မိုးရာသီတွင် ရခိုင်မှ နိုင်ငံခြား စီမံကိန်းကြီး တချို့ ယာယီ ရပ်နား

မိုးရာသီတွင် ရခိုင်မှ နိုင်ငံခြား စီမံကိန်းကြီး တချို့ ယာယီ ရပ်နား
by -
နိရဥ္စရာ သတင်းဌာန

ရခိုင်ပြည်နယ်တွင် တည်ဆောက်နေသော နိုင်ငံခြား စီမံကိန်းကြီးများထဲမှ တချို့စီမံကိန်း ကြီးများကို မိုးရာသီတွင် လုပ်ငန်းခွင် အဆင် မပြေ သဖြင့် ယာယီ ရပ်နားထားကြောင်း သတင်း ရရှိသည်။

narinjara-photo-29-6-2011

စစ်တွေ ဆိပ်ကမ်း တည်ဆောက်ရေး လုပ်ငန်းခွင် ယခုလက်ရှိ ရပ်နားထားသော စီမံကိန်းကြီးများ မှာ အိန္ဒိယမှ တည်ဆောက်နေသော စစ်တွေ ဆိပ်ကမ်း နှင့် တရုတ်မှ တည်ဆောက်နေသော ကျောက်ဖြူ မဒေးကျွန်း ရေနက် ဆိပ်ကမ်းတို့ ဖြစ်သည်။

အမည်မဖေါ်လိုသူ ကျောက်ကန်ထရိုက်တာ တစ်ဦးက " အခု မိုးတွင်းကာလမှာ စစ်တွေ ဆိပ်ကမ်း တည်ဆောက်ရေးကို ခေတ္တ ရပ်နားထားပါတယ်။ မိုးရွာ၊ လိူ်င်းကြီးပြီး မြစ်တွေ ချောင်းတွေ ရေစီး ပြင်းနေတော့ လှေတွေက သယ်ယူပို့ဆောင်ရေး မလုပ်နိုင်ဘူးလေ။ ဒါကြောင့် စီမံကိန်းကို မိုးတွင်းကာလမှာ ရပ်နားထားပါတယ်" ဟု ပြောသည်။

စစ်တွေမြို့နယ် ပြည်သူ့ လွှတ်တော် အမတ် ဦးအောင်မြကျော်ကလည်း စစ်တွေ ဆိပ်ကမ်းတည်ဆောက်ရေး ကို ယာယီ ရပ်နားထားကြောင်းကို အတည်ပြု ပြောကြားသည်။

" အိန္ဒိယက အဖွဲ့တော့ ခုချိန်ထိ စစ်တွေမှာ ရှိပါသေးတယ်။ အလုပ်ကို ရပ်နားထားတဲ့ သဘောပါ။ မိုးရာသီ မှာက လုပ်ငန်းခွင်ကို မရပ်နားလို့လည်း မရဘူးလေ။ မိုးက အရမ်းကြီးတော့ အလုပ်တွေ လုပ်လို့ မရဘူး။ ကျောက်တွေ မြေတွေကို မိုးရာသီမှာ စက်လှေတွေနဲ့ သယ်ရတာက အဆင် မပြေတော့ လုပ်ငန်းခွင်ကို ရပ်နားထားတာပါ။ အခုမိုးက အရမ်းရွာနေတဲ့ အတွက် ရေတိုက်စား တာကြောင့် အခုတောင်ဆိပ်ကမ်းမှာ ဖို့ထားတဲ့ သဲတွေ တဝက်လောက် ရေတိုက်စားပြီး မြစ်ထဲပါသွားခဲ့ပြီ ဖြစ်ပါတယ်။"

စစ်တွေ ဆိပ်ကမ်းတည်ဆောက်နေရာမှ ဖို့ထားသောသဲမြေများ မြစ်ရေ တိုုက်စားမူကြောင့် ရေထဲမျောပါသွား ပြီး ကုလားတန် မြစ်ဝ အောက်ကြမ်းပြင်တွင် အနည်ထိုင်နေသဖြင့် စစ်တွေဆိပ်ကမ်းသို့ သင်္ဘောများ ၀င်ထွက်သွားလာရာတွင် အခက်အခဲများ ရှိနေသည်ဟု ရေကြောင်းသွားလာရေး အင်ဂျင်နီယာ တစ်ဦးက အတည်ပြုပြောကြားသည်။

