တရားစွဲခံ ရခိုင် ပါတီမှ အမတ် ၂ ဦး စတင် အနိုင်ရ

တရားစွဲခံ ရခိုင် ပါတီမှ အမတ် ၂ ဦး စတင် အနိုင်ရ
by -
နိရဥ္စရာ သတင်းဌာန

ကြံ့ခိုင်ရေးပါတီ အမတ်များ၏တရားစွဲဆိုခံထားရ သော ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ကျောက်ဖြူမြို့နယ်မှ အမတ် ၂ ဦး အမူကို ယနေ့ ဆုံးဖြတ်ရာ ရွေးကောက်ပွဲ ကော်မရှင်က ရခိုင်အမတ် နှစ်ဦးစလုံးကို အနိုင်ပေးလိုက်ကြောင်း သိရသည်။

Election-RNDP-party-logo" အမူကို ဒီကနေ့ ဇွန်လ ၁၅ ရက်နေ့မှာ နေပြည်တော် ပြည်ထောင်စု ကော်မရှင်က စီရင်ချက်ချပေးပါ တယ်။ အမူ နှစ်ခုစလုံးမှာ ကျွန်တော်တို့ အမတ်တွေ အနိုင်ရကြပါတယ်။ အနိုင်ရတဲ့ အမတ်တွေက ကျောက်ဖြူမြို့နယ် အမျိုးသားလွှတ်တော် အမတ် ဦးအုံးတင်နဲ့ ပြည်နယ် လွှတ်တော် အမတ်ဦးကျော်လွှင် တို့ ဖြစ်ကြပါတယ်" ဟု နေပြည်တော်ကို ရောက်ရှိနေသူ ပြည်သူ့ လွှတ်တော် အမတ် ဦးဘရှင်ကပြော သည်။

ကြ့ံခိုင်ရေးပါတီ ဦးအောင်တင်သိန်းမှ ရတပ ပါတီမှ ကျောက်ဖြူ အမျိုးသား လွှတ်တော် အမတ်ဦးအုံးတင် ကို တရားစွဲဆိုပြီး ကြံ့ခိုင်ရေးမှ ဦးသန်းအေးက ရတပ ပါတီမှ ပြည်နယ် လွှတ်တော် အမတ်ဦးကျော်လွှင်ကို တရားစွဲဆိုခဲ့သည်။

" သူတို့ တရားစွဲတာက ကျိုးကြောင်း မခိုင်လုံဘူး။ မဟုတ်မတရား စွပ်စွဲပီး တရားစွဲဆိုထားတော့ နောက်ဆုံးမှာ သူတို့စွဲဆိုထားတဲ့ အမူကို ကော်မရှင် ပလပ်လိုက်ပါတယ်။ ပလပ်တယ်ဆိုတာက ပယ်ချလိုက်တာပါ။ သူတို့ စွဲဆိုထားတဲ့ အမူ တစ်ခုချင်းစီ အပေါ်မှာ ပြည်ထောင်စု ကော်မရှင် ခုံရုံးက သမာသမတ်ကျကျ စစ်ဆေးပါတယ်" ဟု ဦးဘရှင်က ဆက်ပြောသည်။

အမူကို အနိုင်ရရှိသွားသဖြင့် ကျောက်ဖြူမှ အမတ် ၂ ဦးကို တရားရေး ကုန်ကျစရိတ် နောက်ထပ် ဆယ်သိန်းစီ နိုင်ကြေး ပေးဆောင်ရန်လည်း ကော်မရှင် တရားရုံးက အမိန့်ချမှတ်ခဲ့သည်ဟု သိရသည်။

" ကြံ့ခိုင်ရေး ပါတီက တရားစွဲတုန်းက ၁၀ သိန်း တင်ရတယ်။ အခုတစ်ခါ ဆယ်သိန်း တရားရေး စရိတ် ပေးရမယ်ဆိုတော့ ကြံ့ခိုင်ရေးပါတီက တရားစွဲဆိုတဲ့ သူတွေ တစ်ဦးစီကို သိန်း ၂၀ ကုန်ကျသွားတာပေါ့" ဟု သူက ဆက်ပြောသည်။

နောက်ထပ် ကျန်ရှိနေသေးသော ရတပ အမတ် (၇) ဦး အမူကိုလည်း ဆက်လက် စစ်ဆေးနေပြီး တစ်ချို့ အမတ်များ၏ အမူမှာ စစ်ဆေးပြီးသွားပြီ ဖြစ်သည်။ သူတို့ အမူအားလည်း များမကြာမှီ စီရင်ချက် ချမည် ဖြစ်ကြောင်း သိရသည်။

Most read this week