အိန္ဒိယ-မြန်မာ အမှတ်(၂)နယ်စပ်ကုန်သွယ်ရေး လမ်းမကြီး ချဲ့မည့်အစီစဉ်ကြောင့် ချင်းပြည်နယ် တီးတိန်မြို့နယ်မှ လူနေ အိမ်များအားအာဏာပိုင် များကရွှေ့ပြောင်းခိုင်းနေသည်ဟုသတင်းရရှိ သည်။
တီးတိန်မြို့နယ် လိုင်သွေးကျေးရွာအတွင်း ကားလမ်းမကြီးဘေး (လမ်းအပေါ်ဘက်) တွင်နေထိုင်ကြ သော ဒေသခံချင်း ပြည်သူများ၏ နေအိမ် များကို လွန်ခဲ့သည့် ၂ လလောက်ကတည်းက ရွှေ့ပေးကြရန် ချင်းပြည်နယ်ဝန်ကြီးချူပ်ဦးဟုန်းငိုင်း ကအကြောင်းကြား ပြောဆိုခဲ့သည်ဟုလိုင်သွေးရွားသားတဦးက ပြောသည်။
‘’ ပြီးခဲ့တဲ့ ၂ လလောက်က ၀န်ကြီးချူပ် ဦးဟုန်းငိုင်းလာပြီးတော့ လမ်းချဲ့မယ် ဒါကြောင့် အိမ်တွေ ရွှေ့ပေးကြပါလို့ လာပြောတယ်၊ ဒါပေမဲ့ ဘယ်သူမှ မရွှေ့ချင်ကြတော့ နောက်တခေါက်ပြန်လာပြီး အိမ်မရွှေ့ကြဘူးဆိုရင် ခင်များတို့ အတွက် ကောင်းမှာမဟုတ်ဘူးဆိုပြီးပြောတယ်၊ အခုတော့ နေအိမ် တချိူ့တော့ ရွှေ့နေကြပြီ’ ဟုသူကပြောသည်။
ချင်းပြည်နယ်အစိုးရကအိမ်ပြောင်းရွှေ့သူများကိုနှစ်နာကြေးအနည်းငယ်သာပေးဖို့စီစဉ်နေကြောင်းရွာသား ကပြောသည်။
‘’လုံုးလုံးရွှေ့ရမယ့်သူတွေကို ကျပ်ငွေ ၅၀၀၀၀၊ လုံးလုံးရွှေ့စရာမလိုဘဲအိမ်ဆောက်ဖို့မြေကွက်ကျန် သေး တဲ့သူတွေကို တော့ ကျပ်ငွေ ၁၀၀၀၀/၂၀၀၀၀ လောက်ဘဲပေးမယ်လို့ ရွာလူကြီးတစ်ယောက်က ပြောတယ်’’ဟု လိုင်သွေး ရွာမှ စားသောက်ဆိုင်ပိုင်ရှင်တဦးကပြောသည်။
ယခုလမ်းချဲ့မည့်အစီစဉ်ကြောင့် နယ်စပ်ကုန်သွယ်ရေးလမ်းမကြီးတလျှောက်ရှိ ကျဉ်းမြောင်းသော နေရာများကို ချဲ့ထွင် မည်ဖြစ်သဖြင့် တခြားဒေသမှ လူနေအိမ်များကိုလည်းပြောင်းရွှေ့ခိုင်းဖွယ်ရှိ သည်ဟု လိုင်သွေးရွာသားတဦးကပြောသည်။