တရားရုံးများ အမှုပိနေ

တရားရုံးများ အမှုပိနေ
by -
ဆလိုင်း ဟံသာစန်း

နယူးဒေလီ (မဇ္စျိမ) ။       ။ အစိုးရသစ် လက်ထက် တွင် ခရိုင်နှင့် မြို့နယ်တရားရုံးများ၏ စီရင်ပိုင်ခွင့် တိုးမြှင့်ပေးခဲ့မှုကြောင့် ရန်ကုန်တိုင်းအတွင်းရှိတရား ရုံးများ၌ အမှုပေါင်းများစွာ ဖြစ်နေပြီးစစ်ဆေးရန် ကြန့်ကြာနေကြောင်းဥပဒေအကျိုးဆောင်များ ထံမှ သိရသည်။

တိုင်းရုံးမှ ခရိုင်ရုံး တရုံးသို့ လွှဲပြောင်းသည့် အမှုပေါင်း အနည်းဆုံး ၆၀၀ ခန့်ရှိရာ ရန်ကုန်တိုင်းတွင် အရှေ့၊ အနောက်၊ တောင်၊ မြောက်ဟူ၍ ခရိုင်ရုံး ၄ ခု ရှိသည့်အတွက်  စစ်ဆေးရန် ကြန့်ကြာနေသည့် အမှုပေါင်း
အနည်းဆုံး ၂ဝဝဝ ခန့်ရှိမည်ဟု ဥပဒေ အကျိုးဆောင်များက ခန့်မှန်းကြသည်။

ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းတွင် ခရိုင် တရားရုံးများအား ယခင်က ကျပ်သိန်း ၁၀၀ တန်ဖိုးရှိ အမှုအခင်းများ စီရင်စေခဲ့ရာမှ ကျပ်သိန်း ၅၀၀၀ တန်ဖိုးအထိ စီရင်ပိုင်ခွင့် တိုးမြှင့်ပေးခဲ့သည်။ မြို့နယ်တရားရုံးများကို
ကျပ်သိန်း ၃ဝ မှ ကျပ်သိန်း ၁ဝဝ အထိ စီရင်ပိုင်ခွင့် တိုးပေးခဲ့သည်။

ထို့ကြောင့် အမှုများကို စီရင်ပိုင်ခွင့်အလိုက် သက်ဆိုင်ရာ ခရိုင်နှင့် မြို့နယ်ရုံးများကို လွှဲပြောင်းပေးနေရသည့်အတွက် ရန်ကုန်တိုင်းတွင်း ခရိုင်နှင့် မြို့နယ်တရားရုံးများတွင် အမှုပေါင်းများစွာ စစ်ဆေးရန် ကြန့်ကြာနေခြင်း ဖြစ်သည်။

“တိုင်းရုံးကနေ ခရိုင်ရုံး၊ ခရိုင်ရုံးကနေ မြို့နယ်ရုံးဆိုပြီး စီရင်ပိုင်ခွင့်အရ လွှဲပြောင်းပေးနေတာတွေ ရှိတယ်။ အဲလို လွှဲပေးနေတဲ့အတွက် အမှုတွေကြန့်ကြာနေတယ်။ မစစ်ဖြစ်ဘူး။ တရားမမှုတွေကို လုံးဝ မစစ်ဖြစ် သလောက်ပဲ”ဟု ရန်ကုန်တိုင်း တာမွေမြို့နယ်မှ ရှေ့နေတဦးက မဇ္စျိမကို ပြောသည်။

ကျပ်သိန်း ၅ဝဝဝ နှင့်အထက် တန်ဖိုးရှိသည့် အမှုများကို ရန်ကုန်တိုင်း တရားလွှတ်တော်က စီရင်ဆုံးဖြတ်မည်
 ဖြစ်သည်။ 

