သားသမီးလက်ထက်မှာ ကရင်နီအမျိုးသားလက္ခဏာတွေ မပျောက်သွားရလေအောင်…

သားသမီးလက်ထက်မှာ ကရင်နီအမျိုးသားလက္ခဏာတွေ မပျောက်သွားရလေအောင်…
by -
ကန္တာရဝတီတိုင်း(မ်)

(အင်တာဗျူး) အသက် ၄၅ နှစ်ရှိပြီဖြစ်တဲ့ ဆရာ ကူးရယ်ဟာ ၁၉၉၁ ခုနှစ်ကကရင်နီစာပြန့်ပွားရေး အတွက်တော်လှန်ရေး နယ်မြေကနေပြည်တွင်း ကိုဝင်ပြီး ကျောင်းဆရာ အဖြစ်တာဝန်ထမ်းဆောင် ခဲ့ပါတယ်။ လုထုကြားမှာ ကရင်နီစာကို မြန်မာ စစ်တပ်တွေ မမြင်မသိအောင်တိတ်တိတ်ပုန်း သင်ကြားခဲ့ရပါတယ်။

အသက် ၄၅ နှစ်ရှိပြီဖြစ်တဲ့ ဆရာကူးရယ်ဟာ ၁၉၉၁ ခုနှစ်က ကရင်နီစာပြန့်ပွားရေးအတွက် တော်လှန်ရေး နယ်မြေကနေ ပြည်တွင်းကိုဝင်ပြီး ကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ လုထုကြားမှာ ကရင်နီစာကို မြန်မာစစ်တပ်တွေ မမြင်မသိအောင် တိတ်တိတ်ပုန်းသင်ကြားခဲ့ရပါတယ်။ ဒီကြားထဲ စစ်တပ်ရဲ့ ဖမ်းဆီးနှိပ်စက်မှုကို ခံခဲ့ရပါသေးတယ်။ အခု ဆရာကူးရယ်တစ်ယောက် မိသားစုနဲ့အတူ နယူးဇီလန်နိုင်ငံကို ရောက်သွားခဲ့ပါပြီ။ ကရင်နီမှာ ကိုယ့်အမျိုးသားအတွက် စာသင်ကြားခွင့်မရှိပေမယ့် နိုင်ငံရပ်ခြားမှာ မိမိတတ်နိုင်သလောက် တတ်နိုင်တဲ့ဖက်ကနေ ကရင်နီစာ မပျောက်ကွယ်သွားဖို့ ကြိုးပမ်းမယ်လို့ဆိုပါတယ်။

ကရင်နီဘာသာပြ ကျောင်းဆရာတစ်ယောက်အနေနဲ့ စစ်အစိုးရလက်ထက်က ကရင်နီစာပေသင်ကြား ပို့ချခဲ့ရာမှာ ဘယ်လိုအခက်အခဲ အတွေ့အကြံုတွေကို ကျော်ဖြတ်ခဲ့ရသလဲဆိုတာနဲ့ ပတ်သက်ပြီး ကန္တာရဝတီတိုင်း(မ်)မှ ဆက်သွယ်မေးမြန်းထားပါတယ်။

ကေတီ -  မင်္ဂလာပါဆရာ… ဆရာကြီးထဲဘူးဖဲ တီထွင်ထားတဲ့ ကရင်နီစာနဲ့ပတ်သက်ပြီး ဆရာနဲ့အင်တာဗျူး လုပ်ချင်ပါတယ်။ ဆရာဒီကရင်နီစာကို ဘယ်တုန်းက စတင်ပြီးသင်ယူခဲ့ရလဲဆိုတဲ့ နောက်ကြောင်းလေး နည်းနည်းပြောပြပေးပါလား…

kureh
ဆရာကူးရယ် -  ၁၉၇၃ ခုနှစ် ဒေါတခဲကျေးရွာမှာ သင်ယူခဲ့တယ်။ အဓိက ကျနော် ကရင်နီစာသင်ကြားပေးတဲ့ (၃) ဦးက ပထမ ဆရာကျော်သန်း၊ ဆရာ ဗိုလ်မှူးအောင်မြတ်၊ ဆရာ ဖဲဘူးလော်တို့ပေါလေ။ ကရင်နီစာကို ၈ တန်းအထိ သင်ယူခဲ့တယ်။ အဲဒီ အချိန်တုန်းက အခြေအနေအရပေါ့လေ။ ကရင်နီမှာက ၈ တန်းအထိပဲ ကျောင်းဖွင့် လှစ်နိုင်သေးတယ်လို့ ပြောရမှာပေ့ါ။ ကရင်နီ ကျောင်းဆက်တက်ချင်ရင်တော့ ကော်သူ့လေ (ကရင်ပြည်) ဖက်သွားရတာပေါ့။ မိဘတွေလည်း မထောက်ပံ့ပေးနိုင်ဘူး။ စိတ်အားငယ်တာလည်း ပါတာပေါ့။ နောက်ပြီး ထောက်ပေးမယ့်သူလည်း မရှိတော့လေ ကျောင်းအဲလောက်ပဲ ပြီးသွားတယ်။

