စစ်တပ်ရိက္ခာများကို ရွာသားအယောက် ၅၀ ထမ်းပေးရ

စစ်တပ်ရိက္ခာများကို ရွာသားအယောက် ၅၀ ထမ်းပေးရ
by -
ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ် ရှားတောမြို့နယ်၌ အခြေစိုက်သော မြန်မာစစ်တပ် ခမရ ၅၇၅ သည် ဇွန်လ ၁၈ နှင့် ၁၉ ရက်နေ့အတွင်းက ရွာသားအယောက် ၅၀ ကို တပ် ရိက္ခာများ ထမ်းပို့ခိုင်းစေခဲ့သည်ဟု ကရင်နီ လူမှု ကယ်ဆယ်ရေး အဖွဲ့က ပြောသည်။

ခမရ ၅၇၅ သည် ရှားတောမြို့နယ် တငူးဆို (ထင်းရှုးတောင်)၌ အခြေစိုက်ထားသော ခမရ ၃၃၂ နှင့် ပြီးခဲ့သည့် အပတ်က တပ်လဲလှည်၍ တပ်စခန်း အနီးရှိ ဒေါတနော၊ ဒေါ၀ယ်ရော၊ ဒေါမူးလဲ၊ တနောင်ကလူးနှင့် တရီးဒါး ကျေးရွာတို့ကို တရွာလျှင် ရွာသား ၁၀ ယောက်စီ ဆင့်ခေါ်ပြီး ၎င်းတို့ တပ်ရိက္ခာများကို သွားရောက်ထမ်းစေ ခိုင်းကာ တပ်စခန်းသို့ အရောက်ပို့ဆောင်ခိုင်းခြင်း ဖြစ်သည်ဟု လူမှုကယ်ဆယ်ရေး အဖွဲ့မှ ခူးညေးရယ်က ပြောသည်။

karenni“ပြီးခဲ့တဲ့ တပတ်က သူတို့ တပ်တွေ လဲကြတယ်။ တပ်လဲကြတော့ သူတို့ ရိက္ခာတွေကို ၂ လ ၃ လအတွက် သိမ်းထားချင်တယ် ထင်တယ်။ အဲဒါ ရွာသားတွေကို တရွာ ၁၀ ယောက် ခေါ်ယူပါတယ်” ဟု ၎င်းက ပြောသည်။

စစ်တပ် ရိက္ခာများကို လွိုင်ကော်မြို့မှ စစ်တပ် ကားများဖြင့် တင်ဆောင်လာပြီး ရှားတောမြို့နယ်ဒေါးမူးမာ ကျေးရွာ အနီးရှိ မြန်မာစစ်တပ် တပ်စခန်းတွင် ချထားကြောင်း၊ ရွာသားများသည် ထိုစစ်တပ်ရိက္ခာများကို ဒေါမူးမာ တပ်စခန်းမှ တရိဒါးကျေးရွာသို့ ထမ်းပို့သွားရကြောင်း၊ တရိဒါးကျေးရွာမှတင့် မြန်မာစစ်တပ် ခမရ ၅၇၅ တပ်စခန်းသို့ ပို့ဆောင်သွားရကြောင်း ဆိုသည်။

ရွာသားများ ထမ်းပို့ပေးရသော စစ်တပ် ရိက္ခာများသည် ဆန်၊ သကြား၊ နိုးဗူး၊ ငါးဗူး၊ အမဲဗူးနှင့်အခြားရိက္ခာ များ ပါ၀င်သည်ဟု ခူးညေးရယ်က ဆက်ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၄ ရက်နေ့တွင်လည်း ရှားတောမြို့နယ် တငူးဆို၌ ယခင် အခြေစိုက်ထားသော ခမရ ၃၃၂ သည် ကျပ်ငွေ ၉၉၆၀၀ တန်ဖိုး ရှိသော ၎င်းတို့ တပ်ရိက္ခာများကို ရွာသားများအား သွားရောက်ထမ်းခိုင်း၍ တပ်ရိက္ခာများကို လမ်းခရီးစဉ်တွင် ကရင်နီတပ်မတော်မှ ရွာသားများထံ ဖြတ်တောက်ယူခဲ့သည်။

ယခုတခေါက် ရွာသားများ သွားရောက်ထမ်းပေးသော စစ်တပ် ရိက္ခာများကို ကရင်နီတပ်မတော်မှဖြတ် တောက်ယူမှာကို စိုးရိမ်၍ မြန်မာစစ်တပ်များ ကိုင်တိုင် နောက်လိုက်ပါသွားကြသည်ဟု သိရသည်။

ခမရ ၃၃၂ နှင့် တပ်လဲလှည်ပြီး ရှားတောမြို့နယ် တငူးဆို၌ ယခု လာရောက်အခြေစိုက်သော ခမရ ၅၇၅ သည် ရှမ်းပြည်နယ် မိုင်းပန်မြို့နယ်၌ အခြေစိုက်ထားသော စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ် (စကခ) ၁၇ ၏ လက်အောက်ခံ တပ်ရင်း ဖြစ်သည်။