ချင်းမိုင်(မဇ္စျိမ) ။ ။ တိုက်ပွဲကြောင့် တရုတ်-မြန်မာနယ်စပ်သို့ ထွက်ပြေးသွားသူကချင်ဒုက္ခ သည်များကို အကူအညီ မပေးရန် အစိုးရက ပြည်တွင်းမှ အစိုးရမဟုတ်သော NGO အဖွဲ့ကို ပြောဆိုထားသဖြင့်ယနေ့ချိန် ထိ အကူအညီ မရသေးဟု စစ်ပြေး ဒုက္ခသည်များကို ကူညီ စောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူဒေါ်မိုင်းဂျာ က ပြောသည်။
မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးတပ် KIO အဖွဲ့အကြား တိုက်ပွဲစတင်ဖြစ်ပွားစဉ် ယခင်ဇွန်လ လယ်တွင် အစိုးရမဟုတ်သော NGO အဖွဲ့များထံ အကူအညီတောင်းဆိုခဲ့ရာ ကူညီမည်ဟုပြောဆိုခဲ့ပြီး နောက် ယနေ့ထိ တုံ့ပြန်လာခြင်း မရှိသဖြင့် ဆက်သွယ်မေးမြန်းရာမှ သိရှိရသည်ဟု သူက မဇ္စျိမကို ပြောသည်။
“ကျမလည်း NGO အလှူရှင်ကိုတယောက်ကို မေးတာ အစိုးရက မလှူခိုင်းဘူးဆိုတာ ဟုတ်တယ်။ ကျမတို့နဲ့ ဆက်သွယ်တာတောင် မသိစေရဘူး။ တကယ်လို့ ကူညီတာကို သိသွားရင် Register သိမ်းလိုက်မယ်ဆိုပြီး
ပြောတယ်လို့ ပြောလာတယ်။ ဘယ်အဖွဲ့ကိုမှ မဝင်ခိုင်းဘူး။ အဲဒါကြောင့် ဝင်ဖို့ မရဲကြဘူး”ဟု ကချင် ပြည်နယ် နယ်စပ်မြို့ မိုင်ဂျာယန်နေ ဒေါ်မိုင်းဂျာက ပြောသည်။
“အစတော့ ကူညီဖို့ ရှိတယ်။ အစိုးရဘက်က အဲဒီလို ပြောလိုက်တော့ မကူညီတော့ဘူး။ ဒီဘက်တိုက်ပွဲ စဖြစ်တဲ့ဇွန် ၁၅၊ ၁၆ လောက်မှာ အန်ဂျီအိုတွေနဲ့ ဆက်သွယ်တော့ ပိုက်ဆံပို့ဖို့ဆိုတာတွေ ပြောထားတယ်။ အခုတော့ အသံတိတ်သွားပြီး ဆက်သွယ်လို့ကို မရတော့ဘူး။ ကျမ ပြန်မေးကြည့်လိုက်တော့အန်ဂျီအိုတွေ ကို ဒီဘက် မကူညီရဘူးဆိုပြီး ပြောထားလို့ဆိုလို့ သိရတယ်။ အဆက်အသွယ်တောင် မလုပ်ရဘူး”ဟု သူက ဆက်ပြောသည်။
တိုက်ပွဲများ စတင်ဖြစ်ပွားချိန်တွင် အကူအညီပေးလို ကြောင်း ကမ်းလှမ်းလာသူ NGO များရှိသော်လည်း နောက်ပိုင်း အစိုးရဘက်မှ တားမြစ်လိုက်သဖြင့် ယနေ့ထိ ဆက်သွယ် ပြောဆိုလာခြင်း မရှိတော့ကြောင်း သူက ဆက်ပြောသည်။
ပြည်တွင်းမှ အနည်းဆုံး NGO ၃ ဖွဲ့ကို ကူညီရန် အကူအညီတောင်းခံခဲ့သော်လည်း ဆွေးနွေးမည်ဟု ဆိုကာ ယနေ့ထိ ပြန်လည်အကြောင်းကြားလာခြင်း မရှိကြောင်း သူက ဆိုသည်။
လက်ရှိ တရုတ်နယ်စပ် KIO တပ်မဟာ ၃ နယ်မြေအတွင်း မိုင်ဂျာနယ်တွင် ဒုက္ခသည်ပေါင်း ၃ဝဝဝ ကျော်ရှိရာ သူတို့ကို လူမှုကယ်ဆယ်ရေးအဖွဲ့တခုဖြစ်သော WungPawng Ning Htoi အဖွဲ့မှ တရက်လျှင် လူကြီး နို့ဆီဗူး ၂ ဗူး၊ ကလေး ၁ ဗူးနှင့် ဆီ၊ ဆား၊ ကုလားပဲ၊ အာလူး စသည့် အစားအသောက်များကို တတ်နိုင်သလောက် ကူညီ ပေးနေကြောင်း သိရသည်။
စစ်ပြေး ဒုက္ခသည်များကို မကူညီကြောင်း ပြီးခဲ့သည့် ၃ ပတ်ခန့်က NGO အဖွဲ့များကို လက်မှတ်ထိုး ခိုင်းခဲ့သည်ဟု NGO နှင့် နီးစပ်သူ တဦးက ပြောသည်။
“NGO တွေကို လက်မှတ်ထိုးခိုင်းထားတယ်။ အစိုးရက ပိတ်ထားတယ်လို့ ပြောတယ်။ သူတို့ကို ကျနော်တို့ မကူညီပါဘူးဆိုတဲ့ လက်မှတ်ထိုးခိုင်းတာတဲ့။ ၃ ပတ်လောက်တောင်ရှိတော့မယ်ထင်တယ်။ ဘာကြောင့်ဆိုတာတော့ မသိဘူး”ဟု သူက မဇ္စျိမကို ပြောသည်။