ကေတီ  - အစိုးရသစ်တက်လာတော့ ဆရာကြီးထဲဘူးဖဲ တီထွင်ထားတဲ့ ဗျည်းအက္ခရာကို တရားမဝင်ဘူး။ ပြည်တွင်းမှာလည်း အသုံးပြုခွင့်မပေးတာလည်းပဲ ကြာခဲ့ပြီ။ ဒါပေမယ့် ဗမာ ဗျည်းအက္ခရာနဲ့တီထွင်ထားတဲ့ စာကိုတော့ တရားဝင်အသုံးပြုခွင့် ပေးမယ်လို့ပြောပါတယ်။ နောက်တစ်ချက်က တက်လာတဲ့ ကယားပြည်နယ် ၀န်ကြီးအသီးသီးကလည်း အဲဒီစာကိုပဲ သုံးရမယ်။ သူပုန်စာမသုံးရဘူးတဲ့ အဲ့ဒီပေါ်မှာ ဆရာ့ရဲ့အမြင်လေးကို သိချင်ပါတယ်ခင်ဗျ…

ဆရာကူးရယ် -  ဒီ ဆရာကြီးထဲဘူးဖဲ ထွင်ထားတဲ့ ကရင်နီဗျည်းအက္ခရာ စာပေကို ကရင်နီလူမျိုးတွေဒီစာပေ ကို စိတ်မဝင်စားသည်ဖြစ်စေ၊ စိတ်အားထက်သန်နေတဲ့ သူတွေဖြစ်စေ ဤစာပေကို ဆုပ်ကိုင်ထားလို့ ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီစာကို ကရင်နီပြည် တစ်ပြည်လုံး မသုံးနိုင်သေးဘူး၊ အသုံးပြုခွင့်မပေး သေးဘူး ဆိုပေမယ့် ဒီစာပေက သမိုင်းနဲ့ သက်ဆိုင်တယ်လေ။ သမိုင်းအရ ဆိုထားတာက ကရင်နီပြည်သည် သီးခြားလွတ်လပ်သော ပြည်တစ်ပြည်ဖြစ်သည် လို့ဆိုထားပါတယ်။ အဲတော့ သီးခြားသော စာပေဗျည်း အက္ခရာလည်း ရှိရမယ်။ လူမျိုးရဲ့ ဘာသာစကားအတွက်လည်း အသံထွက် မှန်ကန်ရပါမယ်၊ အသံထွက် မဝဲရဘူး။ အကယ်၍ ဗမာဗျည်း အက္ခရာနဲ ့ အသုံးပြုမယ်ဆိုရင် ကယောအတွက် အခက်အခဲတွေ့မယ်။ ကယန်း(ပဒေါင်) ဘာသာစကားလည်း အသံ ခက်ခဲမယ်။ အသံထွက်တွေ ၀ဲကုန်မယ်၊ မပီပြင်တော့ဘူး။ သူတို ့ကို ဒီစကားပဲပြော၊ ဒီဘာသာပဲပြော ဖိအားပေးပြောခိုင်းလို့ မရဘူး။ အဓိက ဒီမျိုးနွယ်စုတွေ အတွက်က ဆရာကြီးထဲဘူးဖဲ  ထွင်ထားတဲ့စာနဲ့ ပိုပြီးကိုက်ညီပါတယ်။ ဥဗမာ  ကယောက - အိုဝအို နောက် ပဒေါင်က - တရာ၊ တို၊ တိုး။ အိုး အသံမထွက်ဘူး။ ဗမာအက္ခရာဖြင့် အသံမထွက်နိုင်တာတွေ ရှိတယ်။ လူမျိုးစု တစ်စုချင်းစီရဲ့ ကိုယ်ပိုင် စစ်မှန်တဲ့ အသံကို အသံထွက်နိုင်ဖို့ပါပဲ၊ အဲဒါက စာပေနဲ့ ပတ်သက်တာပေါ့။

