မြန်မာသံရုံး ပထမ အတွင်းဝန် နောက်ထပ် အမေရိကန်တွင် ခိုလုံ

မြန်မာသံရုံး ပထမ အတွင်းဝန် နောက်ထပ် အမေရိကန်တွင် ခိုလုံ
by -
နိရဥ္စရာ သတင်းဌာန

နောက်ထပ် ၀ါရှင်တန်ဒီစီ မြန်မာသံရုံးမှ အဆင့်မြင့် သံတမန် တစ်ဦးဖြစ်သူ ပထမ အတွင်းဝန်သည် အမေရိကန်နိုင်ငံတွင် ဇူလိုင်လ ၁၃ ရက်နေ့က နိုင်ငံရေး ခိုလုံခွင့်တောင်းခံသွားကြောင်း သတင်း ရရှိသည်။

နိုင်ငံရေး ခိုလုံခွင့်တောင်းခံသွားသူမှာ မြန်မာ သံရုံး ပထမ အတွင်းဝန် ဦးစိုးအောင် ဖြစ်သည်။

U-Soe-Aung-VOAထွက်ပေါ်လာသော သတင်းများအရ အတွင်းဝန် ဦးစိုးအောင်အား မြန်မာ အစိုးရမှ နေပြည်တော် ၂၄နာရီ အတွင်း စစ်တပ်က အရာရှိတဦးနှင့် အတူ ပြန်ရန် အမိန့်ထုတ်ဆင့်ခေါ်ခဲ့ပြီး သူ၏ နိုင်ငံကူးလက်မှတ် ကိုလည်း သံရုံးက သိမ်းယူသွားခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ပြုလုပ်ခြင်းမှာ အပြစ်ပေး အရေးယူခြင်း သဘောမျိုး ဖြစ်သဖြင့် သူ့အနေဖြင့် မြန်မာနိုင်ငံသို့ မပြန်ရဲဘဲ အမေရိကန် ပြည်ထောင်စုတွင် ခိုလုံခွင့်တောင်းခံလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ဦးစိုးအောင်သည် မြန်မာနိုင်ငံသို့ ပြန်ပါက ဖမ်းဆီး စစ်ဆေးမေးမြန်းမူခံရနိုင်ပြီး အလုပ်မှလည်း ပြုတ်နိုင်ဖွယ် ရှိကြောင်း လေ့လာ သုံးသပ်သူများက ပြောသည်။

ဦးစိုးအောင်သည် ယခုရက်သတ္တပတ်အတွင်း ဒုတိယ မြောက် အမေရိကန်နိုင်ငံတွင် နိုင်ငံရေးခိုလုံခွင့် တောင်းခံသော မြန်မာ ထိပ်တန်း သံအရာရှိ တစ်ဦးဖြစ်သည်။

လွန်ခဲ့သော အပတ်က ၀ါရှင်တန် ဒီစီ မြန်မာသံရုံးမှ သံမှူးကြီး ဦးကျော်ဝင်းသည် အမေရိကန်နိုင်ငံတွင် နိုင်ငံရေး ခိုလုံခွင့်တောင်းခံခဲ့သည်။

မြန်မာသံတမန် အသိုင်းအဝိုင်းတွင် အစိုးရ၏ ခွဲခြား ဆက်ဆံမူကြောင့် အရပ်ဘက်မှလာသောသံအရာရှိ များနှင့် စစ်တပ်မှ လာသော သံအရာရှိများဟု အုပ်စု နှစ်စု ဖြစ်ပေါ်နေပြီး သူတို့ အကြားတွင်သဘော ထားကွဲလွဲမူများ ပေါ်ပေါက်နေကြောင်း သတင်းများ ဖြစ်ပေါ်နေသည်။

ယခုရက်ပိုင်း အတွင်း အမေရိကန်နိုင်ငံတွင် နိုင်ငံရေး ခိုလုံခွင့် တောင်းခံခဲ့ကြသော သံမှူးကြီး ဦးကျော်ဝင်းနှင့် အတွင်းဝန် ဦးစိုးအောင်တို့မှာ အရပ်ဘက်မှ တက်လာသော သံအရာရှိကြီးများ ဖြစ်ကြသည်ဟု သိရသည်။

Most read this week