အလားတူ နှစ်ဖက်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာသူများကို KIO ဌာနချုပ် လိုင်ဇာမြို့ပေါ် စစ်ပြေး ဒုက္ခသည်များပေါင်း ၁၇,ဝဝဝ ခန့် ရှိနေပြီ ဖြစ်ကြောင်း KIO က ပြောဆိုထားသည်။ လိုင်ဇာမြို့ပေါ်မှဒုက္ခ သည် များကို KIO အဖွဲ့က ကူညီစောင့်ရှောက်နေသည်ဟုလည်း ဆိုသည်။
နှစ်ဘက်တိုက်ပွဲ ၁ လပြည့်သည့်အချိန်အထိ မည်သည့် NGO များမှ ကူညီခြင်း မရှိသေးဘဲ လူမှုရေးအရ ကူညီလိုသော NGO အဖွဲ့အစည်းများကို မကူညီရန် အစိုးရဘက်မှ တားမြစ်သည်ကို သိရကြောင်းဒုက္ခ သည်များကို ကယ်ဆယ်ရေး ကော်မတီ တာဝန်ခံ KIO ၏ အရပ်ဘက် အရာရှိ ဦးဒွဲပီဆားကပြော သည်။
“မြစ်ကြီးနားက အန်ဂျီအိုတွေကို မကူညီဖို့ နှုတ်မိန့်ပြောထားတယ်၊ အန်ဂျီအိုသာမကဘူး။ သာဘာရေး ဆရာတွေကိုလည်း ပြောဆိုထားတာရှိတယ်လို့ ကြားပါတယ်။ အစိုးရက KIA ကို ရန်သူသတ်မှတ်ပြီးမှ အကျပ်ကိုင်တယ်ဆိုပါတော့၊ ဒါပေမဲ ့ပြည်သူလူထုကို ကူညီ ထောက်ပံ့တာကို တားမြစ်တာကလူ့အခွင့် အရေးကို ချိုးဖောက်တယ်လို့ဘဲ ယူဆတယ်”ဟု သူက ပြောသည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် အစိုးရ မဟုတ်သော NGO များဖြစ်သော AZG ၊ World Concern ၊ WHO ၊ ငြိမ်းဖာင်ဒေးရှင်း Shalom Foundation နှင့် မေတ္တာဖောင်ဒေးရှင်း စသည့် အဖွဲ့အစည်းအများ အပြားရှိသည်။
အလှူရှင်များထံမှ စုဆောင်းရရှိသော ဆန် တင်း ၉ဝ သာ ကျန်ရှိနေပြီဟု ဆိုသည်။ ထို့ပြင် ယခုတပတ်မှ စတင်၍ မိုင်ဂျာနယ်ကျောင်း ပြန်ဖွင့်ပြီ ဖြစ်၍ တရုတ်နိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးသွားသူသည့် ဒုက္ခသည် ကလေးများ ကျောင်းပြန်တက်ရန် ရောက်ရှိလာပြီ ဖြစ်၍ ၄ဝ ခန့် ပြန်ဝင်လာသည်ဟု သိရသည်။
အစိုးရအနေဖြင့် NGO အဖွဲ့အစည်းများကို ကူညီမှု တားမြစ်ထားသဖြင့် ဒုက္ခသည်များသည် စစ်ကြောင့် ထွက်ပြေးရသလို စားဝတ်နေရေး ခက်ခဲမှုနှင့် နှစ်ကြိမ် ဒုက္ခခံနေရသည်ဟု ဒေါ်မိုင်းဂျာက ဆိုသည်။
“ကျမတို့က လက်နက်ကိုင်တဲ့လူတွေ မဟုတ်ဘူး။ လက်နက်ကိုင် နှစ်ဖွဲ့ကြားမှာ ခံနေရတဲ့ ပြည်သူတွေပါ။ ဒုက္ခသည် ဆိုတာက နှစ်ဘက်တိုက်ပွဲဖြစ်တော ့သေနတ်သံကြားလို့ ထွက်ပြေးလာတဲ့ လူတွေဘဲ။ကျမတို့ က အစိုးရကို ဆန့်ကျင်နေတာ မဟုတ်ဘူး။ ခုလို မကူညီခိုင်းဘူးဆိုတာက ငတ်ပြီး သေသွားအောင် လုပ်တာဘဲ။ နည်းနည်းမှ လူသားချင်း စာနာစိတ်မရှိတဲ့ အစိုးရဘဲ” ဟု သူက မဇ္စျိမကို ပြောသည်။
ဗန်းမော်နှင့် လွယ်ဂျာအကြားရှိ ကျေးရွာ အချို့တွင် အစိုးရက တရုတ်နယ်စပ်ဘက် ထွက်ပြေးသွားသူများ၏ နာမည်စာရင်းကို လိုက်လံ ကောက်ခံနေသည်ဟု သတင်းများ ကြားရသဖြင့် အရေးယူမည်ကို စိုးရိမ်သဖြင့် ဒုက္ခသည်များသည် နေရပ်ရင်းသို့ ပြန်ရန် ကြောက်ရွံ့ နေသည်ဟု သူက ဆိုသည်။