ဗိုလ်ကြီးက ၉ တန်းကျောင်းသူကို ဓားနဲ့ထိုးပြီး သတ်သေဟုဆို

ဗိုလ်ကြီးက ၉ တန်းကျောင်းသူကို ဓားနဲ့ထိုးပြီး သတ်သေဟုဆို
by -
မျိုးသန့်

ချင်းမိုင် (မဇ္ဈိမ) ။       ။ ဗိုလ်ကြီးတဦးက ၉ တန်း ကျောင်းသူ တဦးကို ဓားနဲ့ထိုးကာ မိမိကိုယ်ကိုအဆုံး စီရင်ခဲ့သည် ဆိုသော ဖြစ်ရပ်တခု ပဲခူးမြို့နယ် ဥဿာမြို့သစ် ရပ်ကွက်တွင် ဗုဒ္ဓဟူးနေ့ကဖြစ်ပွားခဲ့ သည်။

ခြေမြန်တပ်ရင်း ရ မှ တပ်ရေးဗိုလ်ကြီး ကျော်သူရက စစ်မြေပြင် အင်ဂျင်နီယာတပ်မှ အရာခံဗိုလ် စိုးမြင့်၏ သမီး မသက်နှင်းဆွေကို အသင့်ပါလာသော စစ်သုံးဓားဖြင့် ထိုးသည်ဟု စွပ်စွဲထားကြသည်။

အခင်းဖြစ်ပွားချိန်က နေအိမ်တွင်း ရှိနေခဲ့သူ အရာခံဗိုလ်စိုးမြင့်၏ ဇနီး ဒေါ်စမ်းစမ်းထွေးက အော်ဟစ် အကူညီတောင်းသဖြင့် အိမ်နီးနားချင်းများ ရောက်လာခဲ့သည်။

“အော်ခေါ်တော့ ရပ်ကွက်က လူတွေက ထွက်လာပြီးတော့ အဲဒီမှာ ဝိုင်းအုံလာတော့ အဲဒီမှာ ခြံကတော့ သံပန်း သံတခါးတွေနဲ့ အုတ်တံတိုင်း ကာထားပါတယ်၊ လူတွေကတော်တော်နဲ့ ဝင်လို့ မရဘူး။ အဲဒီမှာ ယောက်ျားတွေက အားနဲ့ ကန်ပြု ဖွင့်တဲ့ အခါကျတော့ ပွင့်သွားတာ အဲဒီကျတော့မှ လူအုပ်က ဆွဲလား ရမ်းလား လုပ်တဲ့ အခါကျတော့ ဗိုလ်ကြီးက ဒူးထောက်ပြီးတော့ သူ့ရင်ဘတ် ဘယ်ဘက်ကိုသူ ဓါးနဲ့ထိုးပြီး နေရာမှာပဲ ပွဲချင်းပြီး သေသွားတယ်” ဟု ဥဿာမြို့သစ်နေ ကိုနေဝင်းက မဇ္ဈိမကို ပြောသည်။

ငွေချေးရန် ရောက်ရှိလာသော ဗိုလ်ကြီး ကျော်သူရမှာ အစောပိုင်းက နေအိမ်တွင် အရာခံဗိုလ်စိုးမြင့်ကို တယ်လီဖုန်းမှ တဆင့် စကားပြောခဲ့သည်ဟု ဒေါ်စမ်းစမ်းမြင့်က ဗီဒီယို အင်တာဗျူးတခုတွင်ပြောဆို ထားသည်။

ပဲခူးမြို့နေ အလုပ်သမားရေးရာ ကူညီစောင့်ရွက်ပေးနေသူ ဦးအေးမြင့်က ဒေါ်စမ်းစမ်းမြင့်နှင့် မျက်မြင်သက် သေ တဦးကို ဗီဒီယို အင်တာဗျူး ပြုလုပ်၍ အင်တာနက်တွင် ဖြန့်ဝေခဲ့သည်။

