ ရည်မှန်းချက်တွေ၊ မှာကြားခဲ့တဲ့ လမ်းစဉ်တွေ၊ ဒီမိုကရေစီ လမ်းစဉ်တွေကိုဘယ် လောက် လိုက်ပြီး လုပ်နိုင်သလဲဆိုတာကို သေချာဆန်းစစ်ဖို့ လိုတယ်’’

အာဇာနည်ဆိုတာအပေါ်မှာ ဘယ်လို အဓိပ္ပာယ်ဖွင့်လဲခင်ဗျ။

‘‘တစ်အချက်ကတော့ ဗိုလ်ချုပ်အောင်ဆန်းပဲ။ သူဟာ လူလားမြောက်တဲ့အချိန်က စပြီးတော့ လွတ်လပ်ရေးဟာ ပထမ၊ လွတ်လပ်ရေးဟာ ဒုတိယ၊ လွတ်လပ်ရေးဟာ တတိယဆိုပြီးတော့ ကိုယ်ကျိုးကို လုံးဝမငဲ့ကွက်ဘဲနဲ့ (ရှင်းရှင်းပြောရင် စားတာသောက်တာ၊ နေတာထိုင်တာကအစ သိပ်ဂရုမစိုက်ဘဲနဲ့) တိုင်းပြည်အတွက်လုပ် တယ်။ တိုင်းပြည်အတွက် အသက်ပေးသွားတယ်။ အဲဒါ အာဇာနည်ပဲ။ စွမ်းဆောင်မှုတွေလည်းရှိခဲ့ပါ တယ်။ ပင်လုံညီလာခံမျိုး ပေါ်လာတယ်။ လွတ်လပ်ရေးနဲ့ နီးစပ်လာတယ်။ စေတနာကလည်း တိုင်းပြည်နဲ့ လူမျိုး အပေါ်မှာ လူလားမြောက်တဲ့ အချိန်ကစပြီး တစိုက်မတ်မတ် လုပ်လာတာ။တိုင်းပြည်ကောင်းကျိုး အတွက် လုပ်နေရင်းနဲ့ အဲဒီနေ့က ကျဆုံးသွားခဲ့ရတဲ့ အာဇာနည် ၉ ဦးကို နှမျောတသရပါတယ်။ ပြည်သူလူထုကလည်း ဒီနေ့ထိ မမေ့ဘဲ ဂုဏ်ပြုတဲ့အတွက်လည်း ဂုဏ်ယူမိပါတယ်’’

ခေတ်အဆက်ဆက် အာဏာပိုင်တွေရဲ့ အာဇာနည်နေ့အပေါ် သဘောထား ပြောင်းလဲလာမှုတွေကိုရော ဘယ်လို သတိပြုမိပါသလဲ။

‘‘သတိထားမိတာပေါ့ဗျာ။ ကျနော်တို့က ကျဆုံးသွားတဲ့ ကာယကံရှင်မိသားစုဆိုတော့ အာဇာနည်နေ့ဆို အမြဲတမ်း ဆွမ်းကျွေးတယ်၊ လွမ်းသူ့ပန်းခွေ သွားချတယ်၊ မိတ်ဆွေသင်္ဂဟတွေ လာကြတယ်၊ ဆုံကြ တယ်ဆိုတော့ ကျနော်တို့ သိပါတယ်။ ဘယ်လို ပြောင်းသွားတယ်ဆိုတာ။ ၁၉၆၂ လောက်က ဗိုလ်ချုပ်နေဝင်း ကိုယ်တိုင်လာပြီးတော့ လွမ်းသူ့ပန်းခွေ ချသွားတယ်။ အဲဒီတုန်းက ရ ဇူလိုင်မှာ ကျောင်းသားတွေကို စပစ်ပြီဗျ။ ဒါကလည်း ဖြစ်ခါစလေ။ အဲတော့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ပြပွဲတွေဘာတွေလည်း အကြီးအကျယ် လုပ်ပြတယ်။ ပြန်ပြီး ဖြေသိမ့်တဲ့ သဘောလည်း ဖြစ်နိုင်တာပေါ့။ မှတ်မိတာ ပြောပါတယ်။ ဒီကနေ့ (၂ဝ၁၁) ဘယ်သူလာပြီး လွမ်းသူ့ပန်းခွေချလဲ။ အာဏာပိုင်တွေထဲကပါ။ တဖြည်းဖြည်းနဲ့ လျှော့လျှော့ down grade ပေါ့။ ဘာမှအဓိပ္ပာယ်မရှိပါဘူး’’

