ရက္ခအလင်းတန်း ဆုတောင်းပွဲ ပြုလုပ်

ရက္ခအလင်းတန်း ဆုတောင်းပွဲ ပြုလုပ်
by -
မင်းဆက်ခိုင်

ရခိုင် လူမူရေး လူပ်ရှားသူများဖြင့် စုပေါင်းဖွဲ့စည်း ထားသော ရက္ခအလင်းတန်းမှ နိုင်ငံရေးအကျဉ်း သားများ လွှတ်မြှောက်ရန်နှင့် ရခိုင်အမျိုးသားများ ဘာသာရေး ကျူးကျော်မူမှ ကင်းဝေးရန် ဆုတောင်း ပွဲ တစ်ခုကို ယမန်နေ့ကပြုလုပ်ခဲ့ ကြသည်။

Arakan-Reviewအဆိုပါ ဆုတောင်းပွဲ လူပ်ရှားမူကို ရခိုင်ပြည်နယ်မှ မြို့နယ် ၁၃ မြို့နယ်နှင့် ရန်ကုန်တွင် ပြုလုပ် ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ အဖွဲ့ ဥက္ကဌ ဒေါ်ပံသုစံက ပြောသည်။

“ အဓိကကတော့ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်သား တွေ အကုန်လုံး လွတ်မြောက်ဖို့အတွက် ဆုတောင်းပွဲတွေ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် အခု လောလောဆယ် ရခိုင်တမျိုးသားလုံး ဘာသာရေးအရ မတရား ကျူးကျော် စော်ကားခံနေရတဲ့ မင်းဆိုးမင်းညစ်တွေရဲ့ အန္တရာယ်ကကင်းဝေးနိုင် အောင် ဆုတောင်းပွဲပြုလုပ်ခဲ့ကြတာပါ” ဟုသူမက ပြောသည်။

“ ရခိုင် လူမျိုးတွေ ဘာသာရေးအရ ကျူးကျော် စော်ကားခံနေရတယ် ဆိုတာက လက်တွေ့မှာ သက်သေ ပြလို့ ရတာက မြောက်ဦးမှာ တူးဖော်တွေ့ရှိတဲ့ ရွှေသားစစ်စစ် ရှေးဟောင်း ဘုရားကို မတရား ယူဆောင်ဖို့ စီစဉ်တဲ့ ကိစ္စကို ကြည့်ရင် သိနိုင်တယ်။ သူတို့ ထုတ်ပြန်ထားတဲ့ ပြန်တန်းကိုလည်း အတိအလင်း အခု အချိန်ထိ မရုပ် သိမ်းသေးဘူးလေ။ ဒါ့အပြင် ရခိုင်က ရှေးဟောင်း ယဉ်ကျေးမူ လက်ရာ ဘုရား ဆင်းထုတော်တွေကိုလည်း ယူဆောင်ထားတာ ရှိတဲ့ အတွက် ဒါဟာ ဘာသာရေးအရ မတရား ကျူးကျော်မူလို့ ပြောလို့ ရပါတယ်” ဟု သူမက ပြောသည်။

အဆိုပါ ဆုတောင်းပွဲကို တောင်ကုတ်၊ ကျောက်ဖြူ၊ မြေပုံ၊ စစ်တွေ၊ မင်းပြား၊ ပေါက်တော၊ ကျောက်တော်၊ ရသေ့တောင်၊ မောင်တော၊ ပုဏ္ဍားကျွန်း၊ အမ်း စသည့် ၁၃မြို့နယ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သူမက ပြောသည်။ အကျဉ်းသားများ လွှတ်မြှောက်ရေး အတွက် ဆုတောင်းပွဲကို ရန်ကုန်၊ ဧရာဝတီနှင့် မန္တလေးတိုင်းတို့တွင်လည်း ပြုလုပ်ခဲ့ကြသည်ဟု သူမက ပြောသည်။

“ ရခိုင် ၁၃မြို့နယ်မှာ ဇွန်လ ၁၆ ရက်နေ့က တပြိုင်တည်း ပြုလုပ်ကြတာဖြစ်ပါတယ်။ ရန်ကုန်မှာဆိုရင် ပုဇွန်တောင်မြို့နယ်က ရွှေဘုန်းပွင့် ဘုရားမှာ ပြုလုပ်ခဲ့ကြပါတယ်။ ရက္ခအလင်းတန်းအဖွဲ့ဝင်တွေနဲ့ တခြားလူပေါင်း ၄၀ ကျော် ပါဝင် ဆုတောင်း ခဲ့ကြပါတယ်။ ဧရာဝတီမှာဆိုရင် ရေကြည်မြို့နယ် အသုတ်ဒေသကြီး စိန်ဆွဲမြဘုရားမှာ ပြုလုပ် တာ ဖြစ်ပါတယ်။ လူပေါင်း ၃၀လောက် ပါဝင် ခဲ့ပါတယ်။ တောင်ကုတ်မှာဆိုရင် ဖေါင်တော်ဦးဘုရားမှာပါ။ လူပေါင်း ၂၀လောက် တက်ရောက်ခဲ့ပါတယ်။ ကျောက်ဖြူမှာက ကံကော်တော ဘုရားမှာပါ။ စစ်တွေမှာဆိုရင် ရဲကျော်သူ ဘုန်ကြီးကျောင်းမှာပါ။ လူပေါင်း၃၀လောက် ပါဝင်ခဲ့ကြပါတယ်။ မင်းပြားမှာက လွမ်းစေတီဘုရားမှာပါ။ လူပေါင်း ၂၀လောက်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ မြောက်ဦးမှာကတော့ နန်းကျ ဘုရား မှာပါ၊ ကျောက်တော်မှာကတော့ တောင်ဘုရားမှာ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။”

၎င်းပြင် စစ်တွေမှ အမျိုးသမီး တစ်ဦးကလည်း “ကျမတို့ ဆုတောင်းကြတာ ကတော့ လူတစ်ဦးစီ သစ်သီး(၉)မျိုးနဲ့ ဖယောင်းတိုင် ၁၁တိုင်း ထွန်းပြီးတော့ မီးငြိမ်းအောင်ထိ ဆုတောင်းကြတာဖြစ်ပါတယ်။ ဆုတောင်းပွဲပြုလုပ်နေတုန်းနဲ့ အခုထက်ထိ တစုံတရာ အနှောင့်အယှက်မရှိပါဘူး။ ပြီးတော့ မနေ့က နံယုန် လပြည့်နေ့ ဆိုတော့ လုပ်ရတာ ပို အဆင်ပြေပါတယ်။” ဟု ပြောသည်။

ရက္ခအလင်းတန်းအဖွဲ့မှာ ပြည်တွင်းတွင် လူပ်ရှားနေသော အဖွဲ့အစည်း တစ်ခုဖြစ်ပြီး သူတို့ ကွန်ယက်ကို ရခိုင် ပြည်နယ်တွင်သာမက ဗမာပြည်ဘက်တွင် တိုးချဲ့ထားကြောင်း သိရသည်။ အဆိုပါ အဖွဲ့မှ “ရက္ခအလင်းတန်း” အမည်ရှိ အမျိုးသားရေး၊ နိုင်ငံရေး ကဏ္ဍစုံ ပါဝင်သော စာစောင် တစ်ခုကိုလည်း ၂၀၁၁ခုနှစ် ဧပြီလအတွင်းတွင် ပထမအကြိမ် အဖြစ် ပြည်တွင်းတွင် လျို့ဝှက် ထုတ်ဝေ ဖြန့်ချီခဲ့သည်။

Most read this week