ရွှေဂတ်စ် မစင်ကိစ္စ ကျေးရွာသား ၆၅ ဦးက ရခိုင် ပြည်နယ် ၀န်ကြီးချုပ်သို့ တိုင်ကြား

ရွှေဂတ်စ် မစင်ကိစ္စ ကျေးရွာသား ၆၅ ဦးက ရခိုင် ပြည်နယ် ၀န်ကြီးချုပ်သို့ တိုင်ကြား
by -
နိရဥ္စရာ သတင်းဌာန

ရွှေဂတ်စ်စီမံကိန်းမှ အလုပ်သမားများ စွန့်ထုတ် ပစ်သော မစင် မိလ္လာများကိုကျေးရွာအနီးချောင်း တွင် ကားဖြင့် လာသွန်နေသဖြင့်ကျောက်ဖြူမြို့ နယ် အုန်းတော အုပ်စု ၀က်ဆံ ကျေးရွာမှ ကျေးရွာ လူကြီး ၆၅ ဦးက လက်မှတ်ရေးထိုးပြီး ပြည်နယ် ၀န်ကြီးချုပ်ထံ စာရေးတိုင်ကြားလိုက်ကြောင်း သတင်း ရရှိသည်။

Arakan-photo
ကျောက်ဖြူ ဆိပ်ကမ်းတွင် မြန်မာ အာဏာပိုင်များနှင့် နိုင်ငံခြား ကုမ္ပဏီများမှ အရာရှိများကို တွေ့ရစဉ်၊ ဒေသခံ ရခိုင်ပြည်သူများမှာ အဆိုပါ စီမံကိန်းကြောင့် ထိခိုက်နေကြရသည်။

" ကျွန်တော်တို့ ဒီကိစ္စကို ခရိုင်၊ မြို့နယ် အဆင့် အုပ်ချုပ်ရေးမှူးတွေကို တိုင်ကြားပါတယ်။ ဒါပေမယ့် သူတို့က ဘာမှ အရေးယူ ဆောင်ရွက်ပေးနိုင်တာ မရှိဘူး။ ဒါကြောင်း ဒီလ ၁၄ ရက်နေ့က ၀က်ဆံ ကျေးရွာက လူကြီး ၆၅ ဦး လက်မှတ်ရေးထိုးပြီး ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်ကိုတိုင်ကြား ခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်ထိ အရေးယူ ဆောင်ရွက်ပေးတာ မရှိသေးပါဘူး" ဟု ၀က်ဆံ ရွာသား တစ်ဦးက ပြောသည်။

ကျောက်ဖြူမြို့မှ (၆) မိုင်အကွာတွင် တည်ရှိသော ဂုံးချိန်ကျေးရွာ အနီးတွင် ကိုးရီးယား ဒေဝူးမှဓါတ်ငွေ့ သန့်စက်ရုံ တည်ဆောက်နေရာ အဆိုပါ ဓါတ်ငွေ့ စက်ရုံ တည်ဆောက်ရေး လုပ်ငန်းခွင်မှ လုပ်သားများ စွန့်ပစ်သော မစင်များကို ကားဖြင့် တင်ယူလာကာ ၀က်ဆံ ကျေးရွာ အနီး ချောင်းထဲတွင် လာရောက် သွန်ချနေသဖြင့် ကျေးရွာသားများမှာ ဆိုးရွားသော အနံ့ အသက်များကို မခံနိုင်သဖြင့် ကျန်းမာရေး အရ အထူး ထိခိုက်နေရသည်ဟု သိရသည်။
Arakan-photo-2
" အဲဒီ စက်ရုံ စီမံကိန်းမှာ အလုပ်သမား ၄၀၀ ကျော်ရှိပါတယ်။ နိုင်ငံခြားသားတွေ ဖြစ်ကြတဲ့ မလေးရှား၊ ကိုးရီယား၊ အိန္ဒိယ၊ စင်္ကာပူ တွေလည်း ရှိပါတယ်။ လူကများတော့ အိမ်သာက မလောက်ဘူး။ ဒီတော့ ပိုလျှံလာတဲ့ မစင်တွေကို ကားနဲ့ သယ်ယူလာပြီး ၀က်ဆံ ကျေးရွာအနီးက ချောင်းမှာ လာသွန်တယ်။ အခုတော့ ချောင်းကို မှီခိုပြီး စားသောက်နေကြရတဲ့ ဒေသခံတွေ အကုန်လုံး ထိခိုက်ကုန်တယ်။လယ်သမား တွေလည်း အနီးအနားမှာ လယ်ထွန်လို့ မရတော့ဘူး။ ကျွဲနွား တွေလည်း ချောင်းက ရေကို သောက်လို့ မရတော့ဘူး။ သဘာဝ ပတ်ဝန်းကျင်ကို အထူး ထိခိုက်မူတွေ ရှိနေသလို ဒေသအတွင်းက လူထုကိုလည်း အကြီးအကျယ် အခက်အခဲ ဖြစ်ပေါ်စေပါတယ်" ဟု အဆိုပါ ရွာသားမှ ပြောသည်။