ဆရာကြီးထဲဘူးဖဲ ရှင်းပြချက်အရဆို အရေးကြီးဆုံးက မျိုးနွယ်စုရဲ့ ဘာသာစကားသံ မပပြောက်ဖို့။ ကျနော်တို့ လူမျိုးစုတွေ ကိုယ်ပိုင် အသံထွက်အစစ်အမှန်ထွက်နိုင်ဖို့ပါပဲ။ တတိုင်းတပြည်လုံးအတိုင်းအတာတော့ဖြစ်နိုင် ခြေမရှိသေးဘူးပေါ့နော်။

ကေတီ - ဆရာကြီးထဲဘူးဖဲထွင်ထားတဲ့ စာကို ကျနော်တို ့ မျိုးနွယ်စုတွေဖြစ်တဲ့ ကယောတို့၊ ကယန်းတို့ ကောအခုချိန်မှာ ဘာဖြစ်လို့အသုံးမပြုနိုင်သေးတာလဲ။ အဲဒီအကြောင်းကို နည်းနည်းလောက်ရှင်းပြပေးပါဗျ…

ဆရာကူးရယ် -  လက်ရှိမှာတော့ အသုံးမပြုသေးဘူး။ ဘာကြောင့်လဲဆိုတော့ တော်လှန်ရေးအဖွဲ့အစည်းကို အယုံအကြည်သိပ်မရှိသေးဘူးလို့ ပြောရမှာပေါ့။ တော်လှန်ရေးအောင်မြင်မှု မတွေ့ရသေးကြတော့လေ အထင်မြင်သေးမှာပေါ့။ နောက် တကယ့် အနက်အဓိပ္ပါယ် ကောင်းကောင်းမပေါက်သေးဘူး။ အကယ်၍ ဒီတော်လှန်ရေးမှာ နေထိုင်လာတဲ့ ကယန်း(ပဒေါင်)တွေ ရေရှည်အတွက် စဉ်းစားတွေးခေါ်နိုင်မယ်ဆိုရင်တော့ သူတို့ရဲ့ ကိုယ်ပိုင်အသံထွက်ကို ကောင်းကောင်း အသုံးပြုနိုင်ပါတယ်။ နောက်အယုံအကြည်နည်းတာတစ်ခု က သွေးခွဲစာပေပဲ၊ တော်လှန်ရေးစာပေပဲ၊ အဲလိုအပြောမျိုးတွေ ကြားမှာ စိတ်ဇဝေဇဝါဖြစ်ကြတာပေါ့။

ကေတီ  - ဆရာဆိုလိုတာက ဆရာကြီးထဲဘူးဖဲ တီထွင်ထားတဲ့စာဟာ  ကရင်နီမျိုးနွယ်စုတွေဖြစ်တဲ့ကယော တို့၊ ကယန်းတို့အနေနဲ့လည်း သူတို့အသံထွက်နဲ့သူတို့ မှန်ကန်စွာ အသုံးပြုနိုင်တယ်ဆိုတဲ့သဘောလားခင်ဗျ…

ဆရာကူးရယ်  - ဟုတ်ပါတယ်။ ဒီ ဗျည်းအက္ခရာက တစ်ခုတည်းသုံးမယ်။ ဒါပေမယ့် မျိုးနွယ်စုအသံထွက် ခြင်းက ကွဲမှာပေါ့နော်။ တခြားဖြစ်တဲ့ဗမာအက္ခရာတို့၊ အင်္ဂလိပ်  အက္ခရာတို့က အသံထွက်တာမပီပြင်နိုင် ဘူးလေ။ အသံ မရှိဘူး။ ဥပမာတွေအများကြီး - ကျနော် ဒီရက်ကယောလို အသံထွက် ရေးတယ်ကွာ။ နက်ဖန်ပြန်ဖတ်လည်း အတူတူပဲ ထွက်တယ်။ နောက် ပဒေါင်လိုလည်း အသံထွက်  မှန်တယ်။ ဒါပေမယ့် ဗမာလို ရေးမယ်ဆိုရင် နက်ဖန်ဖတ်ကြည့်ရင် အသံထွက် ကသိကအောင့်ဖြစ်ကုန်တယ််။ လောလောဆယ် ကျနော်တို့ ကရင်နီ နိုင်ငံရေးအခြေအနေကြောင့် ယုံကြည်မှုက တော်တော့ကို အားနည်းနေသေးတယ်ပေါ့။

