တံတားကျိုး၍ မြန်မာ အနောက်ဘက် နယ်စပ် ကုန်စည် စီးဆင်းမူ ရပ်ဆိုင်း

တံတားကျိုး၍ မြန်မာ အနောက်ဘက် နယ်စပ် ကုန်စည် စီးဆင်းမူ ရပ်ဆိုင်း
by -
နိရဥ္စရာ သတင်းဌာန

မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ် ဘူးသီးတောင်-မောင်တော ကားလမ်းပေါ်ရှိ တံတား တစ်ခုကျိုးကျ သွားသဖြင့် ကားအသွားအလာ ရပ်ဆိုင်းကာ နယ်စပ် ကုန်စည် စီးဆင်းမူ လုံးဝ ရပ်တန့်သွားပြီဖြစ် ကြောင်း သိရသည်။

" ဟုတ်ပါတယ်။ မနေ့က တောင်ခေါင်းကြီးနဲ့ တောင်ခေါင်းချေ (ငယ်) အကြား မှာတည်ရှိတဲ့ သံဘောင်တပ် တံတားတစ်ခု ကားတစီး ဖြတ်သွားစဉ် ကျိုးကျသွားတဲ့ အတွက် အခု ကားအသွားအလာ လုံးဝ ရပ်ဆိုင်းသွားပါပြီ။ ကုန်စည်တွေလည်း ဟိုဘက် ဒီဘက် ပို့လို့ မရတော့ပါဘူး" ဟု မောင်တောမှ ကုန်သည် တစ်ဦးက ပြောသည်။
Narinjara-photo-gallery-4-7-2011--pic-9
ယမန်နေ့က တံတား ကျိုးကျစဉ် တံတားနှင့် အတူ ကျောက်တင်ကား တစ်စီး အတူပါသွားသော်လည်း လျှိုထဲ ကျမသွားဘဲ တံတားပေါ်တွင် တွဲကျ တင်ကျန်ရစ်သဖြင့် နောက်ပိုင်းတွင် တခြား ကားတစီးဖြင့် ဆွဲယူ ကယ်တင်ခဲ့ရသည်ဟု သူက ပြောသည်။

" တံတားက ဟောင်းနေပြီ ဖြစ်ပါတယ်။ မပြုပြင်ဘဲ ပစ်ထားတော့ မိုးတွင်းရောက်တာနဲ့ ကျိုးကျသွားတာပါ။ ကျိုးတဲ့ တံတားကလည်း တောင်ခေါင်း နှစ်ခုကြားမှာဆိုတော့ သွားလာလို့ လုံးဝ မရ ဖြစ်သွားပါတယ်" ဟု သူက ဆက်ပြောသည်။

ယခုကဲ့သို့ ကားလမ်းရှိ တံတား တစ်ခုကျိုးကျသွားသဖြင့် ဘူးသီးတောင်နှင့် မောင်တော အကြား ပုံမှန် ပို့ဆောင်နေသော ကုန်ပစ္စည်းများမှာ ဘူးသီးတောင်နှင့် မောင်တောတွင် စုပုံ နေသည်ဟု သိရသည်။ တခြား ကားပိုင်ရှင် တစ်ဦးကလည်း ကားလမ်းပိတ်သွားသဖြင့် စီးပွားရေးအရ ဒေသခံများ နစ်နေကြရပုံကို ယခုကဲ့သို့ ပြောသည်။

" ဒီလမ်းက ရခိုင်ပြည်နယ် ကုန်သွယ်ရေးမှာ အဓိက အရေးပါဆုံးလမ်း ဖြစ်ပါတယ်။ ဒီလမ်းကို မှီပြီး လုပ်ကိုင် စားသောက်နေရတဲ့ ဒေသခံ လူထုက သိန်းဂဏန်းရှိပါတယ်။ ဒီလမ်းကတဆင့် ဘင်္ဂလာဒေချ့်ကိုကုန်သွယ် ရတာပါ။ အခုတော့ အလုပ် အကိုင်ပျက်ပြီး လူတိုင်း ဒုက္ခ ရောက်နေကြရပါပြီ။ ကျွန်တော် အနေနဲ့လည်း ကားမဆွဲနိုင်တော့ တစ်နေ့ တစ်နေ့ကို ကျပ်သိန်းချီပြီး နစ်နာ ဆုံးရှံုးပါတယ်" ဟု ပြောသည်။ကုန်စျေးနုန်း များ အဆမတန် မြင့်တက်နေချိန်တွင် ယခုကဲ့သို့ ပြည်သူများ အလုပ်အကိုင် ပျက်သွားသဖြင့် အများစု လက်လုပ် လက်စားများမှာ ဒုက္ခ ဖြစ်နေကြသည်ဟု ဆိုသည်။

ဘူးသီးတောင်-မောင်တောလမ်းမှာ ဘင်္ဂလာဒေချ့်နှင့် ဆက်သွယ်ထားသော တစ်ခုတည်း လမ်းပေါက် ဖြစ်သဖြင့် ရခိုင်ပြည်နယ် အတွက် အဓိက ကုန်သွယ်ရေးအရ အရေးပါသော လမ်းဖြစ်သော်လည်း အစိုးရမှ စနစ် တကျ ပြုပြင် ပေးခြင်း မရှိသဖြင့် နှစ်စဉ် မိုးတွင်း အချိန်တွင် အနည်းဆုံး ၁၀ ကြိမ်ခန့် ပြိုပျက်ပြီး အဆက်အသွယ်များ ပြတ်တောက်သွားလေ့ရှိကြောင်း သိရသည်။

အစိုးရမှ နယ်စပ် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်နေပါသည်ဟု လူသိရှင်ကြား တရားဝင် ကျေညာသော်လည်း ရခိုင်ပြည်နယ် နယ်စပ်ဒေသတွင် ပြည်သူများ အဓိက အားကိုးမှီခို လုပ်ကိုင် စားသောက်နေရသော ကားလမ်း တစ်ခုကို ဆယ်စုနှစ်နှင့်ချီပြိး မပြုပြင်ဘဲ ပစ်ပယ်ထားသဖြင့် အစိုးရ၏ လုပ်ရပ် အပေါ် ပြည်သူများက နားမလည်ဘဲ ဖြစ်နေကြရသည်ဟု ဒေသခံများက ပြောသည်။

ယခု ကျိုးသွားသော တံတားကို အနည်းဆုံး ၁၀ ရက်ခန့် အချိန်ယူ ပြင်ဆင်ရမည် ဖြစ်ပြီး ထိုရက်များအတွင်း ပြည်သူများ အလုပ်အကိုင်ပျက်ကာ များစွာ ထိခိုက်နစ်နာကြရအုံးမည် ဖြစ်ကြောင်း သိရသည်။

Most read this week