နယူးဒေလီ (မဇ္စျိမ) ။ ။ ၆၄ နှစ်မြောက် အာဇာနည်နေ့တွင် ဒီမိုကရေစီအင်အားစု ကွန်ယက်လူငယ်များက အာဇာနည်ဗိမာန်သို့ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူချီတက်အလေး ပြုမည်ဟု စီစဉ်ထားသည်။
ဇူလိုင်လ ၁၉ ရက် နံနက် ၁၀ နာရီတွင် စတင်ကျင်းပမည့် ရွှေဂုံတိုင်လမ်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးတွင် အာဇာနည်နေ့ အခမ်းအနားပြုလုပ်အပြီး ခြေလျင်ချီတက် အလေးပြုကြမည်ဖြစ်သည်။
“အန်တီကိုယ်တိုင် သွားမှာပါ။ အခမ်းအနား ပြီးတာနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အာဇာနည်ဗိမာန်ကို လူငယ်တွေရော လူကြီးတွေရာ အတူတူသွားကြမယ်။ အကုန်လုံးက အကျႌအဖြူလေးတွေ ၀တ်မယ်၊ ကချင် ပုဆိုး၊ ယောပုဆိုး/လုံချည်ပေါ့။ အန်တီ့ခြံထဲကနေ ရင်ထိုးပေးမယ်လို့ ပြောတယ်” ဟု ပါတီဝင် လူငယ်တဦးက မဇ္စျိမကို ပြောသည်။
ရွှေဂုံတိုင်လမ်းမှ ချီတက်ပွဲတွင် NLD ခေါင်းဆောင်များ လိုက်ပါ မည်ဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လိုက်ပါနိုင်မှု ရှိမရှိမှာ မသေချာသေးကြောင်း စီစဉ်သူ ကိုဖြိုးမင်းသိန်းက မဇ္စျိမကို ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည် ပါ၀င်မယ်ဆိုတဲ့ ဆုံးဖြတ်မှု ကတော့ အခုလောလောဆယ် တိတိကျကျ အတည်ပြုနိုင်ဖို့ မရသေးပါဘူး။ ဒါပေမယ့် NLD ခေါင်းဆောင်တွေ ပါ၀င်မယ်ဆိုတာတော့ သေချာပါတယ်။ အခမ်းအနား တက်ရောက်လာသူတွေ အကုန်လိုက်ပါမှာပါ” ဟု သူက ပြောသည်။
တနင်္ဂနွေနေ့ထုတ် အစိုးရအာဘော် သတင်းစာများတွင် အာဇာနည်နေ့၌ နံက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း အများပြည်သူ လာရောက်ဂါရဝပြုနိုင်ကြောင်း ဖော်ပြပါရှိသည်။ ဖိတ်ကြားထားသော ဧည့်သည်များလာ ရောက်ရန် ရှိ၍ လမ်းအချို့ကို ၁၈ ရက်နေ့ ညနေ ၆ နာရီမှ ၁၉ ရက်နေ့ နံနက် ၁၀ နာရီအထိပိတ်ပင်ထားမည် ဖြစ်ပြီး အများပြည်သူများအတွက် အဝင်/အထွက် လမ်းကြောင်းနှင့် ဂိတ်များတွင်ရှာဖွေစစ် ဆေးမှုများပြုလုပ် မည် ဖြစ်ကြောင်းလည်း သတင်းစာများတွင် ဖော်ပြပါရှိသည်။
“အာဇာနည်ကုန်းဘက်အခြမ်းဖြစ်တဲ့ ရွှေတိဂုံဘုရား မြောက်ဘက်မုခ်မှာတော့ အဓိကရုဏ်း နှိမ်နင်းရေးကားတွေ
တော်တော်များများ ချထားတာတွေရှိပါတယ်” ဟု လက်ရှိ လုံခြံုရေးချထားမှုအခြေအနေကို ကိုဖြိုးမင်းသိန်းက
ပြောပြသည်။
