ကျောင်းမထားနိုင်သူများ၍ မြောက်ဦးတွင် အခမဲ့ ဘုန်းတော်ကြီး ပညာသင်ကျောင်း ၂ ကျောင်းပေါ်ပေါက်လာ

ကျောင်းမထားနိုင်သူများ၍ မြောက်ဦးတွင် အခမဲ့ ဘုန်းတော်ကြီး ပညာသင်ကျောင်း ၂ ကျောင်းပေါ်ပေါက်လာ
by -
နိရဥ္စရာ သတင်းဌာန

အစိုးရ စာသင်ကျောင်းများတွင် ပညာမသင်နိုင်သူ ကလေးအရေ အတွက် များပြားလာသဖြင့် ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ယခုနှစ် ပညာသင်နှစ်တွင် အခမဲ့ ဘုန်းတော်ကြီး ပညာသင်ကျောင်း ၂ ကျောင်းပေါ်ပေါက် လာကြောင်း သတင်း ရရှိသည်။

120620111292
" မြတဆောင်း ပညာသင်ကျောင်းမှာ ကျောင်းသားက ၂၄၀ ရှိပါတယ်။ တေစိန္တရာမ ကျောင်းမှာတော့ ကျောင်းသား ၅၀ ဘဲ လက်ခံထားတယ်လို့ သိရပါတယ်။ ကလေးတွေကတော့ အနီးအနား ရပ်ကွက်တွေနဲ့ နယ်တွေက စာမသင်နိုင်တဲ့ ကလေးတွေ ဖြစ်ကြပါတယ်" ဟု မြောက်ဦးမှ ပညာတတ် လူငယ် တစ်ဦးက ပြောသည်။

အဆိုပါ အခမဲ့ ဘုန်းတော်ကြီး ပညာသင်ကျောင်းတွင် သူငယ်တန်းကို တက်ရောက် သင်ကြားရာတွင် စာလုံးဝ မသင်ဖူးသူ အသက် ၁၃ နှစ် အရွယ်ရှိသူ လူငယ်များလည်း ပါ၀င်ကြောင်း သိရသည်။

" အခမဲ့ ဘုန်းတော်ကြီးပညာသင်ကျောင်းတွေကို မြောက်ဦးမှာ ဒီနှစ်မှ ဖွင့်လှစ်ရတာက မိဖတွေ ဆင်းရဲအတွက် စာမသင်နိုင်တဲ့ ကလေးတွေက အရမ်းများလာတာကြောင့် ဖြစ်ပါတယ်။ အစိုးရက မူလတန်း အဆင့်ကို စာအုပ်နဲ့ စာရေး ကရိယာတွေ အလကား ထုတ်ပေးတယ်ဆိုပေမယ့် လက်တွေ့မှာ အလကားရတဲ့ အနေ အထား မရှိပါဘူး။ ဒ့ါအပြင် ကျောင်းဝင်ကြေး၊ ဟိုကြေး ဒီကြေးဆိုပီး ကောက်ခံ တော့ ဆင်းရဲတဲ့ မိဖတွေက သားသမီးတွေကို အစိုးရကျောင်းမှာ မအပ်နှံနိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ ဒါကြောင့်မြတ ဆောင်း ပညာသင်ကျောင်းမှာ ဆိုရင် စဖွင့်တာနဲ့ ကျောင်းသားက ၂၄၀ ထိ ဖြစ်သွားတာ ဖြစ်ပါတယ်" ဟု အဆိုပါ လူငယ်က ပြောသည်။

မြတစောင်း အခမဲ့ ပညာသင်ကျောင်းမှာ လောလောဆယ်တွင် ပြင်ပမှ တစ်စုံတရာ အကူအညီ ရရှိခြင်း မရှိသေးကြောင်းနှင့် ဆရာတော် ဦးနန္ဒသာရမှ ပင်ပန်းဆင်းရဲခံကာ တည်ထောင်ထားခြင်း ဖြစ်သည်။

" အခု ကျောင်းမှာ စေတနာနဲ့ စာလာပြပေးတဲ့ ဆရာ ဆရာမက ရှစ်ဦးရှိပါတယ်။ သူတို့က လစာ မရပါဘူး။ ကလေးတွေ ပညာရေးအတွက် ရည်မျှော်ပြီး လာရောက် ပြသပေးနေတာ ဖြစ်ပါတယ်။ ဆန်တွေ ဘာတွေကျ တော့ မြို့ခံ လူကြီးတွေက တတ်နိုင်သလောက် ကူညီပေးနေတာတော့ ရှိပါတယ်" ဟု သူက ပြောသည်။

တေစိန္တရာမ အခမဲ့ ပညာသင်ကျောင်းမှာ စစ်တွေရှိ ရွှေစေတီ အခမဲ့ ပညာသင်ကျောင်းမှ တိုးချဲ့ဖွင့်လှစ်ထား သော ကျောင်းဖြစ်ပြီး ယခုနှစ်တွင် ကျောင်းသား ၅၀ သာ စတင်လက်ခံကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် ဆင်းရဲ မွဲတည်မူကြောင့် စာမသင်နိုင်သူ ကလေးငယ်များအတွက် ရည်ရွယ်ပြီး အခမဲ့ ဘုန်းတော်ကြီး ပညာသင်ကျောင်းများကို မြို့နယ်တိုင်းလိုလိုတွင် တည်ထောင် ထားကြကြောင်း သိရသည်။

Most read this week