ချင်းမိုင် (မဇ္ဈိမ) ။ ။ နှစ်ပေါင်း ၃၃ နှစ်ကြာစာရေး သားခွင့် ထုတ်ဝေခွင့် ပိတ်ပင်ခံခဲ့ရသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဦးဝင်းတင်ရေးသား ထားခဲ့သော စာအုပ်များ ပြန်လည် ထုတ်ဝေခွင့်ရရှိပြီ ဖြစ်သည်။
(ဦးဝင်းတင်နှင့် အင်တာဗျူး)
ချင်းမိုင် (မဇ္ဈိမ) ။ ။ နှစ်ပေါင်း ၃၃ နှစ်ကြာစာရေး သားခွင့် ထုတ်ဝေခွင့် ပိတ်ပင်ခံခဲ့ရသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဦးဝင်းတင်ရေးသား ထားခဲ့သော စာအုပ်များ ပြန်လည် ထုတ်ဝေခွင့်ရရှိပြီ ဖြစ်သည်။
သတင်းစာဆရာဘဝက ရေးသားဘာသာပြန်ခဲ့သည့် စာအုပ်များအနက် စာရေးဆရာ ဟာရီဆင် Henery Sydnor Harrison ရေးသားပြီး ၁၉၁၁ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် Queed (ကွိ) ဝတ္တုသည်လည်း အပါ အဝင်ဖြစ်သည်။ ထိုစာအုပ်ကို ဆရာကြီးမှ ဘာသာပြန်ခဲ့ပြီး ၁၉၇၇ ခုနှစ်တွင် ဒုတိယအကြိမ် ထုတ်ဝေခဲ့သည်။ ယခုအကြိမ်တွင် ၃၃ နှစ်ကျော်အကြာမှ တတိယ အကြိမ် ထုတ်ဝေခွင့်ရရှိမည့် စာအုပ်လည်းဖြစ်သည်။
၁၉၇၇ ခုနှစ်တွင် ဒုတိယအကြိမ် ထုတ်ဝေခဲ့သည့် Queed (ကွိ) အမှာစာတွင် ဆရာကြီးက ကွိ ကိုဘာသာပြန်ရခြင်းနှင့် ပတ်သက်၍ ဤသို့ရေးခဲ့သည်။
“ဘာသာပြန်ရာတွင် ကျနော်တို့၌ တခုတည်းသော ရည်မှန်းချက်သာရှိပါသည် ထိုရည်မှန်းချက်မှလုပ်သား ပြည်သူတို့ကို စည်းရုံးလှုံ့ဆော် ပညာပေးရန် အဓိကတာဝန်ရှိသည့်သတင်းသမားလောင်းလေး များအဖို့ ယင်းတာဝန်များ အပြင် ကိုယ့်ကိုယ်ကို ရိုးသားသည့် သတင်းစာသမား ကိုယ့်ဝိဉာဉ်၊ ကိုယ့်လိပ်ပြာသန့်စင် စွာဖြင့် တာဝန် ထမ်းဆောင်သည့် သတင်းစာသမား နိုင်ငံ၏ ဝိဉာဉ်နှင့် လိပ်ပြာ ပြည်သူ၏ ဝိဉာဉ်နှင့် လိပ်ပြာကိုလည်း အစဉ်ထာဝရ သန့်စင်အောင် တာဝန်ထမ်းဆောင်သည့် သတင်းစာသမား ပြည်သူကို စည်းရုံးလှုံ့ဆောင် ပညာပေးရုံမက ပြည်သူ့အကျိုးနှင့် အခြားတပါးသောအကျိုးတို့ ယှဉ်လာသော်ပြည်သူ့ ဘက်က မားမားရပ်၍ စောင့်ရှောက်၊ ခုခံ ကာကွယ် ထိန်းသိမ်း ဖေးမရန် တာဝန်ကျေသည့် သတင်းစာ သမားဖြစ်အောင်လည်း