တရုတ်အတွက် တည်ဆောက်နေသော ကျောက်ဖြူ ဆိပ်ကမ်းတည် ဆောက်မှု ယာယီရပ်နား ထားရခြင်းနှင့် ပတ်သက်ပြီး ကျောက်ဖြူ ဒေသခံ တစ်ဦးက ယခုကဲ့သို့ ပြောသည်။

" အခုတော့ မဒေးကျွန်းမှာ ရေသန့်ရရှိရေးကို အဓိက လုပ်နေပါတယ်။ တခြား မိုင်းခွဲတဲ့အလုပ်တွေ၊ ကျောက်တင်သွင်းတဲ့ အလုပ်တွေကို ရပ်နားထားပါတယ်။ အဲဒီမှာ လုပ်နေတဲ့ အလုပ်သမားတွေလည်း ကိုယ့်ဒေသတွေကို ပြန်သွားကြပြီ။"

narinjara-photo-gallery-16-6-2011-pic-4
ပြီးစီးလုနီးပါး ဖြစ်နေသော ကျောက်ဖြူ မဒေးဆိပ်ကမ်း ၎င်းပြင်သူက " မိုးတွင်း ၃  လလောက် တော့ ရပ်နားထား မယ်လို့ သိရတယ်။ ဘာဖြစ်လို့ဆိုတော့ မိုးတွင်းကာလဆိုရင် ပင်လယ်ပြင်မှာ လှိုင်းကြီး တာတွေကြောင့် ကျောက်ဆောင်တွေကို မှိုင်းခွဲတဲ့လှေ၊ ကျောက်သယ်၊ ကျောက်သွင်းတဲ့ စက်လှေတွေက အသွားအလာ လုပ်ဖို့ အခက်အခဲရှိတယ်။ ဒါကြောင့့် ရပ်နားထားလိုက်တာဖြစ်ပါတယ်" ဟု သူက ပြောသည်။

မဒေးဆိပ်ကမ်း တည်ဆောက်ရေးကို CNPC South East Asia Pipeline ကုမ္ပဏီလီမီတက်မှ ၂၀၁၃ ခု မေလတွင် အပြီးသတ် တည်ဆောက်ရန် အတွက် နေ့မအား ညမအား ပြုလုပ်နေသော်လည်း မိုးတွင်းတွင် အလုပ် လုပ်ရန် မလွယ်ကူသဖြင့် ရပ်နားထားရခြင်း ဖြစ်ကြောင်း တခြား လုပ်ငန်းခွင်မှ အရာရှိတစ်ဦးက လည်း ပြောသည်။

မဒေးဆိပ်ကမ်းကို တန်ချိန်သုံးသိန်းခန့် ဆန့်သည့် Crude Oil Carrier သင်္ဘောကြီးများ ၀င်ထွက်သွား လာနိုင်ရန် တည်ဆောက်နေခြင်း ဖြစ်ပြီး တနှစ်လျှင် ရေနံစိမ်းတန်ချိန် ၂၂ သန်း တင်ချသွားမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်မှ ထွက်သော သဘာဝဓါတ်ငွေ့များ အပြင် အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှ ယူဆောင်လာ သော ရေနံစိမ်းများကို ကျောက်ဖြူ မဒေးဆိပ်ကမ်းကို အသုံပြုပြီး အဆိုပါ ဆိပ်ကမ်းမှတဆင့် မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် များကို ဖြတ်၍ဖေါက်လုပ်နေသော အရှည် ၂၃၈၀ ကီလိ ုမီတာခန့်ရှည်လျား သော ပိုက်လိုင်းဖြင့် တရုတ်နိုင်ငံ ကူမင်မြို့သို့ ယူဆောင်သွားမည် ဖြစ်သည်။

Most read this week