လူထုက ကိုယ်ထူ ကိုယ်ထ တည်ဆောက်ထားသော ကျောက်ဖြူ ကံ့ကော်တော ဘုရားလမ်း အစိုးရ စီမံကိန်းကြောင့် ပျက်စီး

လူထုက ကိုယ်ထူ ကိုယ်ထ တည်ဆောက်ထားသော ကျောက်ဖြူ ကံ့ကော်တော ဘုရားလမ်း အစိုးရ စီမံကိန်းကြောင့် ပျက်စီး
by -
မောင်ရမ္မာ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ရှိ အထင်ကရ ဘုရားတစ်ဆူဖြစ်သော ကံ့ကော်တောဘုရားလမ်း မှာ အစိုးရ စီမံကိန်း တခု ဖြစ်သော ရွှေဂတ်စ် စီမံကိန်းမှ ကျောက်ထုတ်လမ်း အဖြစ် ကားများဖြင့် အသုံးပြု နေသဖြင့် ယခုအခါ သွားလာလို့ မရ အောင် ပျက်စီးနေကြောင်း ဒေသခံများကပြော သည်။

construction-photo-narinjara

"ကျွန်တော်တို့ ကျောက်ဖြူမြို့နယ်မှာ အထင်ကရ ကံ့ကော်တော ဘုရားဆိုတာရှိပါတယ်။ ကားလမ်းမကြီးက တမိုင်ကျော်ရှိတဲ့ ဘုရားကို သွားတဲ့ ကားလမ်းကို မြို့သူမြို့သားတွေ ရွာသူ ရွာသားတွေက ကိုယ်ထူကိုယ်ထ စနစ်နဲ့ ကတ္တရာလမ်းဖေါက်လုပ် လှူဒါန်းထားပါတယ်။ အဲဒီ ကတ္တရာလမ်းကို အခု ကုမ္ပဏီသုံးခုက ကျောက် ထုတ်လုပ်ငန်း အတွက် အသုံးပြုပစ်တာကြောင့် လမ်း လုံးဝပျက်စီးသွားပြီးတော့ ဘုရားဖူး ပြည်သူတွေ ဘုရား ဖူးသွားလို့ မရဖြစ်နေပါတယ်"ဟု ကျောက်ဖြူဒေသခံတဦးက ပြောသည်။

ကျောက်ဖြူမြို့နှင့် တမိုင်ခွဲ အကွာတွင်ရှိသော ပေါက်နက်ကြီးတောင်မှ ကျောက်တောင်များကို မှိုင်းခွဲကာ ရေလမ်းခရီး ၁ မိုင်ခန့်ဝေးကွာသော ကုလားပိုက်ဆိပ် ဆိပ်ကမ်းသို့ လှေသဗ္ဗာန် မော်တော်များဖြင့် တင်ဆောင်လာပြီး ၎င်း ဆိပ်ကမ်းမှ တဆင့် ကျောက်များကို ကံ့တော ဘုရားအနီးသို့ သယ်ဆောင်နေသဖြင့် ကားလမ်းမှာ ပျက်စီးသွားခြင်း ဖြစ်ကြောင်း သူက ပြောသည်။

" အဲဒီ ကျောက်ဖြူမြို့နဲ့ ၆ မိုင်ခန့်အကွာ ဘုရားလမ်းအနီးမှာ ကုမ္ပဏီတွေက ငှားရမ်းထားတဲ့ မြေကွက် လပ်တွေမှာ ကျောက်ကြိတ်စက်တွေကို တည်ဆောက်ထားပါတယ်။ အဲဒီစက်တွေဆီကို ကုလားပိုက်ဆိပ်က ကျောက်တွေကို ကျောက်တင်ကားတွေနဲ့ နေ့စဉ်နေ့တိုင်း သယ်ဆောင် နေတာကြောင့် ကျွန်တော်တို့ ပြည်သူတွေ တည်ဆောက်ထားတဲ့ ဘုရားကို သွားတဲ့လမ်း ပျက်စီးသွားတာ ဖြစ်ပါတယ်။"

အဆိုပါ လမ်းကို နေ့တိုင်း အသုံးပြုနေသာ ကားများမှာ ဟွန်ဒိုင်းကုမ္ပဏီ၊ မြင့်ကုမ္ပဏီ၊ ရွေသဘာဝ ဓါတ်ငွေ့ စီမံကိန်းလက်အောက်ခံ MGC နှင့် CSC ကုမ္ပဏီများမှ ဖြစ်ကြကြောင်း သိရသည်။

ကံ့ကော်တော ဘုရားတွင် ၀ါတွင်းကာလအတွင်း ကျောက်ဖြူမြို့နှင့် အနီးအနားကျေးရွာများမှဗုဒ္ဓဘာသာဝင် များ ဥပုသ်သီလ ဆောက်တည်ကြ သဖြင့် အဆိုပါ လမ်းမှာ အထူး သွားလာများသော လမ်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

တခြား ဒေသခံ အမျိုးသမီး တစ်ဦးကလည်း " ဘုရားဖူး ပြည်သူတွေ သွားလာလို့မရဘဲ ဖြစ်နေတဲ့ အပြင် အခု ၀ါတွင်းကလာ ဥပုသ်သီလ ဆောက်တည်ကြတဲ့ မြို့သူမြို့ သားတွေလည်း ဥပုသ်သီလ ဆောက်တည်ဖို့ ကား နဲ့ သွားမရ၊ ခြေလျင်လည်း သွားလို့ မရ၊ မော်တော်ဆိုင်ကယ်နဲ့လည်း သွားလာလို့ မရ ဖြစ်နေပါတယ်။ ကျွန်မတို့ ကိုယ်တိုင် လွန်ခဲ့တဲ့ တစ်ရက်နှစ်ရက်က အဲဒီလမ်းကို သွားခဲ့တဲ့အခါမှာ အဲဒီလမ်းဟာ ရွံ့ရည်တွေနဲ့ လုံးဝသွားလို့မရဖြစ်နေတယ်" ဟု ပြောသည်။

အဆိုပါလမ်းကို ကျောက်ဖြူမှ ၆ မိုင်ခန့်အကွာ ဂုံချိန် ကျေးရွာ၌ တည်ဆောက်နေသော ရွေသဘာဝ ဓါတ်ငွေ့ စီမံကိန်းက ဓါတ်ငွေ့သန့််စင်စက်ရုံမှလည်း အသုံးပြုနေကြောင်း သိရသည်။

အဆိုပါ စီမံကိန်းမှ အလုပ်သမား ၄၀၀ ကျော် စွန့်ပစ်သော မစင်နှင့် မိလ္လာများကို ကျေးရွာသားများ အသုံးပြု နေသော ချောင်းထဲသို့ လာရောက် စွန့်ပစ်နေသဖြင့် ကျေးရွာသားများနှင့် ပြဿနာ ဖြစ်ပေါ်နေသည်ဟုလည်း သူက ပြောသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် အကောင်အထည် ဖေါ်နေသော ရွှေဂတ်စ် စီမံကိန်းကြောင့် ဒေသခံ ပြည်သူများ အကျိုးမခံစားရသည့် အပြင် ယခုကဲ့သို့ ဆိုးကျိုးများသာ ဖြစ်ပေါ်နေသဖြင့် အစိုးရမှ အကောင်အထည် ဖေါ်နေသော ရွှေဂတ်စီမံကိန်းကို လူထုက အထူး မလိုမလား ဖြစ်နေကြသည်ဟုလည်း သတင်း ရရှိသည်။

Most read this week