ဆိပ်ကမ်း၊ လေဆိပ် ပူးတွဲလုပ်ရန် ဂျာမန်ကုမ္ပဏီ ဆွေးနွေး

ဆိပ်ကမ်း၊ လေဆိပ် ပူးတွဲလုပ်ရန် ဂျာမန်ကုမ္ပဏီ ဆွေးနွေး
by -
မဇ္စျိမသတင်းဌာန

ရန်ကုန် (မဇ္ဈိမ) ။     ။ ဆိပ်ကမ်းနှင့်လေဆိပ်လုပ် ငန်းများပူးပေါင်းဆောင်ရွက်ရန်ဂျာမန်ကုမ္ပဏီ တခု က ဇွန်လ ၂၉ ရက်နေ့တွင်လာရောက် ဆွေးနွေးခဲ့ကြောင်းမြန်မာပို့ဆောင်ရေးဝန်ကြီးဌာန သတင်းရပ်ကွက် က ပြောသည်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် ညောင်ဦး လေဆိပ်များ၊ သီလဝါနှင့် ရန်ကုန်ဆိပ်ကမ်းများ တိုးချဲ့ရေးအတွက် Fritz Werner Industrie Ausrustungen Co..Ltd မှ မန်နေးဂျင်းဒါရိုက်တာ Joerg Gabelmann နှင့် အဖွဲ့သည် နေပြည်တော်တွင် ပို့ဆောင်ရေးဝန်ကြီး ဦးဉာဏ်ထွန်းအောင်နှင့်တွေ့ဆုံ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

“အခုနောက်ပိုင်း ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံချင်တာက အာရှနိုင်ငံတွေတင် မကတော့ဘူး။ ဥရောပနိုင်ငံ တွေကပါ ရင်းနှီးမြှုပ်နှံချင်လာတယ်။ အစိုးရသစ် ပြောင်းပြီးတဲ့ နောက်ပိုင်းမှာ စီးပွားရေးအရ လာပြီး ရင်းနှီးမြှုပ်နှံချင်သူ များလာတာ တွေ့ရပါတယ်’’ ဟု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်UMFCCI မှ လုပ်ငန်းရှင်တဦးက မဇ္စျိမကို ပြောသည်။

သူက ဆက်ပြီး ‘‘တကယ်တမ်း စျေးကွက်စီးပွားရေးစနစ်မှာလည်း ပုဂ္ဂလိကပိုင်လုပ်ရေးက အရေးပါတဲ့ အချက်ပါ။ ရင်းနှီးမြှုပ်နှံချင်သူတွေအတွက် စနစ်ကျပြီး ထင်သာမြင်သာရှိတဲ့ စနစ်တွေကိုကျင့်သုံးသင့် တယ်။ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေမှာ ငွေကြေး အပါအဝင် အတတ်ပညာတွေလည်း ပါလာနိုင်လို့နိုင်ငံ အတွက် အကျိုးရှိလာနိုင်ပါတယ်” ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ပြည်ပ ရင်းနှီးမြှုပ်နှံမှု အနေဖြင့် တရုတ်နိုင်ငံသည် အများဆုံးဖြစ်ပြီး၊ ထိုင်းနိုင်ငံမှာ ဒုတိယ လိုက်နေသည်။

Most read this week