“ သမီးက အိမ်ရှေ့မှာ အခွေတွေ ထိုင်ရှင်းနေတယ် အဲဒီလူကြီးက ဆိုဖါပေါ်မှာ ထိုင်နေတာ ကျမက အိမ်နောက်ဖေးမှာ လက်နှီး လာလျှော်တယ် တအောင့်နေတော့ သမီး ကျူရှင် ၁၂ နာရီကို သွားရမှာ ရေချိုးတော့လို့ ပြောလည်းပြောပြီး
 ပြန်ထွက်လာတော့ ကလေးကို သူအဲဒီမှာ ဓါးနဲ့ စပြီးတော့ ထိုးတာပဲ” ဟု ဒေါ်စန်းစန်းမြင့်က ဗီဒီယိုတွင် ပြောသည်။

“ ကလေးက ထွက်ပြေးသွားတဲ့ အခါကျတော့ သူက ကလေးကို အသေထိုးတော့တာ ကလေးက အိမ်ရှေ့မှာ အခွေ ထိုင်လုပ်နေတော့ ကလေးကို ဓါးနဲ့ထိုးတော့ ကလေးက အိမ်နောက်ဖေးကိုပြေးထွက် လာတယ်။ ကျမက ဒီမှာ လက်နှီးလျှော်ရင်း တန်းလန်းနဲ့ သူက ကလေးကို ထိုးတော့ ကျမက သူ့ကို ဆွဲလိုက်တာပေါ့။ မအေက ဖင်ထိုင်လျက် ကျသွားတဲ့ အခါကျတော့ မအေကို ဆွဲရမလား ဆိုပြီးတော့ သူက ဓါးနဲ့လှမ်းထိုးတာ အဲဒီမှာ ကလေးက မအေကို ဓါးနဲ့ ထိုးရမလား ဆိုပြီးတော့ အနောက်ကသူ့အကျီ ကို ဆောင့်ဆွဲပစ်လိုက်တယ် ပြီးတော့ ကလေးကို သူကထိုင်ထိုးတာ ကျမက ဒီကရှိတဲ့ ရေဗုံးနဲ့ပေါ့မျက်နှာ ကို ရေနဲ့ ပက်ပစ်လိုက်တာပေါ့” ဟု သူက ထပ်ပြောသည်။

မသက်နှင်းဆွေမှာ ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။ သူမ၏နာရေးကို သောကြာနေ့ နေ့လည် ၁၂ နာရီတွင် ပဲခူး ဆင်ဖြူကွင်း သုဿန်သို့ ပို့ဆောင်မည် ဖြစ်သည်။

ဗိုလ်ကြီးကျော်သူရ၏ ရုပ်အလောင်းကို ပဲခူးမြို့ သာမဏေကျော် နာရေးကူညီမှု အသင်းမှ ရန်ကုန်ရေဝေး သုဿန် ရေခဲတိုက်သို့ ညနေ ၃ နာရီတွင် ပို့ဆောင်ပေးခဲ့သည်ဟု သာမဏေကျော် နာရေးကူညီမှုအသင်း အတွင်းရေးမှူး ဦးကြည်ဝင်းက မဇ္ဈိမကိုပြောသည်။

ဗိုလ်ကြီးကျော်သူရမှာ အသက် ၄ဝ ကျော်ခန့် ရှိမည်ဟု ဒေသခံများက ခန့်မှန်းထားကြသည်။

အခင်း ဖြစ်ပွားပြီးချိန်တွင် ပဲခူးမြို့ အမှတ် ၃ ရဲစခန်းမှ တာဝန်ကျရဲများ ရောက်ရှိလာပြီး ဓါတ်ပုံရိုက် မှတ်တမ်းတင် သွားခဲ့သည်ဟု မျက်မြင်တွေ့သူများက ပြောဆိုသည်။

အမှတ် ၃ ရဲစခန်းသို့ မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ ဖြေကြားခြင်း မရှိပါ။

Most read this week