၁၉၈၉ ခုက အာဇာနည်နေ့ လူထုချီတက်ပွဲ လုပ်ရန် စီစဉ်ခဲ့ဖူးသော်လည်း အချိန်ကပ်၍ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပယ်ဖျက်ခဲ့ဖူးသည်။ နောက်တနေ့ ဇူလိုင် ၂၀ ရက်နေ့မှ စ၍ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် အဖြစ် ၁၉၉၅ ခုနှစ်ထိ ပြစ်ဒဏ်ကျခံခဲ့ရသည်။
“၈၉ အခြေအနေနဲ့တော့ မတူညီနိုင်တော့ပါဘူး။ ၈၉ ခုနှစ်တုန်းက ၂/၈၈၊ ၈/၈၈ ဆိုတဲ့အမိန့်တွေ ထွက်ထားတဲ့ ကာလ ဖြစ်ပါတယ်။ အခု ဒီလို အမိန့်ဥပဒေတွေ မရှိဘူး။ အရပ်သား အစိုးရတရပ်ရဲ့ ဒီမိုကရေစီအရေးကို ရှေးရှုမယ်ဆိုတဲ့ ပုံစံမျိုးတွေ ဆောင်ရွက်နေတဲ့အနေအထားမျိုးတွေ ရှိနေတဲ့ကာလမျိုးမှာတော့ ဒီ ဂါရဝပြုမှုကို
အေးအေးချမ်းချမ်းနဲ့ ဆောင်ရွက်သွားနိုင်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ထားပါတယ်” ဟု ချီတက်ပွဲ စီစဉ်သူ တဦးဖြစ်သည့် ကိုဖြိုးမင်းသိန်းက ပြောသည်။
NLD လူငယ်များအနေနှင့်လည်း ချီတက်ပွဲအား ဖြစ်မြောက်အောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ကြံုတွေ့လာမည့် အခက်အခဲများကို ရင်ဆိုင်သွားမှာ ဖြစ်ကြောင်းလည်း သူကဆိုသည်။
“အဲဒါကတော့ အန်တီပြောခဲ့သလိုပဲ အကောင်းဆုံးကို မျှော်လင့်ပြီးတော့ အဆိုးဆုံးကိုလည်း ပြင်ဆင်ထားပြီး ပါပြီ။ ခုဟာက အာဇာနည်တွေကို သွားပြီးဂုဏ်ပြုတာပဲ။ ပြဿနာဖြစ်လာလည်း ကြည့်ရှင်းရမှာပေါ့။ အဲနေ့တနေ့ထဲပဲ ပြည်သူလူထုအတွက် ဖွင့်ပေးတာဆိုတော့ ဘယ်သူမဆို သွားလို့ရမယ် ထင်ပါတယ်” ဟု ပါတီဝင် အမျိုးသမီးတဦးက ပြောသည်။
ချီတက်ပွဲတွင် NLD နှင့် လူငယ်ကွန်ယက်တို့မှ ပန်းခွေ ၂ ခုအပြင် တိုင်းရင်းသား အင်အားစုများမှလည်း ပန်းခွေချ အလေးပြုကြမည် ဖြစ်ကြောင်း သိရသည်။
မနက်စောပိုင်းတွင် ပါတီရုံးချုပ်၌ ဆွမ်းကပ်မည်ဖြစ်ပြီး ၁၀ နာရီအခမ်းအနားတွင် အထွေထွေ အတွင်းရေးမှူး
ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကာ ၁၀ နာရီ ၃၇ မိနစ်တွင် အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုမည် ဖြစ်သည်။ အာဇာနည်နေ့ အထိမ်းအမှတ် နံရံကပ်စာစောင်ကိုမူ NLD လူငယ် ကိုရာဇာနှင့် Hip Hop အဆိုတော် ကိုဇေယျာသော်တို့က စီစဉ်ထားပြီး NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က စာတမ်းတခု ဖတ်ကြားရန်လည်း စီစဉ်ထားကြောင်းလည်း သိရသည်။
၆၄ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အဖြစ် စစ်ကိုင်း၊ ကျောက်ပန်းတောင်း စသည့် နယ်ပါတီဝင်များကလည်း ဆွမ်းကပ်လှူခြင်းများ ပြုလုပ်သွားကြမည် ဖြစ်သည်။