ကေတီ   -  ဆရာကြီးထဲဘူးဖဲ တီထွင်ထားတဲ့ ကရင်နီစာကို ပြည်တွင်းမှာ သွားရောက်သင်ကြားခဲ့တုန်းက ဗမာစစ်သားတွေ ဆရာ့ကို ဖမ်းမိပြီး ညှင်းပမ်းနှိပ်စက်ခဲ့ဖူးတယ်လို့ ဆရာကျနော်တို့ကို ကရင်နီစာသင် ပေးတုန်းက အခန်းထဲမှာ ပြောပြခဲ့ဖူးပါတယ်။ အဲဒီအကြောင်းကို ပြန်ပြောပြေပေးပါလားဆရာ…

ဆရာကူးရယ် -  ၁၉၉၀ ခုနှစ်တုန်းကပေါ့ ကျနော်တို ့ စော်ယိုးလဲ (ထိုင်း-မြန်မာနယ်စပ်ရွာ)မှာ စာပေဌာန အဖွဲ့ဆိုတာရှိတယ်။ ဆရာကြီးတူရယ် ၀န်ကြီးတာဝန်ကိုင်တဲ့ခေတ်ပေါ့။ ၅ လပိုင်း၊ ၆ လပိုင်း လောက်မှာ စာပေလှုပ်ရှားမှုဆိုပြီးတော့ ကျနော်နဲ့ ဆရာဆော်ရယ် နှစ်ဦးကို အမှတ် (၂) ခရိုင်ဖက်  စေလွတ်သွားတယ်။ ကွခိရွာမှာ စာသွားသင်တယ်။ ဆရာဆော်ရယ်က ဘူးခူမှာ တာဝန်ကျတယ်။ အဲမှာက ၁၉၉၁ ခုနှစ်နှစ်လပိုင်း လောက်ရောက်သွားပြီး နအဖ စစ်ကြောင်းထိုးချိန်ဖြစ်နေတယ်၊

ကေတီ   -  ဟုတ်ကဲ့ ဆရာကို ဘယ်လိုလာဖမ်းသွားသလဲ။ စာသင်ခန်းထဲမှာ ကလေးတွေကို စာသင်ပေးနေတဲ့အချိန်လား ဒါမှမဟုတ် ညအချိန်မှာ လာပြီးဆွဲခေါ်သွားလား။ နည်းနည်းရှင်းပြပေးပါဆရာ။

