၂၀၁၀-၂၀၁၁ ဘိန်းစိုက်ရာသီအတွင်း ရာသီဥတု ကောင်းမွန်သဖြင့် ဘိန်းအထွက်တိုးကာ ဘိန်းစျေးမှာ လည်း နှစ်ဆနီးပါး တက်သွားကြောင်း သျှမ်းပြည် မူးယစ်ဆေးဝါး လေ့လာစောင့်ကြည့်ရေးအဖွဲ့က ပြော ပါသည်။
“လွန်ခဲ့တဲ့ ၂ နှစ်တုန်းကလို မိုးမဖျက် နှင်းမဖျက်လို့ မနှစ်က ဘိန်းအထွက်တိုးခဲ့တယ်။ ဘိန်းစိုက်တာလဲ ပိုများ လာတယ်” ဟု သျှမ်းပြည် မူးယစ်ဆေးဝါး လေ့လာစောင့်ကြည့်ရေးအဖွဲ့မှ ဦးခွန်စိုင်း ကပြောပါ သည်။
ယခုနှစ် ဖေဖော်ဝါရီလအတွင်း ဘိန်းစိမ်းတစ်ပိဿာ ထိုင်းဘတ်၂၅၀၀၀(ကျပ် ၆ သိန်းကျော်)ရှိရာမှ ဘိန်း အော်ဒါမှာယူမှု ပိုမိုများပြားလာသဖြင့် ဂျွန်လအတွင်း ထိုင်းဘတ် ၄၅၀၀၀(ကျပ် ၁၁ သိန်းကျော်)အထိ တက်သွားသည်ဟုဆို၏။
၂၀၁၀ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလအတွင်း အချို့မြို့နယ် ကြံ့ဖွံ့ပါတီ(USDP) အဖွဲ့ဝင် အချို့က ၎င်းတို့အား ထောက်ခံမဲပေးလျှင် လွတ်လပ်စွာ ဘိန်းပိုမိုစိုက်ပျိုးလာနိုင်မည်ဟု ကျေးလက်လူထု ဘိန်းစိုက် တောင်သူများအား စည်းရုံးပြောဆိုခဲ့သဖြင့် ဤအချက်မှာ ဘိန်းစိုက်ပျိုးမှု များပြားလာစေသည့် အကြောင်း ရင်း တစ်ခုဖြစ်ကြောင်း သျှမ်းပြည်အရှေ့ပိုင်းနေ သျှမ်းပြည်မူးယစ်ဆေးဝါး လေ့လာ စောင့်ကြည့် သူ တစ်ဦး ကလည်း ပြောပါသည်။
“ပြည်သူတွေ ဘိန်းစိုက်ပျိုးခွင့်ပိုရလာတော့ ဗမာစစ်သားတွေလဲ အခွန်ရတယ်။ ခြင်္သေ့ပါတီ ထောက်ခံမဲ ရတယ်လို့တောင် ပြောကြတယ်”
အမျိုးသားလွှတ်တော်၌ လျိုကော်ရှီး(ကိုးကန့်ပါတီ)၊ ပြည်သူ့လွှတ်တော်၌ ထီခွန်မြတ်(ကွတ်ခိုင်)၊ ဟော်ရှောင်ချန်(ကွန်လုံ)နှင့် ပြည်နယ်လွှတ်တော်၌ ပန်းဆေးကျော်မြင့်(နမ့်ခမ်း)၊ ဦးကမ်မိုင်(မူဆယ်)၊ ပိုင်ဆုံချိန်(လောက်ကိုင်)နှင့် ဦးမြင့်လွင် ခေါ် ဝမ်ကွေ့တာ(ကွတ်ခိုင်)ကဲ့သို့သော မူးယစ်ဆေးဝါးဖြင့် နာမည်ကျော်ကြားသည့် မူးယစ်ရာဇာများ လွှတ်တော်အမတ်များဖြစ်လာကြခြင်းသည်လည်း ဘိန်းစိုက်ပျိုးမှု ပိုမိုများပြားစေသော အကြောင်းရင်းတစ်ရပ်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။
“ပြည်သူ့စစ်တွေ၊ နယ်ခြားစောင့်တပ်တွေဟာ အပစ်ရပ်အဖွဲ့တွေထက် အခွင့်အရေးတွေ၊ လုပ်ပိုင်ခွင့်တွေ ပိုရ လာကြတယ်။ သူတို့တွေကို ၂၀၁၄ အထိ အစိုးရက ဘိန်းစိုက်ခွင့် ပေးထားတယ်။ ဒါလဲ ဘိန်းစိုက်ပျိုးမှု များ လာစေတယ်” ဟု ဦးခွန်စိုင်း က ပြောပါသည်။
မြန်မာနိုင်ငံအဝှမ်း ဘိန်းစိုက်ပျိုးမှု ကင်စင်ရေး ၁၅ နှစ်စီမံကိန်းကို မြန်မာအစိုးရက ၁၉၉၉-၂၀၁၄ အထိ လျာ ထားပြီး ၎င်း ၁၅ နှစ် စီမံကိန်းကို ၅ နှစ်စီမံကိန်း ၃ ဆင့် ထပ်မံခွဲထားသည်။
တဖက်တွင်လည်း မြန်မာစစ်တပ်နှင့် ဆက်ဆံရေး တင်းမာလာသည့် အချိန်မှစ၍ အပစ်ရပ်အဖွဲ့များက ဘိန်းဖျက်စီးခြင်း မပြုတော့ကြောင်း ဝ တပ်ဖွဲ့ဝင်တစ်ဦးကလည်း ပြောသည်။
ယခုနှစ် ဂျွန်လမှစ၍ သျှမ်းပြည်တောင်ပိုင်းနှင့် အရှေ့တောင်ပိုင်းတို့ ဘိန်းမျိုးစေ့ စတင်ကျဲနေပြီဖြစ် ကြောင်း သိရှိရပါသည်။
သျှမ်းပြည်အတွင်း မူးယစ်ဆေးဝါး စိုက်ပျိုးရောင်းဝယ်မှုနှင့် ပတ်သက်၍ သျှမ်းပြည် မူးယစ်ဆေးဝါး လေ့လာ စောင့်ကြည့်ရေးအဖွဲ့ Shan Drug Watch ၏ သတင်းလွှာ အမှတ် ၄ ကို ဂျွန် ၂၆ ရက် ကမ္ဘာ့မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အမှီ ထုတ်ဝေဖြန့်ချီမည်ဖြစ်သည်။