ကြိုးပမ်းရန် တာဝန်ရှိသေးသည် ဟူသော အသိကို သိမြင် စွဲပိုက်စေလိုသည့် ရည်မှန်းချက် ဖြစ်ပါသည်” ဟု အမှာစာရေးသားထားသည်ကို တွေ့ရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုဦးစီးကော်မတီဝင်တဦးဖြစ်သူ ဦးဝင်းတင်သည် ၁၉၈၉ ခုနှစ်မှ ၂ဝဝ၈ ခုနှစ်အထိ ၁၉ နှစ်ကျော်ကြာ ထောင်သွင်းအကျဉ်းချခံခဲ့ရသူလည်းဖြစ်သည်။ ထို့အပြင် ၁၉၇၈ ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို ဝေဖန်သည့် စာတမ်းဖတ်ကြားခြင်းကြောင့် ယင်းနှစ်မှစ၍စာရေးသား ခြင်း၊ စာအုပ်များ ထုတ်ဝေခြင်း ပိတ်ပင်ခံခဲ့ရခြင်းလည်းဖြစ်သည်။
ဆရာကြီးရေးသားခဲ့သည့် စာအုပ်များအကြောင်း၊ ထိုစာအုပ်များ ထုတ်ဝေခွင့် ပြန်ရခြင်းအတွက် ဆရာကြီး၏ ခံစားချက်၊ ဆရားကြီး စာရေးသားခွင့် ပိတ်ပင်ခံခဲ့ရပုံ၊ စာပေစိစစ်ရေးမူဝါဒအပေါ်သုံးသပ်ချက် စသည်တို့ကို မဇ္ဈိမ သတင်းထောက် မျိုးသန့် ကဆက်သွယ်မေးမြန်းထားပါသည်။
ဘဘရဲ့ စာအုပ်တွေ ပြန်ပြီး ထုတ်ဝေခွင့်ရတယ်ကြားလို့လေ ဘယ်စာအုပ်တွေလဲခင်ဗျ။
“ နှစ်ပေါင်းများစွာ ထုတ်ဝေခွင့်မရဘူး၊ ကျနော် နာမည်တောင် သုံးလို့မရဘူး၊ ထည့်လို့လည်းမရဘူး၊ ကလောင် လည်း သုံးလို့မရဘူး လူနာမည်လည်း သုံးလို့မရဘူး အကုန်လုံး အဲဒီလို လုပ်ထားတာပေါ့ အဲဒါတွေက ထုတ်ဝေခွင့်လည်းမရ နာမည်လည်း ဖေါ်ပြခွင့်မရတာကနေ အခု ထုတ်ဝေခွင့်ရတာပဲ”
ဒီစာအုပ်တွေက ရေးခဲ့တဲ့နှစ်ဘယ်လောက်ကြာပြီလဲဗျ။
“ကျနော်ရေးခဲ့တာ နှစ်ပေါင်း ၃ဝ၊ ၄ဝ လောက်ရှိသွားပြီ၊ အခုလိုထုတ်ခွင့်ပေးတာက သေသွားတဲ့လူတွေကော ရှိနေသေးတဲ့လူတွေရဲ့ စာအုပ်တွေကော စာပေ စိစစ်ရေးရဲ့ မူဝါဒအသစ်အရ ထုတ်ခွင့်ပေးတယ်ပေါ့ဗျာ စာပေစိစစ်ရေး မူသစ်အရ လုပ်ပေးတာ အဲဒါပါပဲ”
စုစုပေါင်း ဘယ်နှစ်အုပ်လောက်ရှိလဲ ခင်ဗျာ့။ အမျိုးအစားတွေကကော။
“စုစုပေါင်း ၁ဝ အုပ်လောက်ပါပဲ ကျနော်က များများစားစားမရှိပါဘူး၊ အမျိုးအစားကတော့ အစုံပေါ့ဗျာ ကဗျာတွေကော ကဗျာတော့ သိပ်မရှိဘူးဗျ၊ ခရီးသွားစာပေပါတယ်၊ သတင်းစာပညာအကြောင်းပါတယ်၊ ဘာသာပြန်တွေပါတယ်ဗျ”