ဆရာကူးရယ် -  အင်း ကျနော် ပြောပြပေးမယ်။ အဲဒီအချိန်တုန်းက နအဖ စစ်ကြောင်းနှစ်ကြောင်းထိုးတယ်၊ မော်ချီးဖက်က ခလရ ၅၄ တပ်ရင်း နောက် တပ်မ ၅၅ တပ်ရင်း တစ်ကြောင်းက သီးရီးဒေါ(လွိုင်ကော်)က တောင်ငူဖက် (ကယော၊ မနောဖက်) ကနေ ဆင်းလာတယ်။ သူတို့ ကွခိရွာရဲ့အနောက်မြောက်ဖက်ရောက် နေတယ်။ ကရင်နီတပ်ကလည်း သူတို့နဲ့ တိုက်ခိုက်မှုရှိနေတယ်။ ကျနော်နဲ့ဆရာမတွေ နောက် ရွာသား(၇)ယောက် လောက်ပါမယ်ထင်တယ်၊ တောထဲမှာ သွားပုန်းနေတယ်။ အားလုံး ကလေးတွေအပါအဝင် ၁၀ ယောက်ကျော်လောက် တောထဲမှာ သွားပုန်းနေကြတယ်။ နောက်တစ်မနက်ရောက်ရော နအဖ စစ်တပ်တွေက ကျနော်တို့အပေါ်ရောက်နေတယ် အဲဒါကိုမသိလိုက်ဘူး။ ကျနော်တို့အဲမှာ ရှိနေတာကိုသိတော့ ကျနော်တို့ကို အပေါ်ကနေ ၀ိုင်းဆင်းလာတယ်။ လူလွတ်က ကျနော်ပဲရှိတယ်။ တခြားက သက်ကြီးနဲ့ ကလေးတွေပဲရှိတယ်။ ကျနော့ကို ဦးဆုံးကြိုးတုပ်ဖမ်းတယ်။ ကလေးနဲ့တခြား မိန်းကလေးတွေကတော့ ကြိုးမတုပ်ဘူး။ ကျနော်နဲ ့ ဆရာမ အဖေတစ်ယောက်ကတော့ ကြိုးနဲ့တုပ်တယ်။ ကျနော့်ကိုမေးတယ်- မင်းကသူပုန်ပဲ ဒါမှမဟုတ်ရင် လည်း သူပုန်တွေကို လမ်းပြပေးတဲ့ လူပဲထင်တယ်။ ကျနော်က ကျောင်းဆရာပါ။ ဒီက တစ်ယောက်၊ နှစ်ယောက်လည်းကျောင်းဆရာမတွေ။- မင်း ဗမာစကား ဒီလောက် တောင်ပြောတတ်တာ မင်းကိုမယုံဘူး။ ကျနော်ဆီမှာ လက်နက်ရှိပေမယ့် ကြိုသိတော့ ၀ါးမော့ထဲမှာ ဖွက်သွင်းထားလိုက်တယ်။ ဒါပေမယ့် ကျနော် ကရင်နီစာသင်တာကို သူတို့မသိဘူး။ သိရင်တော့ အသတ်ခံရမှာပေါ့။ နောက်မေးသေးတယ် ဒီ ဘူးခူ၊ ကွခိရွာမှာ ကျောင်းဆရာ နှစ်ယောက် စာလာသင်တယ်။ သွေးခွဲစာပေတွေကို လာသင်ကြားတယ်လို့ကြားရ တယ်။ ဒါပေမယ့် ကျနော် ငြင်းလိုက်တယ်၊ နောက် သူတို့ကို ကျနော့ နာမည်အရင်း မပြောပြဘူး။စောဒါနီ အေးလာ ဆိုတဲ့နာမည်အတုနဲ့ ပြောလိုက်တယ်။ “ရယ်”(ကယားနာမည်အဆုံး)ပါရင် လည်လှီးခံရမှာ စိုးလို့။

ကျနော်ကို သူတို ့တပ်မှူးနဲ ့ ခေါ်တွေ့တယ်၊ ကံကောင်းရှာတော့ သူတို ့ဗိုလ်က ကျောင်းဆရာဆိုတော့ ဘာမှ လုပ်စရာမလိုဘူးလို့ အမိန့်ပေးထားတယ်။ ထုထောင်းတာတော့ရှိတယ် ကျနော့ တင်ကို ကန်တာတို့တော့ ရှိတာပေါလေ။ တခါတလေ ပြန်ထလို့တောင်မရဘူး ကျနော့ကို ပြန်ထူတယ်။ ကြိုးနဲ့ တုပ်ထားတော့ တောင်ပေါ်ခေါ်တက်တာ ခဏခဏပြန်လိမ့်ကျတယ်။ အင်းတော်တော်လေး ပြင်းထန်တယ်။ ကျနော်ကို ကွခိ ရွာသွားပြခိုင်းတယ်။ နောက် ထိထာကော်ထိရွာကို ဆက်ပြခိုင်းတယ်။ သူတို့ တစ်ခုကျေနပ်သွားတာက လမ်းခုလပ် တောင်ယာခင်းတစ်နေရာမှာ တခါက ကရင်နီ စစ်လေ့ကျင့်ရေးသင်တန်းကွင်း နေရာဟောင်းကို တွေ့လိုက်ကြတော့ ကျနော်တို့ ဦးတည်ချက်က ဒါပဲ။ မင်းဒါကို တွေ့လားလို့ ကျနော့်ကို မေးတော့တွေ့တာပေါ့ လှမ်းမြင်နေတယ်လေ။ ဖွင့်တာကြာသွားပြီ။ ပြီးတာလည်း ကြာပြီလို့ ဖြေလိုက်တယ်။အလံတိုင်ဟောင်းတွေ တောင် ခုတ်ပစ်လိုက်တယ်။ ဒါတွေကြောင့် ကျနော်လည်း အသက်မပါတာလေ။ နောက်ပိုင်း တစ်လလောက် ကလေးတွေကို စာဆက်သင်တယ်။ နွေရာသီလောက်မှ ဒီဖက်ကို ပြန်ထွက်လာခဲ့တယ်။ 

