မြန်မာအစိုးရစစ်တပ်များသည် အရွယ်မရောက်သေး သော ရှမ်းကျောင်းသူ တဦးနှင့် ၉ လ ကိုယ်ဝန် ဆောင်နေသော ရှမ်းအမျိုးသမီး တဦး အပါအဝင် ရှမ်းအမျိုးသမီး ၄ ဦးကို ဇူလိုင်လ ၅ ရက်နေ့က အဓမ္မ ပြုကျင့်ခဲ့ကြောင်း ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေး အသင်း (SWAN)နှင့် ရှမ်းလူ့အခွင့်အရေး မဏ္ဌိုင် (SHRF)တို့က ဆိုသည်။
ခြေလျင်တပ်ရင်း (ခလရ) ၅၃၁ မှ အစိုးရစစ်တပ်များသည် ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်ရှိ ဝမ်လွိုင်ကျေးရွာတွင် နေထိုင်သော အသက် ၁၂ နှစ်ရှိ ကျောင်းသူ နန်းမွန်း၊ အသက် ၅၀ နှစ်ရှိ မုဆိုးမ နန်းစံ၊ အသက် ၃၀ နှစ်ရှိ ကိုယ်ဝန်သည်နန်းလွတ်နှင့် အသက် ၃၅ နှစ်ရှိ နန်းဖုန်းတို့ကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက် ခဲ့ခြင်း ဖြစ်သည်ဟု ယမန်နေ့က SWAN နှင့် SHRF အဖွဲ့တို့က ကြေညာချက် ထုတ်ပြန်သည်။
“မုဒိန်းကျင့်ခံရတဲ့ သူတွေက စိတ်ပိုင်းဆိုင်ရာကတော့ သူတို့ကို တော်တော် ထိခိုက်ခံစားနေရတယ်ပေါ့နော့်။ ဘာဖြစ်လဲဆိုလို့ရှိရင် အသက်အရွယ်လည်း သိတဲ့ အတိုင်းပဲ။ တချို့ဆို ၁၂ နှစ်ပဲ ရှိသေးတယ်။ ကလေးလေးပဲ ရှိသေးတယ်။ တချို့ဆို အသက် ၅၀ လောက် ရှိပြန်ရော” ဟု ရှမ်းအမျိုးသမီး အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ယိင်းဟာန်ဖက ကန္တာရဝတီတိုင်း(မ်)ကို ပြောသည်။
နန်းမွန်းမှာ သူမ၏ နေအိမ်၌ သူ့မိခင် ရှေ့တွင် ပြုကျင့်ခံရပြီး၊ မိခင်က သူမကို အကာအကွယ် ပြုသောအခါ ရိုက်နှက်နှိပ်စက်ခံခဲ့ရကြောင်း၊ အလားတူ နန်းစံမှာ သူမ၏ နေအိမ်၌ ပြုကျင့်ခံခဲ့ရကြောင်း၊ နန်းလွတ်မှာ ကြမ်းပြင်ပေါ်သို့ ကြမ်းတမ်းစွာ တွန်းပစ်ခံရပြီး ပြုကျင့်ခံခဲ့ရကြောင်း၊ နန်းဖုန်းမှာ ကျေးရွာအပြင်၌ဖမ်းဆီးနှိပ် စက်ခံရပြီး၊ ယာတောတဲ တတဲတွင် ပြုကျင့်ခံခဲ့ရကြောင်း ကြေညာချက်တွင်ရေးသားဖော်ပြ ထားသည်။
SWAN တာဝန်ခံ နန်းဆိုင်မွန်းက “မြန်မာစစ်အစိုးရစစ်တပ်တွေဟာ ကလေးသူငယ်တွေ၊ ကိုယ်ဝန်ဆောင် မိခင်တွေ၊ အသက်အရွယ် ရလာတဲ့ သူတွေကို မုဒိန်းကျင့်ဖို့ အခွင့်ရနေဆဲ ဖြစ်တယ်။ ကျမတို့အဲဒီစစ်ရာဇဝတ် မှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ရှပါတယ်” ဟု ကြေညာချက်ထဲတွင် ပြောကြားထားသည်။
