သစ်ပင်ပိလို့ လူတဦး ဒဏ်ရာရ ၊ ကား ၆ စီးပျက်

သစ်ပင်ပိလို့ လူတဦး ဒဏ်ရာရ ၊ ကား ၆ စီးပျက်
by -
မဇ္စျိမသတင်းဌာန

ရန်ကုန် (မဇ္စျိမ) ။      ။ ရန်ကုန်တိုင်း လှိုင်မြို့နယ် ရန်ကုန်-အင်းစိန်လမ်းမရှိ သံလမ်းမှတ်တိုင်အနီး တွင် ညောင်ပင်ကြီးတပင် တနင်္ဂနွေနေ့မနက် ရ နာရီခန့်တွင် ပြိုလဲရာ ကား ၆ စီး ပျက်စီး၍၊ လူတဦး ဒဏ်ရာရရှိခဲ့ကြောင်းတိုင်းကြက်ခြေနီ အဖွဲ့က ဆိုသည်။

ညောင်ပင်အောက်ရှိ ၈ခ/၅၁၁ဝ လိုက်ထရပ်အဖြူ ပိပြားသွားကာ အင်းစိန်မှ ရန်ကုန်သို့ မောင်းနှင်လာသော ၂၁၄ (မထသ) အထူးယာဉ်လိုင်း ဘတ်စ်ကားပေါ် ပိကျခဲ့ပြီး၊ ရန်ကုန်-အင်းစိန်သွား လိုက်ထရပ် ၂ စီးနှင့် ကိုရိုလာတစီး၊ တိုယိုတာတစီးပါ အကိုင်းအခက်များ ပိကျခဲ့သည်။  ဘတ်စ်ကားပေါ် ပါရှိလာသည့် ၄၂ နှစ်အရွယ် ခရီးသည် ဒေါ်သန္တာချို (အသက် ၄၂ နှစ်) ၏ ညာဘက်ခြေထောက် ထိခိုက်ဒဏ်ရာရခဲ့သည်။

treebranch‘‘ဒဏ်ရာရတာ မစိုးရိမ်ရဘူး။ လှိုင်မြို့နယ်က  နီးစပ်ရာ ဆေးခန်းကိုပဲ သွားခိုင်းလိုက်ပါတယ်’’ ဟု တိုင်းကြက်ခြေနီအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။ ပျက်စီးဆုံးရှုံးမှုကို ကျပ် သိန်း ၁ဝဝ ကျော်ဟု ခန့်မှန်းသည်ဟု ဆိုသည်။

ညောင်ပင်မှာ လုံးပတ် ၁၈ ပေနှင့် အရှည် ပေ ၆ဝ ခန့် ရှိပြီး၊  အပင်လဲသဖြင့် ဓာတ်တိုင် ၄ တိုင်လည်း လဲကျခဲ့သေးသည်။ 

မျက်မြင်သက်သေတဦးကလည်း ‘‘အပင်အောက်မှာ ရပ်ထားတဲ့ လိုက်ထရပ်အပြာကတော့ ကံကောင်းလို့ပါ။ လူက ရပ်ပြီးတော့ ထားခဲ့တာဆိုတော့ လူဘာမှမဖြစ်ဘူး။ ၂၁၄ ကတော့ မောင်းလာတာဆိုတော့ ခရီးသည်တွေ ပါတယ်လေ။ ဒါပေမဲ့ ကံကောင်းတယ်ဗျ၊ တယောက်ပဲ ဒဏ်ရာရတယ်’’ ဟု ဆိုသည်။

အခင်းဖြစ်ရာသို့ ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီ၊ စည်ပင်၊ လျှပ်စစ်ဝန်ထမ်း စုစုပေါင်း ၁၆ဝ ကျော်ဖြင့် လာရောက်ရှင်းလင်းရာ ညနေ ၃ နာရီကျော်တွင် ပြီးစီးခဲ့သည်။

Most read this week