ကေတီ  - ကရင်နီစာကိုတော့ ပြောင်သင်လို့မရဘူးပေါ့နော့် အဲဒီမှာ…

ဆရာကူးရယ်  - ခိုးသင်ကြားတယ်လို့ ပြောနိုင်တာပေါ့ဗျား။ ဒီ ဒေသက တော်လှန်ရေးနယ်မြေဖြစ်တယ်လေ။ ဒါပေမယ့် တရားမဝင် သင်ကြားတယ်လို့ပြောလို့ ရတာပေါ့နော်။ တွေ ့ခဲ့ရင် ဘယ်ရမှာတုန်း၊ ကျနော့်ကို ခေါ်သွားတာ  ၃ ရက် ၃ ညပေါ့ဗျား။ နောက်တခေါက်က ထိထာကော်ထိရွာမှာ ၀င်နေတယ်။ ကရင်နီက ၀င်တိုက်ခိုက်လိုက်တော့ သူတို ့ တော်တော်နာတယ်ပြောရမှာပေါ့။ သူတို ့အကျအဆုံးများတယ်၊ ၁၂ ယောက် ကျဆုံးတယ်၊ ၂၄ ယောက်လား အဲလောက်ဒဏ်ရာရတယ်။

ကေတီ  - ဟုတ်ကဲ့ဆရာ စိတ်ဝင်စားစရာတွေဘဲ ဆရာ ကျန်တာလေးတွေ ဆက်ပြောပြပေးပါလား…

ဆရာကူးရယ် - နအဖတပ်က ပြန်သုံးသပ်မိတာ ဒီကောင် ငါတို့ကို ဒီရွာဝင်တိုက်ခိုက်ခိုင်းစေချင်လို့ခေါ်ပြန် တာပဲဖြစ်နိုင်တယ်။ ခု ငါတို ့ သူ့ကြောင့် ကြော်စားခံရပြီလို့ ပြောကြတယ်။ ကျနော့ကိုတောင်အသေသတ် ကြတော့မလို့ပဲ။ သူတို့ ဗိုလ်တစ်ယောက်နာမည် ဗိုလ်ဒေးထွန်းလို့ခေါ်တယ်။ ကရင်လေးပဲ၊ ဒီဗိုလ်ကြီးကပဲ ကျနော့ကို ပြန်ထောက်ခံတယ်။ ပရမ်းပတာမသတ်နဲ့။ အရင် စီစစ်၊ စမ်းသပ်ပြီးမှ သတ်။ ကျနော့ကို  ၄ ရက်ဆက်ပြီး တောင်ငူဖက်ကို ခေါ်သွားတယ်။ ရေတောင် မသောက်ရဘူး။ အကယ်၍ လမ်းမှာချောင်းတွေရှိ မယ်ဆိုရင် သောက်ရတာပေါ့။ လူနှင်းသွားခဲ့တဲ့ ရေအိုင်တွေ ချောင်းခြောက်တွေနှောက်နေရင် လည်း ရေဆာပြီဆို သောက်လိုက်ရတာပါပဲ။ ကယောဂွင်အထိ သွားလိုက်ရတယ်။ ဆရာပေါတို့၊ဆရာညိုမင်း တို့ရွာဖက်ပေါ့။ အဲကနေ တောင်ငူဖက်ပြန်ဆင်းလာတာ၊ အဲလိုပဲတချိန်လုံး တောင်ငူထိကြိုးနဲ့ တုပ်ထားတယ်။ နောက်ပိုင်းမှာ နည်းနည်း သက်သာလာတယ်ပြောရမှာပေါ့။ သူတို့ ပစ္စည်းသယ်ကူခိုင်းလို့လေ။ကြေးနန်းကြိုး နဲ့ လွယ်အိတ်တစ်လုံးပေါ့။ နောက်တမနက်မှာပဲ နန်းဖဲဖက်ကိုရောက်သွားတယ်။ ကြံခြံတစ်နေရာမှာသွားနား တယ်။ သူတို ့တပ်ကို ကားလာကြိုတော့ ကျနော့်ကို ပြန်လွတ်လိုက်တယ်၊ ကျနော်လည်းတောင်ငူဖက်ပြန် လာခဲ့တာပေါ့။ နွေရာသီရောက်ပြီ။ ၁၉၉၁ ခုနှစ် ၂ လပိုင်း ၁၅ ရက်လောက်ပေါ့။ အဲဒီအချိန်ဆိုကျောင်းသား တွေ စာမေးပွဲဖြေတော့မယ်။

