အဟန့်အတားကြားမှ လူထုက ဒေါ်စုကို ကြိုဆိုနှုတ်ဆက်

အဟန့်အတားကြားမှ လူထုက ဒေါ်စုကို ကြိုဆိုနှုတ်ဆက်
by -
မျိုးသန့်

ချင်းမိုင် (မဇ္စျိမ) ။       ။ အာဏာပိုင်များက ကြိုတင်ဟန့်တားမှုများ ရှိခဲ့သော်လည်းဒေါ်အောင် ဆန်းစုကြည် ၏ ပုဂံဘုရားဖူး ခရီးစဉ်အတွင်း ဒေသခံ လူထုများမှာ ကြိုဆိုနှုတ်ဆက်ခဲ့သည်များ ရှိခဲ့ကြောင်း ခရီးစဉ် လုံခြံုရေးအတွက်လိုက်ပါ သွားသူ NLD ပါတီလူငယ် ကိုအေးခိုင်ကပြော သည်။

နှုတ်ဆက်ခြင်းမပြုရန် အာဏာပိုင်များ အဟန့်အတားလုပ်ခဲ့သောကြောင့် ဒေသခံများအကြားစိုးရွံ့ခဲ့သော် လည်း စတုတ္ထနေ့မြောက် ခရီးစဉ်ဖြစ်သည့် ကြာသပတေး ညနေပိုင်းတွင် ညောင်ဦးစျေးသို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့ရာ ကြောက်ရွံ့မှုမရှိ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

dsbagan32s“ပထမတော့ နည်းနည်းလန့်ကြတဲ့ သဘောပေါ့ဗျာ၊ ဒေါ်စုလည်း လာမယ်ဆိုရော အောင်မလေး ဘယ်သူမှ မကြောက်ကြတော့ဘူးဗျ။ လက်ကလေး ကိုင်ရဖို့ကို အသက်စွန့်ရ စွန့်ရဆိုတဲ့ ပုံစံမျိုးလောက်အထိဖြစ် တယ်ဗျာ။ ကျနော်လည်း တော်တော်အံ့သြတယ်။ တကယ့်လက်တွေ့ ကြံုရတာပါ။လူထုက အဲဒီလောက် ထိ ချစ်တယ်ဗျာ” ဟု ကျောက်ပန်းတောင်းမြို့နယ် NLD လူငယ် ကိုအေးခိုင်က မဇ္စျိမကို ပြောသည်။

ညောင်ဦးဈေးသို့ သွားရောက်မည်ကို ဒေသခံ NLD အဖွဲ့ဝင်များ ကြိုတင်သိရှိသွားရာ ပိတ်ထားသည့် ဆိုင်အချို့ပင် ပြန်ဖွင့်ကာ ကြိုဆိုစောင့်ဆိုင်းခဲ့ကြသည်ဟု သူက ဆိုသည်။

သိုသိုသိပ်သိပ် သွားရောက်ခဲ့သည့် ခရီးစဉ်ဖြစ်သဖြင့် ဒေသခံများမှာ ခရီးစဉ် အသေးစိတ်ကိုမသိရှိသော ကြောင့် အစောပိုင်းရက်များက ကြိုဆိုနှုတ်ဆက်မှုများ နည်းပါးခြင်း ဖြစ်သည်ဟု ခရီးစဉ်တလျှောက် လိုက်ပါသွားခဲ့သည့် သတင်းထောက်များက ပြောကြသည်။

ဈေးသူဈေးသားများမှ တဆင့် အနီးရပ်ကွက်များရှိ ဒေသခံများပါ သိရှိသွားပြီး စောင့်ဆိုင်း နှုတ်ဆက်ခြင်း၊ လက်ဆောင် ပေးခြင်းများ ပြုလုပ်ခဲ့ကြသည်။ နှုတ်ဆက်လာသည့် လူထုမှာညောင်ဦးဈေးမြောက်ဘက် လမ်း တလမ်းလုံး အပြည့်ဖြစ်သည်။ ထိုနေရာသို့ ရောက်ရှိခဲ့သည့် သတင်းထောက်များ၏ ခန့်မှန်းချက်အရ လူ ၃ ထောင်ကျော် ရှိသည်။

အသက်အရွယ် ကြီးရင့်သူ၊ လူငယ်အရွယ်မျိုးစုံ ပါဝင်ပြီး မိန်းကလေးများမှာလည်း အလုအယက် တိုးဝှေ့ နှုတ်ဆက်မှုများ ရှိခဲ့သည်။

“ဒေါ်စုလက်ကိုင်ဖို့ အရေးကိုလေ၊ အပျိုဖေါ်ဝင်စ ကောင်မလေးတွေက ယောက်ျားသားတွေကို ဘယ်လို  ကျော်ဖြတ်ကျော်ဖြတ် ကာယအိန္ဒြေ အပျက်ခံပြီးတော့ကို တိုးကြတယ်ဗျာ။ အဲဒီလောက်ကို ဖြစ်တယ်ဗျာ။ ကျနော် လက်တွေ့ကြံုခဲ့တာ။ တချို့က ငိုတောင်ငိုတယ်။ ဒေါ်စုလာတဲ့အချိန်မှာ ဇွတ်ဖက်နမ်းတဲ့လူနဲ့ ငိုတဲ့လူနဲ့ကျနော်တို့တောင် မျက်ရည်လည်တယ်” ဟု ကိုအေးခိုင်က ဆိုသည်။