ယခုကဲ့သို့ ကျေးရွာအနီး မစင်များ လာသွန်နေ၍ ကျေးရွာသားများ ဒုက္ခရောက်နေကြရသဖြင့် ယခုနှစ် ဇန္နဝါရီလ ၂၁ က ကျေးရွာသားများက ကုမ္ပဏီကို သွားရောက် ကန့်ကွက်ခဲ့ကြောင်း၊ နောက်တစ်နေ့တွင် ကုမ္ပဏီ လူကြီးများ ရောက်ရှိလာပြီး အဆိုပါ ပြဿနာကို ဖြေရှင်းပေးမည် ဖြစ်ကြောင်းပြာကြားသော်လည်း ယနေ့ထိ ဖြေရှင်းပေးခြင်း မရှိဘဲ ဆက်ပြီး မစင်များကို စွန့်ပစ်နေကြောင်း သူက ဆက်ပြောသည်။

" အခုလို လုပ်တာကို ဒီစီမံကိန်းမှာ ပါ၀င်တဲ့ ပီအက်စ်စီ ကုမ္ပဏီက လုပ်နေတယ်လို့ ပြောပါတယ်။မိလ္လာတွေ ကို လာသွန်တဲ့ ကားဒရိုင်ဘာက ဗမာ အမျိုးသား ဖြစ်ပါတယ်။ ကားအမှတ် ၃(ဂ) ၈၄၇၅ နဲ့နေ့တိုင်းလာ သွန်နေပါတယ်။ ဟန့်တားလို့လည်း မရပါဘူး ခင်ဗျား။" ဟု ပြောသည်။

Arakan-photo-3
အဆိုပါ ဓါတ်ငွေ့ သန့်စင် တည်ဆောက်နေသော နေရာ အနီးတွင် ဂုံးချိန်၊ အုန်းတော၊ ၀က်ဆံနှင့် ကုန်းဘောင်စသော ကျေးရွာများ တည်ရှိနေပြီး ကျေးရွာတိုင်းလိုလိုမှာ မစင် အပါအဝင် စွန့်ပစ် ပစ္စည်းများကို မဆင်မခြင် လွှင့်ပစ်နေမူကြောင့် အခက်အခဲများ ကြံုတွေ့နေရကြောင်း ဂုံးချိန် ရွာသား တစ်ဦးကလည်း ပြောသည်။

" အခု စက်ရုံ အနီးက ရန်ကုန်- ကျောက်ဖြူ ကားလမ်း တလျှောက်မှာ စက်ရုံက စွန့်ပယ်လိုက်တဲ့ပလစတစ် တွေ၊ တခြား အမိူက်တွေနဲ့ ပြည့်နက်နေပါတယ်။ သူတို့က စည်းမဲ့ကမ်းမဲ့ ပစ္စည်းတွေကို စွန့်ပစ်နေတဲ့ အတွက် အနီးအနားက လယ်ပြင်တွေမှာလည်း ပလစတစ်တွေနဲ့ လယ်ထွန်လိုု့တောင် မရ ဖြစ်နေပါတယ်" ဟု သူက ပြောသည်။

အဆိုပါ ဓါတ်ငွေ သန့်စင်စက်ရုံမှာ ပင်လယ်ထဲမှ ထုတ်ယူသော ဂတ်စ်အား ပိုက်လိုင်းဖြင့် သယ်ယူလာပြီး အဆိုပါ စက်ရုံတွင် သန့်စင်ကာ ယင်းမှ တဆင့် ဓါတ်ငွေ့ပိုက်လိုင်းဖြင့် တရုတ်ပြည်သို့ တင်ပို့မည် ဖြစ်သည်။

အဆိုပါ ဓါတ်ငွေ သန့်စင် စက်ရုံအား ကိုးရီးယားဒေဝူးမှ တာဝန်ယူ တည်ဆောက်နေခြင်း ဖြစ်ပြီး ရခိုင် ပြည်သူ များမှာ ဓါတ်ငွေ့ စီမံကိန်းကြောင့် အကျိုးမခံစားရသည့် အပြင် ဒုက္ခသာ ခံစားနေရသဖြင့် အထူး စိတ်အနှောင့်အယှက် ဖြစ်နေကြသည်ဟု ဒေသခံများက ပြောသည်။

Most read this week