ရွာသစ် ရေကာတာတွင် အစိုးရတပ်မှ တပ်အင်အား တိုးမြှင့်

ရွာသစ် ရေကာတာတွင် အစိုးရတပ်မှ တပ်အင်အား တိုးမြှင့်
by -
ကေဒီအာရ်ဂျီ

ကရင်နီပြည်နယ် ဘောလခဲမြို့နယ်အတွင်းရှိ ရွာသစ် ရေကာတာ တည်ဆောက်ရေး စီမံကိန်း လုံခြံုရေး အတွက် မြန်မာအစိုးရတပ်မှ တပ်အင်အား တိုးမြှင့် ချထားကြောင်း သိရသည်။

“အရင်တုန်းက ဗိုလ်မှူး လှိုင်းလင်းကျော် ဦးဆောင်တဲ့ ၅၂၅ တပ်ရင်း တစ်ရင်းပဲ စီမံကိန်း လုံခြံုရေးအတွက် တာဝန်ယူပေးတယ်။ အခုတော့ ဗိုလ်မှူး ဇော်မန်းဖြိုး ဦးဆောင်တဲ့ ၄၂၃ တပ်ရင်း၊ ရှမ်းပြည်နယ်၊ ဖယ်ခုံ အခြေစိုက် တပ်ရင်းက တပ်အင်အား ဖြည့်လာတယ်။ ပြီးတော့ လူသွားလူလာဂိတ်တွေမှာစစ်ဆေးမေးမြန်း မှုတွေကို လုပ်လာပါတယ်” ဟု ရွာသစ်ဒေသခံတစ်ဦးက ပြောသည်။

damဗိုလ်မှူးလှိုင်းလင်းကျော် ဦးဆောင်သည့် တပ်ရင်း ၅၂၅ မှ တပ်အင်အား ၆၀ ဖြင့် ရွာသစ်ရေကာတာ တည်ဆောက်ရေးစီမံကိန်းကို အနီးကပ်လုံခြံုရေး ယူပေးလျက်ရှိရာမှ ယခု ၄၂၃ တပ်ရင်း ထပ်မံတိုးချဲ့ ချထားခြင်းဖြစ်သည်။ သို့သော် ၄၂၃ တပ်ရင်းမှ တပ်အင်အား မည်မျှထပ်မံတိုးချဲ့သည်ကိုအတိအကျမသိ ရှိရသေးပေ။

ပြီးခဲ့သည့် မေလဆန်းပိုင်းက ရှမ်းပြည်နယ် တာဆန်း ရေကာတာ စီမံကိန်းတွင် တရုတ်အင်ဂျင်နီယာ ၄ ဦး ပျောက်ဆုံးပြီးသည့်နောက် ဘောလခဲမြို့နယ် သံလွင်မြစ်ပေါ်တွင် ရွာသစ် ရေကာတာကို စတင်တည်ဆောက် နေသော တရုတ်အင်ဂျင်နီယာများအတွက် အစိုးရစစ်တပ်များက လုံခြံုရေးအင်အား တိုးမြှင့်လာဖြင်းဖြစ် နိုင်သည်ဟု ဒေသခံများက ခန့်မှန်းကြသည်။

အခြားသော ရွာသစ်ဒေသခံတစ်ဦးကလည်း “ကြည့်ရတာ ဒီတာဆန်းဖက်မှာ အင်ဂျင်နီယာတွေ အဖမ်းခံရပြီးတဲ့နောက်ပိုင်း ရွာသစ်မှာ ရှိတဲ့ တရုတ် အင်ဂျင်နီယာတွေက သူတို့ လုံခြံုရေးအတွက် ပိုပြီး ဂရုစိုက်လာပါတယ်။ လုံခြံုရေးအတွက် သူတို့ကို သတင်း ပေးမယ့် သူတွေကို အလုပ်သမားကြားမှာ ပြီးတော့ ရွာသားကြားမှာ ကိုယ်တိုင် လိုက်ထားလာတယ်”  ဟု ပြောသည်။

တာဆန်း ရေကာတာ စီမံကိန်းတွင် ပျောက်ဆုံးခဲ့သော တရုတ်အင်ဂျင်နီယာ ၄ ဦးမှာ လမ်းပြနှင့် စကားပြန် ဆောင်ရွက်ပေးသူ ဒေသခံတစ်ဦးနှင့်အတူ စက်လှေ ငှားရမ်းပြီး ရေကာတာ တည်ဆောက်ရာ ဒေသမှ အထက်ဘက်သို့ ဆန်တက်သွားစဉ် အမည်မသိ လက်နက်ကိုင် တစ်စုမှ သေနတ် ပစ်ဖောက်ခြိမ်းခြောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ကရင်နီ ဖွံ့ဖြိုးရေးသုသေတနပြုအဖွဲ့မှ သတင်းရရှိထားသည်။

ရွာသစ် ရေကာတာတွင် အုတ်မြစ် ချရန်အတွက် တရုတ်အင်ဂျင်နီယာများက ယခုနှစ်ဆန်းပိုင်းမှ စ၍ မြေအောက်ထဲ အပေါက်များကို တူးချလျက်ရှိသည်။ အပေါက်များ တူးချနေသော တရုတ်အင်ဂျင်နီယာ များသည် ပြီးခဲ့သည့် မတ်လ သင်္ကြန်ကာလတွင် ရွှေဟု ယူဆရသော ခဲများကို တွေ့ရှိခဲ့သည်။ သို့သော် ထိုခဲများသည် ရွှေအစစ် ဟုတ်မဟုတ် ဆိုသည်ကို ယခုအချိန်ထိ အတည်မပြုသေးပေ။

ကရင်နီပြည်နယ်တွင် သံလွင်မြစ်ပေါ်တွင် ယခု တည်ဆောက်နေသော ရွာသစ် ရေကာတာ အပါအဝင် ဘောလခဲမြို့နယ်ရှိ ပွန်ချောင်း ရေကာတာနှင့် လွိုင်ကော်မြို့နယ်မြောက်ဘက်ရှိ သဖက်ချောင်း ရေကာတာ ၃ ခု တည်ဆောက်ပြီး ရေအားလျှပ်စစ်ဓါတ်အား ထုတ်လုပ်ရန် ယခင် မြန်မာစစ်အစိုးရက တရုတ်နိုင်ငံတောင်ပိုင်း ယူနန်ပြည်နယ် အကြီးစား ရေအားလျှပ်စစ် ထုတ်လုပ်ရေး ကုမ္ပဏီ ဖြစ်သည့် ဒါးတန်း ကော်ပိုရေးရှင်းနှင့် ပြီးခဲ့သည့် ၂၀၁၀ ခုနှစ် ဇန်နဝါရီလတွင် နားလည်မှု စာချွန်လွှာတစ်ရပ် ရေးထိုးခဲ့ကြသည်။

ယင်းရေကာတာ စီမံကိန်းများကြောင့် ကရင်နီပြည်နယ်တွင် ကျေးရွာပေါင်း ၂၁၂ ရွာနှင့် ဒေသခံပြည်သူ ၃၂၀၀၀ ကျော် အခက်အခဲနှင့် ရင်ဆိုင်ရဖွယ်ရှိသည်ဟု ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့က ထိုင်းနိုင်ငံချင်းမိုင်မြို့ ၌ ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ကေဒီအာရ်ဂျီက ပြောခဲ့သည်။