ပုဂံဘုရားဖူး ခရီးစဉ်တွင် ပုဂံမြို့ရှိ အာနန္နာဘုရား၊ သဗ္ဗုညုဘုရား၊ မြစေတီများသို့ ဘုရားဖူးထွက်ခဲ့ရာ ထိုဘုရားများရှိ ဂေါပက အဖွဲ့ဝင်များကလည်း ပန်းစည်းများကမ်းကာ ကြိုဆိုခဲ့ကြသည်။

ဒုတိယနေ့ ခရီးစဉ်တွင် ပုဂံမြို့ သရပါတံခါးအနီး၌ နိုင်ငံခြားသားများ အပါအဝင် ဒေသခံ ၂၀၀ ခန့်က နှုတ်ဆက်ခဲ့ကြပြီး၊ အင်္ကျီများ၊ မှတ်စုစာအုပ်များတွင် အမှတ်တရ လက်မှတ်ရေးထိုးခိုင်းခဲ့သည်။

ထိုနေ့ နေ့လည်စာကို သရပါတံခါးအနီးရှိ ဆိုင်အမည် ရေးမထားသည့် လမ်းဘေးထမင်းဆိုင်၌စားသုံးခဲ့ သည်။ ဒေသခံများကတော့ ဆိုင်ကို သရပါသုံး ဟု ခေါ်ကြသည်။

ညနေပိုင်းတွင် သရပါတံခါးအနီး ဝါးတောကျောင်းတိုက်သို့ သွားရောက်ကာ ကျောင်းထိုင်ဆရာတော်အား သင်္ကန်းကပ်လှူခဲ့ပြီး၊ ထိုကျောင်းတိုက်ရှိ ကိုရင် ၄ ပါးအား ထောက်ပံ့လှူဒါန်းရန် ပစ္စည်းလေးပါးဒါယိကာမ အဖြစ် ခံယူခဲ့သည်။

တတိယနေ့တွင် ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပါးတောင်တက်လမ်းပေါ်ရှိ သစ်တောဦးစီးဌာနပိုင် သစ်တောပြတိုက်သို့ သွားရောက် လည်ပတ်ခဲ့သည်။

ခရီးစဉ် နောက်ဆုံးနေ့တွင် ညောင်ဦးမြို့နယ် ဇီးအိုသစ်လှရွာရှိ အင်ကြင်းတော သဘာဝ ထိန်းသိမ်းရေး နယ်မြေသို့ သွားရောက်လေ့လာခဲ့ကာ ဇီးအိုသစ်လှရွာ ဖွံ့ဖြိုးရေးအတွက် သတင်းစာဆရာများက အကူအညီပေးရန် ပန်ကြားခဲ့သည်။

dsbagan35sဒေါ်အောင်ဆန်းစုကြည်သည် NLD အဖွဲ့ဝင် ၃ ဦးနှင့် သောကြာ မနက် ၈ နာရီခွဲတွင် အဲမန္တလေး လေကြောင်းလိုင်းဖြင့် ညောင်ဦးမှ ထွက်ခွာလာရာ ၁ဝ နာရီ မိနစ် ၅ဝ တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်လာခဲ့
သည်။

ဘုရားဖူးမထွက်ခင်ကတည်းက ပြောထားသည့်အတိုင်း စည်းရုံးရေး ခရီးစဉ်မဟုတ်သဖြင့် ခရီးစဉ် တလျှောက် အနားယူခြင်း၊ ဘုရားဖူးခြင်းနှင့် ဒေသခံများ၏ စားဝတ်နေရေး အခြေအနေများကိုသာ လေ့လာခဲ့သည်။

ယခုခရီးစဉ် လုံခြံုရေးအတွက် ပြည်တွင်းပြည်ပရှိ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူများအကြား စိုးရိမ်မှုများ ရှိခဲ့ပြီး၊ NLD က လုံခြံုရေးအတွက် အစိုးရတွင် တာဝန်ရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးနှင့် အမေရိကန် ဆီးနိတ်အမတ် ဂျွန်မက်ကိန်းတို့ တွေ့ဆုံမှုတွင်
 ဒေါ်အောင်ဆန်းစုကြည်ကို သာမန်အရပ်သားအဖြစ် သဘောထားပြီး၊ ဥပဒေနှင့်အညီ သွားလာနိုင်ကြောင်း
 ပြောခဲ့သည်ဟု နိုင်ငံပိုင် သတင်းစာများက ဖော်ပြခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ မိသားစု ဘုရားဖူးခရီးစဉ်အကြောင်း ပြည်တွင်း ပုံနှိပ်ဂျာနယ်များ၌ဖော်ပြသည် ကို မတွေ့ရပါ။