ထုတ်ဝေမယ့်လူတွေကကော လာတောင်းကြပြီလားဗျ။
“တောင်းကြတယ် အကုန်လုံးပဲဗျ တအုပ်မှတောင်မှ လက်ထဲမှာမရှိတော့ဘူး၊ ပုဂံတို့၊ နေရီရီ တို့ ကျနော်လည်း သိပ်မမှတ်ဘူးဗျ အဲဒီလူတွေက ထုတ်ဝေခွင့် လာယူသွားကြပြီးတော့ ကျနော်လည်း ထုတ်ဝေခွင့်ပေးလိုက် တယ်”
ဂျာနယ်တွေကကော သုံးလားခင်ဗျာ့။
“အပတ်စဉ်ထုတ်ဝေတဲ့ဂျာနယ်တွေလည်း သုံးတယ်ဗျ၊ ဂျာနယ်တွေတော့ ကျနော်လည်း မမှတ်ဘူးဗျာ အဲဒီ အပတ်စဉ်ထုတ်ဂျာနယ်တွေကလည်း အပိုင်းလိုက်ယူပြီးတော့ သုံးကြတယ်”
ဘဘ အနေနဲ့ နောက်ထပ် အသစ်တွေကော ထပ်ရေးဖို့ရှိလားဗျ။
“ကျနော်တော့ မရေးတော့ပါဘူး။ ရေးလည်းရေးဖို့မလွယ်ဘူးဗျာ။ စာရေးတယ်ဆိုတာလည်း သိတဲ့အတိုင်းပဲ ခပ်ခက်ခက်ကာ ဒါပေမယ့် ကျနော်က ဒီဟာရေးတဲ့နေရာမှာတော့၊ နိဒါန်းလေးတွေတော့ ကျနော်အသစ် ကလေးတွေ ရေးပေးမယ် သူတို့ ဘယ်လောက်ထိ ခွင့်ပြုမယ် မပြုမယ်တော့ မသိဘူးပေါ့ဗျာ။ နိဒါန်း အသစ်ကလေးတွေ ရေးပေးလိုက်တယ်”
အဲဒီနိဒါန်းတွေမှာကော ဘဘ ဘာတွေရေးပေးလိုက်လဲခင်ဗျာ့။
“ဥပမာဆိုပါတော့ ကျနော်ရေးတဲ့ ကမ္ဘာနီတွင် တဒင်္ဂ ဆိုပါတော့ ကမ္ဘာနီတွင် တဒင်္ဂဆိုရင် ကျနော်ရေးတာ ရှေးနှစ်ခါ နှစ်ဆန်းဆိုရင် နှစ်ပေါင်း ၅ဝ ရှိတော့မယ် အဲဒီလိုရှိတဲ့အခါမှာ စာအုပ်တွေက မပျောက်မပျက် ထုတ်ဝေခွင့် ရတယ်ဆိုတော့ ကောင်းတယ်လို့ယူဆတယ်ပေါ့ဗျာ ဒါပါပဲ”
ဘဘက ဒီစာအုပ်တွေ ထုတ်ဝေခွင့်ရတယ်ဆိုတာ ဘယ်လိုသိတာလဲခင်ဗျာ့။
“ထုတ်ဝေသူတွေက ကြားပြီးတော့ ပြောတာပဲဗျ၊ ထုတ်ဝေသူတွေက ဥပမာ ပုဂံကဆိုရင် ကျနော့်ရဲ့ ကွိ ကိုထုတ်လို့ ရတယ်ဆိုတာသိတယ်၊ တချို့ဂျာနယ်တွေကလည်း အပတ်စဉ် ထည့်ချင်ပါတယ်ဆိုပြီးတော့ လာပြောတယ် အဲဒီလိုနဲ့ပဲ ပါသွားတာပေါ့ဗျာ။ အလားတူပဲ ဂျာနယ်တစောင်က ဆိုလို့ရှိရင် သူကထုတ်ဝေ ခွင့်တောင်းတယ် တောင်းတဲ့ အခါ ကျတော့ကျနော်လည်း ထုတ်ပေါ့လို့ ကျနော်လည်း ပြောလိုက်တယ် ကျနော့်ဘက်က ဘာမှတော့ ထွေထွေထူးထူး ပြောစရာမရှိဘူး ဒါတွေက အဟောင်းတွေပဲ ထုတ်မယ်ဆိုရင် ထုတ်ခွင့်ရှိတာပဲလေ”
အဲဒီထုတ်ဝေသူတွေကကော ဘယ်လိုသိတာလဲခင်ဗျာ့။
