ဂျပန်ပေါ်လစီ ဆွေးနွေး

ဂျပန်ပေါ်လစီ ဆွေးနွေး
by -
ထွန်းထွန်း

နယူးဒေလီ (မဇ္စျိမ) ။      ။ မြန်မာနိုင်ငံအပေါ် ထားရှိသည့် ဂျပန်နိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒနှင့် ပတ်သက်၍ ဂျပန်အခြေစိုက် မြန်မာ့ ဒီမိုကရေစီ အင်အားစုများနှင့် ဂျပန် အမတ်များသမဂ္ဂတို့ တိုကျိုမြို့တွင် ဗုဒ္ဓဟူးနေ့က ဆွေးနွေးကြသည်။

မြန်မာအပေါ် ထားရှိသည့် ဂျပန်၏ နိုင်ငံခြားရေးမူဝါဒ ပြောင်းလဲနိုင်မှု ရှိ၊ မရှိ၊  ရှေ့အလားအလာနှင့် ပတ်သက်၍ အဓိက ဆွေးနွေးခဲ့ကြကြောင်း ပါဝင်ဆွေးနွေးခဲ့သည့် တိုကျိုအခြေစိုက် မြန်မာ့ရေးရာရုံးမှ အတွင်းရေးမှူး ဒေါက်တာမင်းညိုက မဇ္စျိမကို ပြောသည်။

“ဂျပန်က မြန်မာပြည်ရဲဲ့ နိုင်ငံရေးမှာ အားလုံးပါဝင်နိုင်တဲ့ အနေအထားရှိရမယ်။ နောက် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရမယ်ဆိုပြီး ပြောထားခဲ့တာတွေ ရှိတယ်။ နောက် ဥပဒေကို အခြေခံရမယ်ဆိုပြီး တောင်းဆိုထားတာ ရှိတယ်။ ဒီတော့ ဒီအပေါ်မှာအခြေခံတဲ့ နိုင်ငံရေးပေါ်လစီကို ပြောင်းသွားပြီလားဆိုတာ ကျနော်တို့ ဆွေးနွေးတာပေါ့” ဟု ဒေါက်တာမင်းညိုက  ပြောသည်။

mkometdassk6ပါလီမန် နိုင်ငံခြားရေးရာ ဒုဝန်ကြီး မစ္စစ် Makiko Kikuta ဇွန်လကုန်ပိုင်းက မြန်မာပြည်သို့ သွားရောက်ခဲ့ အပြီး မြန်မာပြည် အပေါ် စီးပွားရေးအကူအညီ ပြန်ပေးရန် စဉ်းစားနေသည်ဆိုသည့် သတင်းများ ပေါ်ထွက်လာ ခဲ့သည်။ ထိုအကြောင်းကို ဂျပန်နိုင်ငံ နေ့စဉ်ထုတ် သတင်းစာ ယူမီယူရီ Yumiuri ၌ ဇူလိုင်လ ၃ ရက်နေ့က ဖော်ပြခဲ့သည်။

“ပါလီမန်ဒုတိယဝန်ကြီးက မြန်မာပြည်ကို သွားတော့ ဂျပန်-မြန်မာ ဆက်ဆံရေးက မျက်နှာသစ် ဖွင့်လိုက်ပြီလို့
 ပြောတာကိုးဗျ။ ဒီတော့ မျက်နှာသစ် ဖွင့်လိုက်တယ်ဆိုတော့၊ စာမျက်နှာအသစ် ရောက်ပြီဆိုတော့ မူဝါဒအသစ် ဖြစ်တယ်ဆိုတဲ့ သဘော ရောက်တယ်လို့ အဓိပ္ဗာယ်ပေါ်တာပဲလေ” ဟု ဒေါက်တာမင်းညိုက ဆိုသည်။

ယနေ့ပြုလုပ်သည့် ဆွေးနွေးပွဲ၌ ဂျပန်ဘက်မှ ဂျပန်အမတ်များသမဂ္ဂ အတွင်းရေးမှူးလည်းဖြစ်၊ အာဏာရ ဒီမိုကရက်တစ် ပါတီ အထက်လွှတ်တော်အမတ် မစ္စတာ Azuma Konno၊  မြန်မာ့ရေးရာရုံး၊ ဂျပန် အလုပ် သမားများ သမဂ္ဂ တာဝန်ရှိသူများနှင့် Network of Democracy in Burma - NDB မှကိုယ်စားလှယ် များ ပါဝင် တက်ရောက်ခဲ့သည်။

ဆွေးနွေးပွဲကို ပါလီမန်အမတ်များ နေထိုင်ရာဝင်းအတွင်းရှိ မစ္စတာ Azuma Konno ၏ ရုံးခန်း၌ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဆွေးနွေးပွဲတွင် လက်ရှိမြန်မာနိုင်ငံ အခြေအနေနှင့် ပတ်သက်၍ တင်ပြ ပြောဆိုခဲ့ကြပြီး၊ ရှမ်းပြည်နယ် တိုက်ပွဲများ၌  မြန်မာအစိုးရတပ်များမှ ဓာတုလက်နက် သုံးနေသည်၊ မြောက်ကိုရီးယားမှ နျူကလီးယား လက်နက်များ တင်သွင်းနေသည် ဆိုုသည့် စွပ်စွဲပြောဆိုုချက်များ၊ အစိုးရတပ်များ၌ ကလေးစစ်သား အသုံးပြုနေခြင်းနှင့် အဓမ္မ ခိုင်းစေခြင်းများ စသည့် အကြောင်းအရာများလည်း ပါဝင်သည်ဟု သိရသည်။

ဆွေးနွေးချက်များနှင့် ပတ်သက်၍ ဇူလိုင်လ ၁၂ ရက်နေ့တွင် ပြုလုပ်မည့် ဂျပန်နိုင်ငံ အမတ်များ သမဂ္ဂ အထူး အစည်းအဝေး၌ ထည့်သွင်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံရောက် မြန်မာဒီမိုကရေစီအင်အားစုများက မြန်မာနိုင်ငံတွင်  ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှု မရှိသေးခြင်းနှင့် ပြည်တွင်းစစ် ဆက်ဖြစ်နေသည့်အတွက် ဂျပန်အစိုးရအနေဖြင့် မြန်မာအစိုးရအား အကူအညီ
 ပြန်လည် မပေးသင့်သေးကြောင်း ရှုမြင်သည်။

Most read this week