ရှမ်းပြည်နယ်တွင် ရခိုင်လူငယ် ၃ ဦး ပစ်သတ်ခံရ

ရှမ်းပြည်နယ်တွင် ရခိုင်လူငယ် ၃ ဦး ပစ်သတ်ခံရ
by -
ထွန်းထွန်း

ရခိုင်ပြည်နယ်မှ အလုပ်လုပ်ရှာဖွေရန်သွားရောက် သည့် ရခိုင်လူငယ် ၃ ဦးမှာ အမည်မသိ သေနတ် သမားများက ပစ်သတ်သွားသဖြင့် ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့ ( Nam Hsan) တွင်သေဆုံး သွားကြောင်း သတင်း ရရှိသည်။

Photo-Shan-Sobaသေဆုံးသွားသူ ၃ ဦးထဲတွင် ရသေ့တောင်မြို့နယ် စေတီပြင် ကျေးရွာမှ ကျောင်းဆရာ ဦးမြကျော်စိန်၏ သားအငယ်ဆုံး ဖြစ်သူ ကိုကျော်ဝင်းညွန့်လည်း ပါ၀င်သွားခဲ့သည်။

သူတို့ သေဆုံးသွားကြောင်းကို စေတီပြင်ဘုန်းတော်ကြီကျောင်းမှ ရဟန်းတော် တပါးက ယခုကဲ့သို့ နိရဥ္စရာသို့ အတည်ပြု မိန့်ကြားသည်။

" ကျော်ဝင်းညွန့်ဟာ နောက်ထပ် ရခိုင်လူငယ် နှစ်ဦးနဲ့ အတူ သေဆုံးသွားတာ မှန်ကန်ပါတယ်။ ဒီလ ၅ ရက်နေ့ကဘဲ သူ့မိသားစုက ရက်လည်ဆွမ်းသွပ်ပါတယ်။ သူတို့ကို ရှမ်းပြည်နယ် နမ့်ဆန်မြို့မှာ အိပ်နေတုန်း အမည်မသိ သေနတ်သမားတွေက လွန်ခဲ့တဲ့ အပတ်က ပစ်သတ်သွားခဲ့တာ ဖြစ်ပါတယ်" ဟု မိန့်ကြားသည်။

ကိုကျော်ဝင်းညွန့်သည် စစ်တွေမှ လူငယ် ၂ ဦးနှင့် အတူ နမ့်ဆန်မြို့တွင် နေထိုင်သူ တရွာတည်းသား ဦးလှသန်း၏ သား ကိုမောင်ရဲ၏ ခေါ်ယူမူကြောင့် အလုပ်ရှာရန် လိုက်ပါသွားစဉ် ယခုကဲ့သို့ အဖြစ်ဆိုးနှင့် ကြံုတွေ့ရခြင်း ဖြစ်ကြောင်း သိရသည်။

Photo-by-Shan-Sobaကိုကျော်ဝင်းညွန့်၏ ဆွေမျိုး တစ်ဦးက " သူက အလုပ်အကိုင် အဆင်ပြေမယ်ဆိုတော့ ရွာကနေ ရှမ်းပြည်နယ် နမ့်ဆန်မြို့ဘက်ကို အလုပ်လုပ်ဖို့ဆိုပြီး စစ်တွေက လူငယ် ၂ ယောက်နဲ့ အတူ လွန်ခဲ့တဲ့လက ထွက်သွား ပါတယ်။ နမ့်ဆန်မြို့ က ကိုမောင်ရဲအိမ် အပြင်ခန်းမှာ တခြား လူငယ် ၂ ဦးနဲ့ အိပ်နေစဉ်အမည် မသိတဲ့ လက်နက်ကိုင် အဖွဲ့တစ်ခုက လွန်ခဲ့တဲ့ အပတ်က ၀င်ရောက် ပစ်သတ်သွားခဲ့တာ ဖြစ်ပါတယ်" ပြောသည်။

သူတို့ သေဆုံးပြီးနောက် ကိုမောင်ရဲက သူတို့၏ အလောင်းများကို နမ့်ဆန်ရဲစခန်းသို့ သွားရောက် အပ်နှံခဲ့ပြီး ရဲအဖွဲ့မှ ကိုကျော်ဝင်းညွန့် သေဆုံးသွားကြောင်းကို မိသားစုထံ ထပ်မံ အကြောင်းခဲ့သည်ဟု သိရသည်။

ကိုကျော်ဝင်းညွန်းမှာ အသက် ၃၈ နှစ် ရှိပြီး စေတီပြင်ရွာတွင် နေထိုင်ကာ သူတွင် မောင်တောမြို့သူ ဇနီးနှင့် သားငယ် ၂ ဦး၊ သမီးငယ်တဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။

" ကိုကျော်ဝင်းညွန့်က လူကောင်း တစ်ဦး ဖြစ်ပါတယ်။ လက်ရှိရခိုင်ပြည်နယ်မှာက အလုပ်အကိုင်တွေ မရှိဘူး။ ငွေ အရမ်းကျပ်ပါတယ်။ ဒါကြောင့် အလုပ်ကလေး ရလိုရငြား တရုတ်နယ်စပ်ဘက်ကိုလိုက်သွား တာပါ။ သူတို့ ရောက်တဲ့ အချိန်မှာ ဟိုဘက်မှာက ပြည်တွင်း စစ် ဖြစ်နေတယ်လေ။ ခုတော့ အသက် အန္တရာယ် ထိခိုက် သွားခဲ့ပြီ ဖြစ်ပါတယ်။ မိသားစု တခုလုံး အတွက် အကြီးအကျယ် နစ်နာ ဆုံးရှံုးမူ ဖြစ်ပါတယ်။ သူမှာ ကျန်ခဲ့တဲ့ လူမမယ် ကလေးအတွက် ပိုပြီး စိတ်မကောင်းစရာပါ" ဟု သူက ပြောသည်။

တခြား သေဆုံးသွားသူ စစ်တွေမှ လူငယ် နှစ်ဦးကို နိရဥ္စရာမှ ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါသည်။

Most read this week