ရခိုင်ပါတီ မဲနိုင်၍ ကျောက်ဖြူတွင် ၀န်ထမ်းများကို ပြည်ထဲရေးဝန်ကြီးဟောင်း ဦးမောင်ဦး ပြစ်တင် ကြိမ်းမောင်း

ရခိုင်ပါတီ မဲနိုင်၍ ကျောက်ဖြူတွင် ၀န်ထမ်းများကို ပြည်ထဲရေးဝန်ကြီးဟောင်း ဦးမောင်ဦး ပြစ်တင် ကြိမ်းမောင်း
by -
နိရဥ္စရာ သတင်းဌာန

ရခိုင်ပြည်နယ် ကြံ့ခိုင်ရေး ပါတီ တာဝန်ခံ ယခင် ပြည်ထဲရေး ၀န်ကြီးဟောင်း ဦးမောင်ဦးသည် ယမန်နေ့က ကျောက်ဖြူမြို့တွင် ၀န်ထမ်းများနှင့် တွေ့ဆုံရာ ရခိုင်ပါတီကို မဲအနိုင်ရအောင် လုပ်ပေး သည်ဟု စွပ်စွဲ ပြောဆိုကာ ဌာနဆိုင်ရာ ၀န်ထမ်း များကို ပြစ်တင် ကြိမ်းမောင်းသွားကြောင်း သတင်း ရရှိသည်။

Monastery-in-Kyauk-Pruအမည်မဖေါ်လိုသူ ၀န်ထမ်း တစ်ဦးက " သူက ကျောက်ဖြူ ရမ္မာဝတီ ခန်းမမှာ နေ့လည် တစ်နာရီခွဲမှာ ဌာနဆိုင်ရာ ၀န်ထမ်းတွေနဲ့ တွေ့ပါတယ်။ သူက ရခိုင်ပါတီကျတော့ ခင်ဗျားတို့ မဲနိုင်အောင် လုပ်ပေးတယ်။ ကြံ့ခိုင်ရေးကိုကျတော့ ခင်ဗျားတို့ ဘာမှ လုပ်မပေးနိုင်ဘူးဆိုပီး ပြစ်တင် ကြိမ်းမောင်းသွားခဲ့ပါတယ်" ဟု ပြောသည်။

၀န်ကြီးဟောင်း ဦးမောင်ဦးသည် ရခိုင်ပြည်နယ် ကြံ့ခိုင်ရေး စည်းရုံးရေး ခရီးစဉ်ကို ပြုလုပ်နေရာ ယမန်နေ့က အမ်းမှ တဆင့် ကျောက်ဖြူသို့ ရောက်ရှိလာပြီး အစိုးရ ၀န်ထမ်းများနှင့် တွေ့ဆုံစဉ် ထိုသို့ ပြစ်တင် ဝေဖန် သွားခြင်း ဖြစ်သည်။

" သူက ကြံ့ခိုင်ပါတီက လူကြီး တစ်ဦးသာ ဖြစ်ပါတယ်။ အစိုးရ ၀န်ကြီး မဟုတ်ဘူး။ အစိုးရ ဌာနဆိုင်ရာတွေကို သူ့မှာ ခေါ်တွေ့ခွင့် အာဏာ သူမှာ မရှိဘူး။ ဒါပေမယ့် အတင်းခေါ်တွေ့ပြီး တိုင်းချစ် ပြည်ချစ်စိတ်ရှိရမယ်။ တိုင်းပြည်တိုးတက်ရေး အတွက် အကုန်လုံး တက်ညီ လက်ညီ လုပ်ရမယ်ဆိုပီး ပြောဆိုသွားပါတယ်" ဟုသူက ဆက်ပြောသည်။

၀န်ကြီးဟောင်း မောင်ဦးသည် ယမန်နေ့က ကျောက်ဖြူမြို့တွင် ဌာနဆိုင်ရာ ၀န်ထမ်းများနှင့် သာမက ကြံ့ခိုင်ရေး ပါတီ ထိပ်ပိုင်း ခေါင်းဆောင်များ၊ မြို့မိမြို့ဖများနှင့်လည်း တွေ့ဆုံသွားကြောင်း သတင်း ရရှိသည်။

ကျောက်ဖြူမှ တခြား လူငယ် တစ်ဦးကလည်း "သူက နံနက်ပိုင်းမှာ ကြံ့ခိုင်ရေး ပါတီက လူကြီးတွေနဲ့ တွေ့တယ်။ နေ့လည် ၁ နာရီခွဲမှာ ၀န်ထမ်းတွေနဲ့ တွေ့တယ်။ နေ့လည် ၃ နာရီခွဲမှာ နဂါးကျောင်းကို သွားပြီး ဆရာတော်ကို လက်ဆောင်တွေ ဆပ်ကပ်ပြီး ဖူးမျှော်ကန်တော့တယ်။ ညနေ ၄ နာရီခွဲမှာ မြို့မိ မြို့ဖ ၁၀ ဦးကို ခေါ်တွေ့ခဲ့ပါတယ်။ မြို့မိ မြို့ဖတွေကို ဘာတွေ ပြောသွားသလဲ ဆိုတာတော့ တိတိကျကျ မသိရသေးပါဘူး" ဟု ပြောသည်။

မောင်ဦးသည် ယနေ့နံနက်ပိုင်းက ကျောက်ဖြူမှ တဆင့် ရမ်းဗြဲသို့ ထွက်ခွာသွားကြောင်း သိရသည်။

၀န်ကြီးဟောင်း မောင်ဦးသည် ရခိုင်ပြည်နယ်တွင် အနောက်ပိုင်းတိုင်းမှူးဖြင့် တာဝန်ကျစဉ်က ပြည်သူလူထုကို အထူး နှိပ်စက်ခဲ့ သဖြင့် ရခိုင်ပြည်သူများ၏ မျက်မုန်းကျိုးခြင်းကို ခံခဲ့ရသူ ဖြစ်သည်။ ယခုတခါ ကြံ့ခိုင်ရေး ပါတီ ရခိုင်ပြည်နယ် တာဝန်ခံ အဖြစ် တာဝန်ပေးအပ်ခံရသဖြင့် လွန်ခဲ့သည့် ရွှေးကောက်ပွဲတွင် မဲရှံုးသည့် အပေါ် မကျေနပ်၍ လက်စားချေရန် ရခိုင်သို့ စေလွှတ်ခြင်း အဖြစ် ရခိုင်လူထုက မြင်နေကြကြောင်း သိရသည်။

ယခုအခါ မောင်ဦးသည် ရခိုင်ပြည်နယ် မြို့နယ် တိုင်းသို့ လှည့်လည်သွားလာပြီး ကြံ့ခိုင်ရေး ပါတီ ရခိုင်တွင် မဲရှံုးခြင်း အပေါ် မကျေမချမ်း ပြောဆိုကာ သက်ဆိုင်သူများကို ပြစ်တင် ကြိမ်းမောင်းမူများ ပြုလုပ်နေကြောင်း သိရှိရသည်။

Most read this week