ကချင်ရွာသား ၁၂ ဦးကို နှိပ်စက်တဲ့ ရဲတွေ အတိုင်ခံရ

ကချင်ရွာသား ၁၂ ဦးကို နှိပ်စက်တဲ့ ရဲတွေ အတိုင်ခံရ
by -
ဖနိဒါ

ချင်းမိုင်(မဇ္စျိမ) ။       ။ လမ်းပြင်နေသည့်ကချင် ရွာသား ၁၂ ဦးကို သူပုန်ဟု စွပ်စွဲကာညှင်းပန်း နှိပ်စက်ခဲ့သော ရဲ ၂ ဦးကို အရေးယူရန်တိုင်ချက်ဖွင့် ထားသည်။

ကချင်ပြည်နယ် မြောက်ပိုင်း ပူတာအိုခရိုင် နောင်မွန်း-မချမ်းဘောလမ်း ပြုပြင်နေသည့် ရွာသားများကို ကချင်လွတ်မြောက်ရေး အဖွဲ့ဝင်များဟု စွပ်စွဲပြီး ညှင်းပန်းနှိပ်စက်ခဲ့မှု ဖြစ်ပွားခဲ့သည်ဟု ရွာသားများဘက်မှ ကူညီဆောင်ရွက်ပေးနေသည့် ခရစ်ယာန်သင်းအုပ် ဆရာတော် ဦးနော်ဒင်းက ပြောသည်။

ဇွန်လ၂၁ ရက်နေ့က နောင်မွန်းမြို့မှ ၁ဝ မိုင်အကွာရှိ မကွေဇာနှင့် ဒဇယ်ထုကျေးရွာအကြား ကားလမ်း ပြုပြင်နေသည့် ဦးချမ်းဒီးရမ် ဦးဆောင်သည့် ဒေသခံ ၁၂ ဦးတို့ နေ့လည် ထမင်းစား နားနေချိန်တွင် ခေါင်လန်ဖူး ရဲစခန်းမှူး ဒုရဲအုပ် သောင်းထွန်းမော်၊ တပ်သား အောင်တိုးတို့မှ “ကချင်မှန်သမျှ KIAသူပုန်ဖြစ ်သည်”ဟု ပြောကာ ရိုက်နှက်ခဲ့ခြင်းကြောင့် ယင်းရွာသားများက ပူတာအိုခရိုင် ရဲစခန်းသို့ တိုင်ကြားထားသည်။

အထက်ပါ ဒေသခံများမှာ ရပ်ဘော့ရွာ၊ ဂတ်ထုရွာ၊ ဒန်ဆယ်ထုရွာနှင့် နောင်မွန်းမြို့တို့မှ ရွာသားများဖြစ်ပြီး ယင်းတို့ကို သေနတ်ဖြင့် ဦးခေါင်းကို ရိုက်နက်သည့်အပြင် ၂ နာရီခန့်ကြာ ဒူးထောက်ခိုင်းခဲ့သည်ဟု တိုင်တန်းချက်တွင် ပါရှိသည်။

ရဲ ၅ ယောက် ရောက်လာခဲ့ကြခြင်း ဖြစ်သော်လည်း နှိပ်စက်မှုပြုခဲ့သူများကိုသာ ရွာသားများက ရွေးထုတ် တိုင်ကြားခြင်း ဖြစ်သည်။

ရိုက်နှက်ခံရသည့်နေ့ ဇွန် ၂၁ ရက်နေ့တွင်ပင် နောင်မွန်းခရိုင်တရားရုံးသို့ တိုင်တန်းခဲ့သော်လည်း တရားရုံးက ရဲအရေး မပိုင်သည့်အမှု ဖြစ်သည်ဟု ဆိုကာ လက်မခံခဲ့သလို၊ နောင်မွန် ရဲမှူးကလည်း အမှုတိုင်ကြားခြင်း မပြုရန်နှင့် တယောက်လျှင် ကျပ် ၅ သိန်းဆီဖြင့် ကျေအေးရန် ပြောဆိုခဲ့သည်ဟု သင်းအုပ်ဆရာတော် ဦးနော်ဒင်းက ပြောသည်။ ထို့ကြောင့် ပူတာအိုခရိုင် ရဲစခန်းသို့ တိုင်ကြားရခြင်း ဖြစ်သည်ဟုလည်း သူက ဆိုသည်။

ပူတာအိုခရိုင် ရဲစခန်းသို့ အမှုဖွင့်တိုင်ကြားခဲ့သော်လည်း ရဲမှူး ဦးမော်ထွန်းမှ ယနေ့ထိ ပြန်လည်အကြောင်း ကြားလာခြင်း မရှိသေးသလို၊ နောက်ထပ် ၁ဝ ရက်ခန့်ကြာ အချိန်စောင့်ပြီး အမှုကိုင်တွယ်ပေးခြင်း မရှိပါက နေပြည်တော်အဆင့်ထိ တိုင်ကြားရန် စီစဉ်နေသည်ဟု ဦးနော်ဒင်းက ဆက်ပြောသည်။

ထိုဒေသခံ ရွာသားများမှ ဆက်လက် တိုင်ကြားရန် ဆန္ဒရှိပါက နေပြည်တော် သို့မဟုတ် ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်-ILO ထိ တိုင်ကြားရန် စီစဉ်မည် ဖြစ်ကြောင်း ယင်းကစ္စအား လိုက်ပါ ကူညီပေးနေသူ အမျိုးသား ဒီမိုကရေစီ အင်အားစု NDF မှ ကချင်ပြည်နယ် အဖွဲ့ဝင် ဒေါ်ဘောက်ဂျာက ပြောသည်။

သို့သော် ရွာသားများအနေဖြင့် ပူတာအိုမှ ရန်ကုန်မြို့သို့ လာရောက်ရန် လမ်းစရိတ် အနည်းဆုံး ကျပ် ၃ သိန်းခန့် ကုန်ကျမည် ဖြစ်သောကြောင့် ရန်ကုန်သို့ သွားရောက်တိုင်တန်းရန်မှာ အတားအဆီးဖြစ်နေသည်။

ထိုစဉ်တွင် ဧည့်စာရင်းပိတ်ခံရသော ရန်ကုန်တိုင်း သံလျင်မြို့နယ် ဗိုလ်ချုပ်ရွာတွင် အိမ်ငှားနေသော ကချင်ကျောင်းသားများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ စုံစမ်းစစ်ဆေးမှု ပြုလုပ်နေပြီး နေရပ်ရင်းမှထောက်ခံစာ ယူရန် ပြောဆိုထားသည်ဟု ယင်းကိစ္စကို အကျိုးဆောင်ပေးခဲ့သူ ဒေါ်ဘောက်ဂျာက ပြောသည်။

သို့သော်လည်း ကျောင်းသားများမှာ ခရီးလမ်းဝေးကွာလွန်းမှုနှင့် စားစရိတ်ကြောင့် ကြန့်ကြာမှုများ ရှိနေသည်။

Most read this week