“သူတို့ကတော့ စာပေ စိစစ်ရေးနဲ့ ဆက်စပ်နေတာပဲနဲ့တူတယ် စာပေ စိစစ်ရေးနဲ့ ဆက်စပ်နေတော့ထုတ်ဝေ ခွင့် ရတယ်လည်းကြားရော ကျနော့်ဆီပြေးလာကြပြီးတော့ အလုအယက် လုပ်ကြတာပဲဗျာ ဥပမာဆိုပါတော့ ပုဂံတိုက်က ကျနော့်စာအုပ် ထုတ်ချင်တယ်ဆို လာပြောတယ် အဲဒါပြီးတော့နာရီပိုင်း အတွင်းမှာကိုဂျာနယ် တခုကနေပြီးတော့ ကျနော့် စာမူတွေကို သူတို့လည်း ဂျာနယ်ထဲမှာဖေါ်ပြချင်ပါတယ်ဆို ပြီးတော့လာပြော တာပဲ”
ဘဘက ဘယ်လိုကနေ ဘယ်လို စာရေးခွင့် ကလောင်သုံးခွင့် မရတော့တာလဲ။
“ကျနော်က မဆလ ခေတ်မှာ ဒီ မဆလ ကို ကျနော်က ခံတိုက်နေတာဆိုတော့ မဆလ က ကျနော့်ကို ပိတ်ထားလိုက်တာ ဒီစစ် အစိုးရတက်လာတော့လည်း စစ်အစိုးရက ပိတ်ထားလိုက်တာ အကုန်လုံး ပိတ်ဆို့ တားဆီးပြီးတော့ ကျနော့်ကို ဘာမှရေးခွင့်မပြု ကျနော့်စာအုပ်တွေလည်း ထုတ်ခွင့်မပြု မဆလ ခေတ်တုန်းက ဆိုလို့ရှိရင်လည်း ကျနော့်စာအုပ်တွေကို ရေးခွင့် မပြုရုံတင်မကဘူး ကျနော့်စာအုပ်တွေကို အမျိုးမျိုးပေါ့ဗျာ အတားအဆီး အပိတ်အဆို့တွေ လုပ်ခဲ့တယ် လုပ်ခဲ့ရာကနေ အခုမှ ပြန်ဖွင့်ပေးတာပဲ”
နှစ်တွေလဲကြာပြီ ထုတ်ဝေခွင့်လည်းမရ နာမည်နဲ့ ကလောင်လည်း သုံးလို့မရဘူးပေါ့ အခုလို ပြန်ပြီးတော့ ထုတ်ဝေခွင့်ရတယ်ဆိုတော့ ဘယ်လိုခံစားရလဲ ခင်ဗျာ့။
“ကျနော်က သိပ်မခံစားရဘူး ကျနော်က အမှန်အတိုင်းပြောရရင် နာမည်ကြီးစာရေးဆရာလည်း မဟုတ်ဘူးဗျ အရင်ကတော့ စာရေးခဲ့တယ်ပေါ့ဗျာ အခုပြန်ထုတ်ခွင့်ရတယ် ထုတ်ခွင့်ရတဲ့အခါကျတော့ ထုတ်ဝေတဲ့လူ တွေက လာပြီးတော့ ခွင့်တောင်းတယ်ပေါ့ဗျာ ဒါပါပဲ သိပ်ပြီးတော့ မထူးပါဘူး၊ သို့သော် နှစ်ပေါင်း ၅ဝ လောက်ကြာမှ ထုတ်ဝေခွင့်ရတယ်ဆိုတော့ ကောင်းတယ်လို့ယူဆရတာပေါ့ဗျာ ဘာဖြစ်လို့လဲဆိုတော့ မဟုတ်ရင် ပျောက်ပျက်သွားမှာ”
ဘဘက သတင်းစာဆရာလည်း ဖြစ်ခဲ့တယ်ဆိုတော့ စာပေ စိစစ်ရေးမူဝါဒနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။
