ရမ်းဗြဲ လုပ်အားပေးစေခိုင်းမူကို ၀န်ကြီး တစ်ဦးက ပြုလုပ်

ရမ်းဗြဲ လုပ်အားပေးစေခိုင်းမူကို ၀န်ကြီး တစ်ဦးက ပြုလုပ်
by -
နိရဥ္စရာ သတင်းဌာန

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်အတွင်းပြည်သူလူထု များအား လုပ်အားပေး နေစေခိုင်းနေခြင်းကို ရခိုင်ပြည်နယ် ၀န်ကြီး တစ်ဦးမှ မည်သူ့ကိုမှ ဂရုမစိုက်ဘဲ အတင်းအဓမ္မ ပြုလုပ်နေကြောင်း သိရသည်။

Road-in-Arakan
ရခိုင်ပြည်နယ်တွင် ဖေါက်လုပ်နေသော ကျေးရွာဆက် လမ်းတလမ်း ရမ်းဗြဲမြို့နယ် အတွင်း ရမ်းဗြဲ- ကျောက်နီမော်လမ်း၊ ရမ်းဗြဲ- လေးတောင်လမ်းနှင့် ရမ်းဗြဲ- ကျောက်ချောင်းလမ်းများကို မိုးတွင်းရာသီတွင် အပျက်အစီး မရှိစေရဟုဆိုကာ လမ်းများကို ပြုပြင်ခိုင်းရာ၌ ဒေသခံ လူထုအား အဖိုးအခ တစုံတရာ မပေးဘဲ စေခိုင်းနေခြင်း ဖြစ်သည်။

အမည်မဖေါ်လိုသူ အရပ်လူကြီး တစ်ဦးက " အခု ခိုင်းနေတာကို ရခိုင် လယ်ယာ၊ သစ်တောနဲ့ ဆည်မြောင်း ၀န်ကြီး အငြိမ်းစား ဗိုလ်မှူးကြီး ကျော်ခင်က ခိုင်းစေနေတာ ဖြစ်ပါတယ်။ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို စည်ပင်နဲ့ ပူးပေါင်းပြီး ဖိအားပေးကာ ရွာသားတွေကို စေခိုင်းနေတာ ဖြစ်ပါတယ်" ဟု ပြောသည်။

ဦးကျော်ခင်သည် ရမ်းဗြဲအမှတ် (၁) ပြည်နယ် လွှတ်တော် အမတ်ဖြစ်ပြီး ကြံံခိုင်ရေးပါတီ၏ အမာခံ တစ်ဦးလည်း ဖြစ်သည်။ ယခုအခါ ဦးကျော်ခင်မှာ ရမ်းဗြဲမြို့သို့ ရောက်ရှိနေပြီး လမ်းများ ပြုပြင်ရေးကို ကြီးကြပ် ဆောင်ရွက်နေကြောင်း သိရသည်။

" ရွာသားတွေကို ခင်ဗျားတို့ လမ်းကို ကျုပ်တို့က ပိုက်ဆံမပေးနိုင်ဘူး။ ခင်ဗျားတို့ လမ်းကို ခင်ဗျားတို့ ခင်းရမယ်။ ခင်ဗျားတို့ ကိုယ်တိုင် ပျက်တဲ့လမ်းတွေကို လုပ်ရမယ် ဆိုပြီး အဲဒီလိုိ ပြောပြီးတော့ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးတွေနဲ့ ညှပ်ပြီး လုပ်နေပါတယ် ခင်ဗျား။ လမ်းတိုင်းမှာ ရွာသားတွေကို အတင်းခိုင်းပြီး လုပ်နေပါတယ် ခင်ဗျား" ဟု တခြား ကျေးရွာ သား တစ်ဦးကလည်း ပြောသည်။

ယခု လုပ်အားပေး စေခိုင်းခံနေရသော ကျေးရွာသားများမှာ ရမ်းဗြဲ - ကျောက်နီမော်လမ်း၊ ရမ်းဗြဲ- လေးတောင်လမ်းနှင့် ရမ်းဗြဲ- ကျောက်ချောင်းလမ်း တလျှောက်တွင် တည်ရှိသော ကျေးရွာများမှ ဖြစ်ကြသည်။

