ကျောင်းချိန်အပိုတွင် သင်ယူသော ကျောင်း သင်ခန်းစာများအား ကျောင်းဆရာ၊ ဆရာမများက တကယ့် ကျောင်းချိန်တွင် ပြန်လည် မသင်တော့ သဖြင့် အချိန်ပို မတက်နိုင်သူကျောင်းသားကလေး ငယ်များ ကျောင်း စာလွတ်နေ သည်ဟုသိရ သည်။
” အချိန်ပိုမှာ သင်ယူတဲ့ ကျောင်းစာတွေကို ကျောင်းချိန်မှာ ပြန်မသင်တော့ဘူးဆိုတော့အချိန်ပိုမတက် နိုင်တဲ့ ကျောင်းသားတွေ သင်ခန်းစာ မလိုက်နိုင်ကြတော့ဘူး” ဟု ဒေသခံတဦးက ပြောသည်။
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ထန်းတပင် ရွာ အစိုးရမူလွန်ကျောင်းရှိ ကျောင်းဆရာဆရာမများသည် ၄င်းတို့ အပို ၀င်ငွေ ရရှိရေးအတွက် အချိန်ပို စာသင်ချိန်ဟု ဆိုပြီး ယခုလ ကတည်းက ကျောင်းသား တဦးလျှင် တလ ကျပ်ငွေ နှစ်ထောင်စီ ကောက်ခံခြင်းဖြစ်သည်။
ထန်းတပင် မူလွန်ကျောင်းတွင် ကျောင်းသား ၁၅၀ ခန့်ရှိသည့် အနက် အချိန်ပိုမတက်နိုင်သူကျောင်း သား ၅၀ ဦးရှိကြောင်း သိရသည်။
” ကျောင်းအုပ်ကြီးက ကျောင်းသားမိဘ တဦးချင်းစီကို ရုံးခန်းခေါ်ယူပြီ သားသမီးတွေကို အချိန်ပို တက်ခိုင်း ရမယ်၊ ကျောင်းသားတဦးအတွက် တလ ကျပ်ငွေ နှစ်ထောင်စီ ပေးရမယ် ” လို့ ပြောတယ် ဟု ကျောင်းသားမိဘ တဦး က ပြောသည်။
ဆက်လက်ပြီး ကျပ်ငွေ နှစ်ထောင်အစား တနှစ်အတွက် ဆန်တပုံးပေးရန် တင်ပြကြသော်လည်း ကျောင်းအုပ်က လက်မခံကြောင်း ဆိုသည်။
ကျောင်းသားကလေးငယ်များသည် နံနက် ရးဝဝ နာရီမှ ၉းဝဝ နာရီ၊ ညနေ ၃းဝဝ နာရီမှ ၅းဝဝ နာရီတွင် အချိန်ပိုသင်ယူကြသဖြင့် ကျောင်းဆရာ များသည် တရားဝင်ကျောင်းချိန်တွင် ကျောင်းစာကိုဟုတ်တိ ပတ်တိ မသင်တော့ကြောင်း သိရသည်။
” ကလေးတွေ ကိုယ်ပိုင်အားလပ်ချိန် မရှိတော့ဘူး၊ တနေကုန် ကျောင်းစာနဲ့လုံးပမ်းနေကြတယ်” ဟု ပြောကြသည်။