“စာပေ စိစစ်ရေးမူဝါဒကတော့ ကျနော်က မူဝါဒတွေ ဘာတွေ ကျနော်က သိပ်ပြီးတော့ မပြောချင်ဘူးစာပေ စိစစ်ရေး ဆိုတာ ဖျက်သိမ်းပစ်ရမယ်လို့ ကျနော်က ယူဆတာပဲ ဘာဖြစ်လို့လဲဆိုတော့ဘယ်နိုင်ငံဖြစ်ဖြစ် ပေါ့ဗျာ နိုင်ငံတနိုင်ငံမှာ စာပေ စိစစ်တယ် ဖြတ်တောက်တယ် ဆင်ဆာလုပ်တယ်ဆိုတာ ကောင်းတဲ့ အရာမှ မဟုတ်ဘဲကိုး ကောင်းတဲ့ အရာမဟုတ်တဲ့အခါကျတော့ ဒီလိုဟာမျိုးကို ကျနော်က လုံးဝ လက်မခံနိုင်ဘူး”
နိုင်ငံတနိုင်ငံမှာ စာပေနဲ့ပတ်သက်ပြီး ဆင်ဆာရှိနေတာဟာ ဒီမိုကရေစီ စံနှုန်းနဲ့ တိုင်းတာရင်ကော။
“ဒီမိုကရေစီ စံနှုန်းတွေနဲ့ပတ်သက်လို့ ပြောရရင်တော့ ဒီလိုဟာတွေရှိတာဟာ ကျနော်တို့က လုံးဝလက်မခံ နိုင်ဘူး လက်လည်း မခံသင့်ဘူးလို့ယူဆတယ် ကျနော်ကလည်း တိုက်တွန်းတယ် စာပေသမားတွေ ဘာတွေကိုလည်း လက်မခံနဲ့ ဒါတွေကိုတိုက် ကိုယ်က တွန်းလှန်ပြီးတော့ လုပ်ရမယ် စာပေ စိစစ်ရေးကို ဖျက်သိမ်းဖို့ တောင်းဆိုရမယ် ဘာညာ ကျနော် ပြောလာခဲ့တာပဲ အကောင်းဆုံးကတော့ ဖျက်သိမ်းပစ်ဖို့ပဲ”
ဟုတ်ကဲ့ဘဘ နောက်ထပ် ဖြည့်ပြောချင်တာများရှိရင် ပြောပါခင်ဗျာ။
“များများစားစားတော့ မရှိပါဘူးဗျာ ကျနော်က အသက်လည်း ၈ဝ ကျော်ပြီ သိပ်လည်း ပြောစရာတော့ အထွေအထူး မရှိပါဘူး ကျနော်ကလည်း သတင်းစာဆရာပဲ သတင်းစာပဲ အာရုံစိုက်ပြီးတော့လုပ်လာတဲ့ အခါကျတော့ ကျနော်စာတွေ နှစ်ပေါင်း ၅ဝ ကျော် ၆ဝ လောက်က ရေးလာတဲ့စာတွေကို အခုထုတ်ဝေခွင့် ရတယ်ဆိုတော့ ဝမ်းသာတာပေါ့ ဝမ်းသာတယ်ဆိုတာ စာပေရေးသားခြင်းက ကျနော်က သိပ်လုပ်တာ မဟုတ်ဘူး စာရေးဆရာ မဟုတ်ဘူး ကျနော်က သတင်းစာဆရာ သတင်းစာပဲထုတ်နေ သတင်းစာပဲအာရုံ စိုက်ပြီးလုပ်နေရာကနေပြီးတော့ ရံဖန်ရံခါပေါ့ဗျာ ကျနော်ခရီးသွားတယ် ကျနော်မြင်တယ်ကျနော်ခံစား ရတယ် ပန်းချီစာအုပ်ပါတယ်ဗျာ ကျနော့် စာအုပ်တွေထဲမှာ ခရီးသွားစာအုပ်တွေပါတယ်အဲဒီလိုမျိုးတွေပါတယ်ဆို တော့ အခု ကျနော့် စာအုပ်တွေ ထုတ်ဝေခွင့်ရတယ် ထုတ်ဝေသူတွေကလည်း အခုဆိုရင်စာအုပ်တအုပ်မှ မရှိတော့ဘူး မရှိအောင်ဖြစ်တယ် ဆိုတော့လည်း ဘာပဲပြောပြော ကျနော့်စာအုပ်တွေ မပျောက်မပျက် ဖြစ်ရတဲ့အတွက် နောင်လာနောက်သားတွေ လေ့လာလို့ရတဲ့အတွက် ဝမ်းသာတယ်လို့ပဲ ပြောရပေါ့”