အဲလိုလုပ်ခြင်းအားဖြင့် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ဖြစ်လာစေနိုင်မလဲခင်ဗျာ။

‘‘အဲလိုလုပ်ခြင်းအားဖြင့် တိုင်းပြည် သိက္ခာကျသွားတယ်။ ဗမာလူမျိုးတွေက ကျေးဇူးသိတတ်တယ်၊ဂုဏ်ယူ သင့်တဲ့ နေရာမှာ ဂုဏ်ယူတတ်တယ်၊ လေးစားထိုက်တဲ့သူကို လေးစားတယ်။ ဒီလို အစဉ်အလာလုပ်ရမယ့် ဟာကို အစဉ်အလာဖျက်တာ၊ သမိုင်းကိုလည်း ဖျက်ချင်သလို ဖျက်တာတွေ အများကြီးတွေ့နေ ရတယ်။ ဒါ အင်မတန်မှ စိတ်မကောင်းစရာပါ။ နောင်လာနောက်သားတွေ၊ မျိုးဆက်သစ်တွေ တချို့ဆို မသိဘူးဗျ။ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းသွားတာ ဘယ်သူတွေလဲ။ ဘယ်အခန်းကဏ္ဍမှာ ဘယ်သူတွေကဘယ်လိုကြိုး ပမ်းသွားကြလဲ။ မသိကြဘူး။ ဒီကနေ့ အာဏာပိုင်တွေက လွတ်လပ်ရေးနဲ့ ဘာမှမဆိုင်ဘူးဗျာ။ လွတ်လပ်ရေး ကြိုးပမ်းတဲ့ အချိန်တုန်းက သူတို့ ဘယ်မှာပါခဲ့လို့လဲ၊ သူတို့အသိဆုံးပါ။ ဒါကို ဖျက်လိုဖျက်ဆီး လုပ်တယ်။ သူတို့သွားတဲ့ လမ်းကြောင်းက မှားနေတယ်။ ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ် ရမယ့်အစား ဖျက်ဆီးနေတယ်။ နှိပ်စက်နေတယ်။ တိုင်းရင်းသား နယ်မြေတွေမှာစစ်တွေဖြစ်နေတယ်။စစ်နဲ့ မဆိုင်တဲ့ ပြည်သူလူထုကို နှိပ်စက်ညှဉ်းပန်းတယ်။ သူတို့ ဒီလိုသွားနေတဲ့ လမ်းက ဗိုလ်ချုပ်အောင်ဆန်းတို့ချမှတ်ထား တဲ့လမ်းနဲ့က ပြဒါးတလမ်း သံတလမ်းပဲ’’

နောက်ထပ် ဘာများ ဖြည့်စွက်ပြောကြားလိုပါသလဲခင်ဗျာ။

‘‘နောင်လာနောက်သားတွေအနေနဲ့ ဗမာပြည်ရဲ့ ရာဇဝင်၊ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းကို ဖတ်ကြပါ၊ လေ့လာကြပါ။ ဗမာပြည် လွတ်မြောက်ရေးကို ဘယ်သူတွေက ဘယ်လိုလုပ်ခဲ့သလဲ။ အဲဒါကိုတော့သိစေ ချင်တယ်’’