အစိုးရတပ်များသည် ရှမ်းပြည်တပ်မတော်မြောက်ပိုင်း SSA-N ကို တပ်အင်အား ၃၀၀၀ ကျော်ဖြင့် ပြီးခဲ့သည့် မတ်လ ၁၃ ရက် နေ့က စတင်တိုက်ခိုက်လာခဲ့ကြောင်း၊ ၎င်းတို့သည် SSA-N ကို ထိုးစစ်ဆင်ရာတွင်ရှမ်းအမျိုး သမီး များကို အဓမ္မ ပြုကျင့်နေခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ယခု ရှမ်းအမျိုးသမီးများကို အဓမ္မ ပြုကျင့်ခဲ့သော အစိုးရစစ်တပ်များ အထဲတွင် အရာရှိလည်းကောင်း၊တပ်သား လည်းကောင်း ပါဝင်ကြောင်း ယိင်းဟာန်ဖက ဆက်ပြောသည်။
“သူတို့ ဖြတ်လေးဖြတ်ကတည်းက စီစဉ်ထားပြီးသားလေ။ စစ်ဗျူဟာထဲမှာ ပါတဲ့ အသုံးချရေး တခုပေါ့။ အမျိုးသမီးတွေကို မုဒိန်းကျင့်ဖို့ အဲဒီဖြတ်လေးဖြတ် အစီအစဉ်ထဲမှာ ပါပြီးသားပဲလေ။ အဲကြောင့်အမျိုးသမီး တွေကို လက်နက်သဖွယ်ပေါ့နော့် လက်နက်တခု အနေနဲ့ သဘောထားပြီးတော့ သူတို့က ပြည်သူတွေ ကြောက်အောင် အဲလိုမျိုး လုပ်တယ်ပေါ့နော့်။ အမျိုးသမီးတွေကို ပစ်မှတ်ထားတယ်လေ။ မုဒိန်းကျင့်တဲ့ နည်းနဲ့ ပြည်သူတွေ ကြောက်အောင် ဆိုပြီးတော့မှ လုပ်တယ်ပေါ့နော့်” ၎င်းက ဟု ပြောသည်။
အပစ်ရပ် ရှမ်းပြည်တပ်မတော်မြောက်ပိုင်းသည် ယခင်နှစ်က မြန်မာအစိုးရ ဖိအားပေးနေသော ပြည်သူ့စစ် အသွင်ပြောင်း ဖွဲ့စည်းရေးကို သဘောမတူသော အဖွဲ့ ဖြစ်သည်။ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းနှင့်ရှမ်းပြည် တပ်မတော်တောင်ပိုင်း SSA-S တို့သည် ပူပေါင်းလိုက်ပြီဖြစ်ကြောင်း ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့တွင်ပြုလုပ် ခဲ့သော ၅၃ နှစ်မြောက် ရှမ်းပြည်တော်လှန်ရေး အခမ်းအနားတွင် SSA-S ၏ အကြီးအကဲ ဒု-ဗိုလ်ချုပ်ကြီး စဝ်ရွက်စစ်က မီဒီယာများကို ပြောဆိုခဲ့သည်။
ကချင်ပြည်နယ်တွင်လည်း ဇွန်လ ၉ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော အစိုးရတပ်နှင့်ကချင်လွတ်မြောက်ရေးတပ် မတော် (KIO) တို့အကြား တိုက်ပွဲ အတောအတွင်းတွင် အစိုးရစစ်တပ်များက ကချင်အမျိုးသမီး ၁၈ ဦးကို အဓမ္မ ပြုကျင့်ခဲ့သည်ဟု ကချင်အမျိုးသမီးအဖွဲ့-ထိုင်းနိုင်ငံ KWAT က ဇွန်လ ၂၁ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန် ခဲ့သည်။