တောင်ကုတ် ဒေါ်စုမွေးနေ့ပွဲတွင် ပြည်တွင်း ငြိမ်းချမ်းရေး တောင်းဆို

တောင်ကုတ် ဒေါ်စုမွေးနေ့ပွဲတွင် ပြည်တွင်း ငြိမ်းချမ်းရေး တောင်းဆို
by -
နိရဥ္စရာ သတင်းဌာန

တောင်ကုတ်တွင်ပြုလုပ်သော ဒေါ်အောင်ဆန်း စုကြည် (၆၆) နှစ်မြောက်မွေးနေ့တွင် နိုင်ငံတော် သမ္မတအား ပြည်တွင်းငြိမ်းချမ်းရေးကိုဖေါ်ဆောင် ရန် တောင်းဆိုလိုက်ကြောင်း သိရသည်။

Daw-Suu-photo“ တောင်းဆိုတာက ကျွန်တော် လက်ကမ်းစာစောင် တစ်ခုမှာ နိုင်ငံတော် သမ္မတကြီးသို့ ပြည်သူများမေတ္တာ ရပ်ခံချက်ဆိုတဲ့ စာတစ်စောင်ကို ရေးသား တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ အဓိကတော့ ပြည်တွင်း ငြိမ်းချမ်းရေးကို ဖေါ်ဆောင်ဖို့အတွက် အချက် ၄ ချက်ကို ကျွန်တော်တို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်” ဟု အဖွဲ့ချုပ် လူငယ် တစ်ဦးက ပြောသည်။

တောင်းဆိုထားသော အချက် ၄ ချက်မှာ နိုင်ငံရေး အကျဉ်းသားများကို ချွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန်၊ နိုင်ငံတကာသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသား အတိုက်အခံများနှင့် ဒုက္ခသည်များ နေရပ်ရင်းသို့ လုံခြံု စိတ်ချစွာ ပြန်လာခွင့် ရရှိရန်၊ ပြည်တွင်း စစ်ရပ်စဲရန်နှင့် ပြည်တွင်း ငြိမ်းချမ်းရန် တည်ဆောက်ရန်၊ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းရန်တို့ ဖြစ်သည်။

အဆိုပါ စာစောင်အား တက်ရောက်လာသူများ အကြားတွင် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေ ခဲ့ကြသည်ဟု သိရသည်။

တောင်ကုတ်က တစ်ခြား နိုင်ငံရေးသမား တစ်ဦးကလည်း ငြိမ်းချမ်းရေး အတွက် ယခုကဲ့သို့ သမ္မတအား စာရေးသား တောင်းဆိုရခြင်းကို ယခုကဲ့သို့ ပြောသည်။

“ တိုင်းပြည် တစ်ပြည်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရှိဖို့ လိုအပ်ပါတယ်။ အခု ကချင် အပါအဝင် တိုင်းရင်းသား ဒေသတွေမှာ ပြည်တွင်း စစ်မီး တောက်လောင်နေတယ်။ ခုလို ဖြစ်နေတဲ့ အတွက် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ငြိမ်ရေးကို ထိခိုက်ပျက်ပြားစေတယ်။ အခုကအစိုးရသစ်တက်လာပြီ ဆိုတော့ နိုင်ငံတကာ ရောက် မြန်မာပြည်သူတွေကို ပြန်ခေါ်ဖို့လိုတယ်။ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ လိုတယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေး အတွက် ပြည်တွင်းစစ်ကို ရပ်စဲပစ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင်း သမ္မတကို တောင်းဆိုရတာ ဖြစ်ပါတယ်။”

ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သော ဒေါ်စုမွေးနေ့ကို တောင်ကုတ်မြို့နယ် အဖွဲ့ချုပ် ဥက္ကဌဦးကျော်ခိုင် အိမ်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး လူပေါင်း ရ၀ ကျော် တက်ရောက်ခဲ့သည်ဟု သိရသည်။ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြု စကားများ ပြောကြားခဲ့ကြသလို ကလေးထောင်တွင် နှစ်ရှည်ထောင် ဒဏ်ကျခံနေရသည့် ကိုမင်းအောင်အား ဂုဏ်ပြုသည့် ကဗျာ တပုဒ်ကိုလည်း ရွှတ်ဖတ်ခဲ့ကြသည်ဟုသိရ သည်။

ဒေါ်စုမွေးနေ့ပွဲသို့ တက်ရောက်လာသူ အများစုမှာ နယ်ကျေးရွာများမှ ဖြစ်ကြသည်။ ထောက်လှမ်းရေးနှင့် ရဲအဖွဲ့မှ ဓါတ်ပုံများရိုက်ကာ စောင်ကြည့်မူရှိသည်မှ အပ နှောင့်ယှက်မူ တစုံတရာ မရှိကြောင်း သိရသည်။

အခမ်းအနားသို့ တက်ရောက်လာသူများကို ရခိုင်မုန့်တီဖြင့် တည်ခင်း ဧည့်ခံခဲ့ကြသည်ဟု သိရသည်။

Most read this week