ရန်ကုန် အရှေ့ပိုင်း၊ အနောက်ပိုင်းနှင့် တောင်ပိုင်းခရိုင်တရားရုံးတို့မှာ ကျောက်တံတားမြို့နယ် ဘဏ်လမ်း (စုပေါင်းရုံးကြီး) တွင် တည်ရှိကာ မြောက်ပိုင်းခရိုင် တရားရုံးမှာ အောက်မင်္ဂလာဒုံလမ်းမကြီး၊ ရွာမအရှေ့ရပ်၊ အင်းစိန်မြို့နယ်တွင် တည်ရှိသည်။

ထိုသို့ အမှုများ လွှဲပြောင်းရာတွင် အမှုနံပါတ်များ လွဲမှားခြင်းနှင့် အမှုတချို့ ပျောက်ဆုံးခြင်းများ ရှိသည်ဟု လုပ်သက် ရ နှစ်ရှိသည့် ရှေ့နေ ကိုသန်းဇော်အောင်က ပြောသည်။

“ တရုံးနဲ့တရုံး လက်လွှဲတဲ့အခါ အမှုတွေက ပျောက်နေတယ်။ တချို့အမှုတွေက နံပါတ်တွေ ပြောင်းတာတွေ
 ဖြစ်ကုန်တော့ အဲဒီမှာတင် အချိန်တွေက ပိုကြာကုန်ရော”ဟု သူက ပြောသည်။

ခရိုင် ဥပဒေအရာရှိဘဝမှ အငြိမ်းစားယူပြီးနောက် ရှေ့နေ လုပ်ကိုင်နေသူ ဦးဘိုမင်းကလည်း “ရန်ကုန် အနောက်ပိုင်း ခရိုင်ကို လွှဲလိုက်တဲ့ ကျနော်တို့လိုက်နေတဲ့ အမှုတချို့ လိုက်ရှာနေတာ ခုထိ မတွေ့သေးဘူး”ဟု ပြောသည်။

တရားရုံးများ၌ လတ်တလောတွင် ရဲနှင့် သက်ဆိုင်သည့် ပြစ်မှုများကိုသာ စစ်ဆေးနေပြီး ကြန့်ကြာနေသည့် အမှုအများစုမှာ တရားမမှုများ ဖြစ်သည်။

“ဟိုတနေ့က ရုံးချိန်းတခုခေါ်လို့ သွားတယ်။ တရားခွင်ဝင်ဖို့ လုပ်နေတုန်းမှာပဲ စာရေးတယောက်ကလာပြီး တော့ ဒီနေ့ရုံးချိန်းတွေကို ဖျက်လိုက်တယ်။ နောက် ဘယ်နေ့ကို ရွှေ့တယ်လို့လည်း မပြောဘူး။ ရုံးမှာ လာကြည့်ပါလို့ပဲ ပြောတယ်”ဟု ကိုသန်းဇော်ဦးက သူ့အတွေ့အကြံုကို ပြောပြသည်။

အမှုစစ်ရန် တရားရုံးက ရက်ချိန်းပေးပြီးမှ ပယ်ဖျက်လိုက်သည်များ ရှိနေပြီး ရက်ချိန်းပင် မပေးနိုင်သဖြင့် မစစ်ဆေးရသေးသည့် အမှုများလည်း ရှိနေကြောင်း သူက ဆိုသည်။

ယခုလို အမှုများ ကြန့်ကြာနေသည့်အတွက် အမှုသည်နှင့် ရှေ့နေများမှာ အချိန်ကုန် ငွေကုန်လူပင်ပန်းဖြစ်ရ ကြောင်း အမည်မဖော်လိုသည့် တာမွေမှ ရှေ့နေက ပြောသည်။

“အမှုကြာနေတော့ အမှုသည်တွေ အများကြီး နစ်နာတာပေါ့ဗျာ။ အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်း။ရှေ့နေ တွေလည်း အလုပ်တွေရှုပ်တာပေါ့”ဟု ပြောသည်။

Most read this week