ကေတီ    -  ဟုတ်ကဲ့ ဆရာ အခုဆရာ နယူးဇီလန်နိုင်ငံကို ရောက်နေပြီဆိုတော့… ဒီကရင်နီ စာအခြေအနေကော ဟိုမှာရှိနေတဲ့ သားသမီးတွေတွက် ဆင့်ပွားသင်ကြားပေးဖို ့ အစီအစဉ်တွေရှိလား…

ဆရာကူးရယ်    -  အင်း သူတို့ကို သင်ကြားနိုင်ဖို့တော့ စဉ်းစားထားတယ်။ အဓိက ဦးတည်လုပ်သွားနိုင်ဖို့ ကျနော့သား တော်ရယ်နဲ့အတူပေါ့လေ အင်တာနက်ပေါ်မှာ ဒီကရင်နီပရိုကရမ်ကို လေ့လာနိုင်ဖို့ပေါ့။ ဤစာကို အသံထွက်နဲ့တပါတည်း ထည့်ပေးချင်တယ်။ ရေးတော့ရေးပြီးပြီ မလုပ်သေးဘူး။ ကြိုးစားတုန်းပဲ။ ဥပမာ- က…ပုံနှင့်တကွပေါ့။ ရှင်းလင်းချက်တွေ။ စာလုံးပေါင်းတွေ ရှင်းလင်းချက်တွေနဲ့ပေါ့။ ဒီစာက ကျနော်တို့ တစ်သက်တာအတွက် ရည်ရွယ်ထားတာပါ။ ဒီမှာရှိနေတဲ့ ဆရာဘဲရယ်တို့၊ ကျနော့သားနဲ့ ပူးပေါင်းလုပ်ဖို့ အစီအစဉ်ရှိထားတယ်။

ကေတီ    -  ဟုတ်ကဲ့ နယူးဇီလန်နိုင်ငံမှာ ရောက်ရှိနေတဲ့ ကရင်နီက လူတွေဘယ်လောက်လောက်ရှိလဲ။ သူတို့ကော ကရင်နီစာကို စိတ်ဝင်တစားရှိသေးရဲ့လား....

ဆရာကူးရယ်    - ကျနော်တို့ လက်ရှိရောက်ရှိနေတဲ့ မြို ့ကတော့ ကရင်နီလူဦးရေနည်းတယ်။ ကယန်း(ပဒေါင်) တွေက ကျနော်တို့ ကယားထက်များတယ်။ မိဘ တချို့တလေကျတော့ သူ့သားသမီးတွေကရင်နီ စကားပြောတာကို ပိတ်ပင်တယ်လေ။ စိတ်ဓါတ်တွေ ပြောင်းသွားတယ်။ ဒီနိုင်ငံရောက်ရင် ဒီနိုင်ငံစကားပဲ ပြောတဲ့။ ကလေးတွေက ကရင်နီ စကားကို ပြောနေကျဖြစ်တော့လေ အဲဒါကိုပဲပြောတယ်။ ကျနော် ဒီပရိုကရမ် ကို (အင်တာနက်အွန်လိုင်းပေါ်) တင်ပြီးမှပဲ သူတို့ မိဘတွေကို ရှင်းလင်းပြမယ်လို့ စဉ်းစားထားတယ်။အသုံး အနှုန်း ပုံစံမျိုးသွားသင်ပေးမယ်ဆိုလည်း ကျနော့သားသမီးတွေ၊စိတ်အားထက်သန် နေတဲ့ လူတွေပဲ ရှိမယ်။ ဒါပေမယ့် တစ်ခုရှိတာက ကလေးနွေရာသီ ကျောင်းပိတ်ရက်မှာ တစ်ကြိမ်တစ်ကြိမ် သင်ကြားပေးဖို့၊ ပူးပေါင်းလုပ်ဆောင်ပေးဖို့ မိဘတွေကိုတိုင်တွန်းမယ်လို့ အဲလိုတော့ အစီအစဉ်ဆွဲထားတယ်။

ကေတီ   -  ဆရာနောက်ဆုံးအနေနဲ့ ကရင်နီစာတတ်မြောက်စေချင်တဲ့ ကရင်နီအမျိုးသားတွေကို ဘာပြောချင်လဲခင်ဗျ…