" ရမ်းဗြဲက အထွက်ကျေးရွာတွေ အကုန်လုံးက လူတွေကို ခိုင်းနေပါတယ်။ ရမ်းဗြဲ ကျောက်နီမော် လမ်းက အပိုင်းလိုက် အပိုင်းလိုက် ပြုပြင်နေပြီးတော့ ရမ်းဗြဲ လေးတောင်လမ်းက တစ်ခုလုံးကို ပြန်ပြင်နေပါတယ်။ အဲသလို ပြင်တဲ့နေရာမှာ ကျေးရွာသားတွေကို ခိုင်းနေတာ ဖြစ်ပါတယ်။"

ယခုကဲ့သို့ လုပ်အားပေး စေခိုင်းနေခြင်းကို ကျေးရွားများမှ ပြည်နယ် အဆင့်ဆိုင်ရာ အထက်လူကြီး များသို့ အသိပေး အကြောင်းကြားစာများ ရေးသားပေးပို့ထားကြောင်း သိရသည်။

အမည်မဖေါ်လိုသူ ပြည်နယ် အဆင့် တာဝန်ရှိသူ အမတ် တစ်ဦးမှလည်း ပြည်နယ် ၀န်ကြီး တစ်ဦးဖြစ်သူ ဦးကျော်ခင်မှ လုပ်အားပေး စေခိုင်းနေခြင်းကို အတည်ပြု ပြောကြားပြီး ယခုအခါ တိုင်ကြားစာကို လက်ခံ ရရှိထားပြီ ဖြစ်ကြောင်း ပြောကြားသည်။

၎င်းပြင် ဦးကျော်ခင်သည် ပြည်သူ့လွှတ်တော် အမတ် ဦးလှထူးနှင့် မြို့နယ် စည်ပင် ဦးစီးမှူး ဦးဌေးခင်တို့ ပူးပေါင်းပြီး လမ်းများတွင် မောင်းတံများ တပ်ဆင်ကာ ကားတစ်စီးကို ကျပ် ၁၀၀၀ နှင့် မော်တော် ဆိုင်ကယ် တစ်စီးကို ကျပ် ၂၀၀ စီကောက်ခံနေကြောင်းလည်း ကျေးရွာသားများက ပြောသည်။

ထိုကဲ့သို့ကောက်ခံနေသဖြင့် မော်တော်ဆိုင်ကယ် စီး၍ ကျောင်းတက် ကျောင်းဆင်း ပြုလုပ်သူ ဆရာများနှင့် လည်း မကြာခဏ ပြဿနာများ ပေါ်ပေါက်နေကြောင်း သိရသည်။ တခြား လူငယ်တစ်ဦး ကလည်း ရမ်းဗြဲ ကျောက်နီမော် ကားလမ်းတွင် ငွေကောက်ခံနေခြင်းကို အတည် ပြုပြောကြား သည်။

" ကားတစီးကို ၁၀၀၀ကျပ်၊ ဆိုင်ကယ် တစီး ၂၀၀ ကျပ် ကောက် ခံပါတယ်။ အဲဒီပိုက်ဆံတွေကို သူတို့နဲ့ အလွန်ရင်းနှီးတဲ့ ကိုကုလား ဆိုသူက ကောက်နေပါတယ်။ ကိုကုလားဆိုတာ နာမည်ပါ။ သူက ရခိုင် လူမျိုးပါ။ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးလှထူးရယ် ပြည်နယ်ဦးစီး ဦးဌေးခင်ရယ် တို့ရဲ့ အတွင်းလူပါ" ဟု ပြောသည်။

ရမ်းဗြဲ- ကျောက်နီမော် လမ်းကို ယမန်နှစ်က အစိုးရမှ တာဝန်ယူ တည်ဆောက်ပေးခဲ့သော်လည်း အစိုးရဘတ်ဂျက်နှင့် မလုံလောက်ဟု ဆိုကာ ဦးကျော်ခင်က အနီးအနားကျေးရွာများတွင်နေထိုင်သူ အိမ်ထောင်စု တခုစီမှ ကျပ် ရ၀၀၀ နှင့် ကျပ် ၁၀၀၀၀ စီကောက်ခံခဲ့သည်ဟု သိရသည်။

Most read this week