ကျပ်ငွေ ၅၀၀၀ မပေးနိုင်လျှင် အမှုကို လက်မခံ

ကျပ်ငွေ ၅၀၀၀ မပေးနိုင်လျှင် အမှုကို လက်မခံ
by -
မောင်ရမ္မာ

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ဆားချက်ရဲစခန်းမှ တာဝန်ရှိသူများက ကျပ်ငွေ ၅၀၀၀ မပေးလျှင် အမှုကို လက်မခံဟု သတင်းရရှိသည်။

"ဆားချက်ရဲစခန်းက တပ်ကြပ်ကြီး မင်းဝေဆိုတဲ့ လူက အမှုတခု လာတိုင်တဲ့အခါမှာ ကျပ်ငွေ ၅၀၀၀ မပေးရင် လက်မခံဘူး။ လက်ခံတဲ့အပြင် အဲဒီင်္အမှုကို အရေးမလုပ်ပါဘူး။ ဘယ်လိုအမှုဘဲ မဆို ကျပ်ငွေ ၅၀၀၀ ပါမှ အမှု လက်ခံတယ်။ အဲဒါကိုတော့ အထက်က စခန်းမှုးက သိလား၊ မသိလားတော့ မပြောတတ်ဘူး။ လျစ်လျူ ရှု့ထားတယ်" ဟု ဒေသခံတဦးက ပြောသည်။

ABဆားချက် ရဲစခန်းမှ တပ်ကြပ်ကြီး မင်းဝေ၏ လုပ်ရပ်ကြောင့် အဆိုပါ ဒေသရှိ ဆင်းရဲသားပြည်သူများမှာ အမှုဖြစ်ပွားသော်လည်း တိုင်းကြားရန် အခက်အခဲ ဖြစ်နေကြသည် ဟု သိရသည်။

" တိုက်ကျွန်းက ရန်ဖြစ်ပြီး ရိုက်နှက်မှုတခုကို လွန်ခဲ့တဲ့လက ရဲစခန်းကို သွားတိုင်ပါတယ်။ ရဲစခန်းက အမှုတင်ကြေး အပါအဝင် အမှုလက်ခံကြေးဆိုပြီးတော့ ကျပ်ငွေ ၂၀၀၀၀ တောင်းပါတယ်။ ကျွန်တော်တို့က ကျပ်ငွေ ၁၀၀၀၀ ပေးပါတယ်။ သူတို့က လက်မခံဘူး၊ ကျွန်တော်တို့မှာလည်း ငွေကပါမလာဘူး။ ဒါကြောင့် အမှုကို မတိုင်ကြားရဘဲ ပြန်လာခဲ့ရပါတယ်" ဟု အမှုတိုင်ကြားသူ တဦးက ပြောသည်။

အလားတူ သာယာကုန်းကျေးရွာမှ အမှုတခုကို ရဲစခန်းမှ ငွေယူကာ အမှုလက်ခံခဲ့သော်လည်း ငွေမပေး နိုင်သဖြင့် အမှုမှန်ပေါ်ထွက်အောင် လာရောက် စစ်ဆေးခြင်း မရှိသည့်အပြင် တရားခံကိုလည်း ဖမ်းဆီး စစ်ဆေးခြင်းမရှိဟု သိရသည်။

ဆားချက် ရဲစခန်းမှာ အထက်အရာရှိများမှာ ခရီးသွားလိုလျှင် ခရီးစရိတ်အဖြစ် အရက်ဆိုင်များနှင့်ချဲထီဒိုင် များမှ ငွေ ကောက်ယူပြီး သွားနေကြသော်လည်း သာမန် ရဲသားများမှာမူ အထက်က ညွန်ကြားချက်များ အတိုင်း ခရီးထွက် ရာတွင် ခရီးစရိတ်များ ထုတ်ပေးခြင်းမရှိ သဖြင့် မိမိစရိတ်ဖြင့် သွားနေကြရသည်ဟု ရဲသားတဦးကို ကိုးကားပြီး သူက ပြောသည်။

ဆားချက်ရဲစခန်းမှ ချုပ်ကိုင်ထားသော ကျေးရွာအုပ်စုများမှာ ကန်တိုင်းအုပ်စု၊ သာယာကုန်းအုပ်စု၊ မောင်းမကန် အုပ်စု၊ ကလွင်အုပ်စု၊ ကရူးအုပ်စု၊ ရဲကျွန်းအုပ်စုနှင့် တိုက်ကျွန်းအုပ်စုများ ဖြစ်ကြပြီး ရဲတပ်ကြပ်ကြီး မင်းဝေ၏ လုပ်ရပ်ကြောင့် အမူများ ဖြစ်ပေါ်က ရဲစခန်းတွင် မတိုင်ကြားရဲဘဲ ဖြစ်နေကြောင်း သိရသည်။

Most read this week