နယူးဒေလီ (မဇ္စျိမ) ။ ။ ပါတီဝင်လူငယ်လူကြီး အရည်အသွေး မြှင့်တင်ရေး နိုင်ငံရေးသိပ္ပံသင်တန်း ကို တလကြာ ရက်ရွှေ့ဆိုင်းခဲ့ရာမှ ဇူလိုင်လ ၂၂ ရက်နေ့တွင် စတင်တော့မည်ဟု အမျိုးသား ဒီမိုက ရေစီ အဖွဲ့ချုပ် NLD က ပြောသည်။
ယခင်က ဇွန် ၂ဝ ရက်မှစ၍ ၉ ရက်ကြာ သင်တန်းအဖြစ် သတ်မှတ်ခဲ့သော်လည်း သင်တန်းဆရာ နိုင်ငံခြားသား ပါမောက္ခများ မအားလပ်ခြင်းနှင့် အခြားကိစ္စများကြောင့် သင်တန်းရက် ရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်သည်။
“အကြောင်းမညီညွတ်လို့ ကျနော်တို့ကပေါ့ဗျာ။ တခြား အရေးကြီးတဲ့ လုပ်ငန်းတွေကလည်း များလာလို့ ကျနော်တို့က ရက်ရွှေ့လိုက်ရတာ။ အခု ကျနော်တို့က ထပ်ပြီး သတိပေးလိုက်တာပါပဲ။ အခု ပို့ချတော့မယ်။ အကုန်လုံးက အဆင်သင့်ပါပဲ” ဟု NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က မဇ္စျိမကို ပြောသည်။
သင်တန်းဆရာများမှာ အရှေ့တောင်အာရှနိုင်ငံထဲမှ တက္ကသိုလ် ပါမောက္ခများ ဖြစ်သည်။
“အရှေ့တောင်အာရှ နိုင်ငံထဲကပါပဲ။ စေတနာနဲ့ ကူညီမယ့် နိုင်ငံကပေါ့။ ဒီထဲမှာ ကိုကျော်ရင်လှိုင်တော့ မပါဘူးဗျ။ နာမည်စာရင်းကတော့ နီးတော့မှ ထပ်ပြီး ကြေညာပါ့မယ်။ အခုထိ ကျနော်တို့ အတည်ပြုနေတုန်း ဖြစ်ပါတယ်” ဟု ဦးအုန်းကြိုင်က ပြောသည်။ သင်တန်းသင်ပြမည့်သူများ လာရောက်ရန်အတွက် ဗီဇာကိစ္စကိုမူ ပါတီအနေဖြင့် ဆောင်ရွက်ပေးခြင်း မဟုတ်ဘဲ ၎င်းတို့ အစီအစဉ်ဖြင့်သာ လာကြမည်ဟု ဆိုသည်။
ယခင်က ဟောင်ကောင်စီးတီး တက္ကသိုလ်မှ အာရှနှင့် နိုင်ငံတကာရေးရာဌာန လက်ထောက်ပါမောက္ခ ဒေါက်တာ ကျော်ရင်လှိုင် အပါအဝင် စင်္ကာပူအမျိုးသားတက္ကသိုလ် NUS နှင့် အရှေ့တောင်အာရှ လေ့လာရေးကျောင်းမှ ပါမောက္ခများ လာရောက်ပို့ချရန် စီစဉ်ခဲ့သည်။
သင်တန်းကို ရွှေဂုံတိုင်ရှိ ပါတီရုံးချုပ်တွင် ပြုလုပ်မည်ဖြစ်ကာ ပြည်နယ်နှင့် တိုင်း ၁၄ ခုမှ သင်တန်းသား ၄ ဦးစီနှင့် ရုံးချုပ်မှ လူငယ်များ၊ ကွန်ယက်များမှ လူငယ်များ အပါအဝင် ဦးရေ ၈ဝ ကျော် တက်ရောက်မည်။
တွေ့ဆုံဆွေးနွေးခြင်းဆိုင်ရာ အတတ်ပညာ၊ နိုင်ငံတကာ ဆက်ဆံရေး၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ မူလ သဘောထားများနှင့် လူသားအရင်းအမြစ်နှင့် ဖွံ့ဖြိုးရေးဘာသာရပ်များအား သင်ကြားရန်အတွက် သင်ကြားမည့် ဆရာများက အကြောင်းကြားထားသည်ဟု ဦးအုန်းကြိုင်က ဆိုသည်။
ယခင်က သင်ကြားရန်စီစဉ်ထားသည့် Research Method (သုတေသနပြု လုပ်ငန်းလုပ်ဟန်များ)၊ Culture Anthropology (ယဉ်ကျေးမှုဆိုင်ရာ မနုဿဗေဒ) နှင့် Good Governance (ကောင်းမွန်သော အုပ်ချုပ်ရေး) ဘာသာရပ်များ ပါဝင်မည်၊ မပါဝင်မည်ကိုမူ မသိရသေးပေ။
၂ဝ၁ဝ နိုဝင်ဘာ ၁၃ ရက်နေ့တွင် နေအိမ်အထိန်းသိမ်းခံမှ ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီးနောက် ပါတီဝင်များ ဖွံ့ဖြိုးရေးအတွက် အင်္ဂလိပ်စာ၊ ကွန်ပြူတာ၊ သတင်းစာ သင်တန်းများ ပြုလုပ်ခဲ့သလို၊ လယ်သမား များအတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ခေတ်မီစိုက်ပျိုးနည်းစနစ် သင်တန်းများ ဖွင့်ခဲ့သည်။ ထို့အပြင် အမျိုးသမီးများအတွက်ပါ သင်တန်းများ ပြုလုပ်သွားမည် ဖြစ်သည်။