ဆရာကူးရယ် -  ကျနော့အနေနဲ့ ပြောချင်တာက…ကရင်နီ ဆိုတာက ကယားလီပါပဲ။ ကရင်နီတို့၏ ကေးဖိုးဒူ(ကရင်နီ စော်ဘွား)အဆိုအမိန့် အရပေါ့ တနေ့တချိန်ကျရင် ကျနော်တို့မှာ ရှိထားတဲ့ “ဘျိုင်း ရဲ့အမြီးကို မြဲမြဲ ကိုင်ထားကြနော်” လို့မိန့်မှာထားတယ်။ ခုက ဘျိုင်းတော့ မရှိတော့ဘူး။ ဆုံးသွားပြီ။ ဒါပေမယ့်သူ့အမြီးကျန် ရှိသေးတယ်။ ဒီစာကို ကျနော်တို့ မြဲမြဲမဆုတ်ကိုင်ထားရင်တော့ ကျနော်တို့ ကရင်နီလူမျိုးပါ ပျောက်သွားမယ်။ နောက် ကျနော်တို့ ဒီ ဗမာဗျည်းအက္ခရာ၊ ဗမာဘာသာစကားကိုပဲသုံးမယ်ဆိုရင် အခုလက်ရှိတော့ ကျနော်တို့ မိဘတွေ အသက်ရှင်နေနေသ၍တော့ ကရင်နီဖြစ်နေသေးတယ်။ ခံသာသေးတာပေါ့ဗျား။ ဒါပေမယ့်ကျနော် တို့ မရှိတော့တဲ့ အချိန်မှာကျတော့ သားသမီးတွေက  တခြားလူမျိုးတွေ ဖြစ်သွားမှာကိုစိုးလို့သတိပေးချင် ပါတယ်။ ဒီအရာကို ပဲသုံးမယ်ဆိုရင် ဒီအရာက ဖြစ်လာမှာ အမှန်ပဲ။ ဒီဘျိုင်းရဲ့အမြီးကို ကျနော်တို့ မြဲမြဲ မကိုင်ထားနိုင်ဘူးဆိုရင်တော့ ကျနော်တို့ လူမျိုးဟာ သူများလို အမြင့်မပျံသန်းနိုင်တော့ဘူး။ ဆရာကြီးထဲဘူးဖဲ သက်ရှိစဉ်တုန်းကလည်း ကေးဖိုးဒူအဆိုအမိန့်ကို မှတ်သားထားကြလို့ အမြဲမှာကြားခဲ့တယ်။ ဆိုလိုတာက ဒီသူကိုယ်ပိုင်တီထွင်ထားတဲ့ စာပေကိုလေ။ ကျနော်တို့ ဘယ်လောက်ပဲ တနယ်တခြားဝေးကွာနေကြပါစေ ကျနော်တတ်နိုင်တဲ့ဘက်က ကြိုးစားအကောင်အထည်ဖေါ်နိုင်ဖို့ ဆန္ဒရှိတယ်။ ခုခေတ်ကခေတ်တိုးတက်နေ တယ်။ ၀က်(ပ်)ဆိုက် အင်တာနက်မှာ ဒီ ကရင်နီပရိုဂရမ်ကို တင်ထားပေးနိုင်မယ်ဆိုရင် အလွယ်တကူ တက်ဖွင့်ကြည့်နိုင်မယ်။ တက်လေ့လာနိုင်မယ်။ နောက် ကရင်နီလူမျိုးတွေက ၀က်(ပ်)ဆိုက်ပေါ်မှာတက် ရောက်ပြီး ကြိုးစားကြမယ်ဆိုရင် ဖြစ်လာမှာပါလို့ ကျနော် မျှော်လင့်ထားတယ်။

--- ကရင်နီစော်ဘွားဖြစ်တဲ့ ကေးဖိုးဒူ မိန့်ဆိုချက် “ဘျိုင်းရဲ့အမြီးကို မြဲမြဲမဆုပ်ကိုင်ထားရင် ကရင်နီလူမျိုး ပျောက်ကွယ်သွားမယ်” ဆိုလိုရင်းမှာ ကရင်နီအမျိုးသားတွေအနေနဲ့  ပညာကိုကြိုးစားပြီးဆည်းပူးလေ့လာ ထားရမှာဖြစ်တယ်။ ဒါမှသာ တချိန်က ကရင်နီပြည်ကို သီးခြားလွတ်လပ်တဲ့ ပြည်တစ်ပြည်အဖြစ်အသိအမှတ် ပြုပေးခဲ့တဲ့ အင်္ဂလိပ်တွေနဲ့ ပြောဆိုဆက်ဆံနိုင်မှာဖြစ်တယ်။