အစ္စရေးလ်ရောက်များ အစိုးရသစ်ကို ဆန္ဒပြ

အစ္စရေးလ်ရောက်များ အစိုးရသစ်ကို ဆန္ဒပြ
by -
မဇ္စျိမသတင်းဌာန

မဇ္စျိမသတင်းဌာန ။      ။ ဒီမိုကရေစီအရေးကို ပြောင်းလဲဖော်ဆောင်မည် မဟုတ်သော ဦးသိန်းစိန်အစိုးရကို အလိုမရှိကြောင်း အစ္စရေးလ်ရောက် မြန်မာနိုင်ငံသားများက တဲလ်အဗစ်မြို့ရှိ မြန်မာသံရုံးရှေ့၌ အင်္ဂါနေ့တွင် ဆန္ဒပြခဲ့သည်။

Burma Action (Israel) က ဦးဆောင်ကာ ရဲခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံသား ၂၅ ဦးခန့်က မနက် ၁ဝ နာရီ ကနေ ၁၂ နာရီအထိ ဆန္ဒပြခြင်း ဖြစ်သည်။

‘‘သူတို့တွေ ယူနီဖောင်းချွတ်ပြီး အရပ်ဝတ်လဲတာ လိမ်စားတာပါပဲ။ ဘာမှာမှ မပြောင်းလဲတာ။ တချို့ ပါတီ ထောင်တာ၊ ရွေးကောက်ပွဲဝင်တာ၊ ဘာမှ မပြောင်းလဲဘူးလေ။ သူတို့အာဏာကို ဘာမှ မပြောင်းလဲဘူးလေ။ ဒါကြောင့် ဒီအစိုးရ မတရားဘူး၊ လိမ်နေတယ်ဆိုတာ ပြည်သူတွေ သိစေချင်လို့ပါ’’ ဟု Burma Action (Israel) မှ ကိုအောင်နိုင်ဝင်းက မဇ္စျိမကို ပြောသည်။

စစ်အုပ်စု အာဏာထိန်းချုပ်ရေးကို ရည်ရွယ်ရေးဆွဲသည့် အခြေခံဥပဒေအရ ရွေးကောက်ပွဲ ကျင်းပကာ တက်လာ သည့် အစိုးရဖြစ်သောကြောင့် အတုအယောင် အစိုးရဖြစ်သည်ဟု ဆန္ဒပြသူများက ဆိုသည်။

‘‘ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတာပါ။ ဆရာကြီး ဦးဝင်းတင် ပြောသလို ဘာမှ မလုပ်တာထက်စာရင် တခုခုလုပ်တာဟာ လိမ်လည်နေတဲ့ အစိုးရကို တိုက်ဖို့အတွက် အားယူတာပါ၊ အရှိန်ယူတာပါ’’ ဟု ကိုအောင်နိုင်ဝင်းက ဆိုသည်။

သံရုံးရှေ့တွင် ‘‘နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး … တို့အရေး’’၊ ‘‘ပြည်တွင်းစစ် ရပ်ဆိုင်းရေး … တို့အရေး’’၊ ‘‘ဒီမိုကရေစီ ရရှိရေး … တို့အရေး’’ ဟူ၍ ကြွေးကြော်ကာ ဆန္ဒပြခဲ့ကြသည်။

သံရုံးဝန်ထမ်းများက ဝင်းအတွင်းမှနေ၍ ဓာတ်ပုံများရိုက်ကာ မှတ်တမ်းယူသည်မှအပ တစုံတရာ မတုံ့ပြန်ခဲ့ပါ။

အစ္စရေးလ်တွင် မြန်မာနိုင်ငံသား ၈ဝ ကျော် ရှိပြီး၊ စက်ရုံအလုပ်ရုံ၊ စားသောက်ဆိုင်၊ အိမ်သန့်ရှင်းရေးအလုပ် များ လုပ်ကိုင်သည်။

မြန်မာများသည် အလည်အပတ်ဗီဇာ၊ အလုပ်ဗီဇာများဖြင့် ရောက်လာသော်လည်း အချို့မှာ လွန််ခဲ့သည့် ၆ နှစ်ခန့်ကတည်းက ဆန္ဒပြမှုများတွင် ပါဝင်ခဲ့သဖြင့် ၎င်းတို့ ဆက်နေရေးအတွက် မြန်မာသံရုံးကဆောင်ရွက် ပေးခြင်း မရှိတော့ပေ။

ထို့ကြောင့် အစ္စရေးလ် အာဏာပိုင်များက ထောင်ဒဏ် တနှစ် သို့မဟုတ် ၂ နှစ် ပြစ်ဒဏ်ချရာ၊လူ့အခွင့်အရေး နှင့် လူထုအခြေပြုအဖွဲ့များက သတင်းစာများတွင် ထုတ်ဖော်ကန့်ကွက်သည့်အခါ ပြန်လွှတ်ပေးတတ်သည်။ သို့သော် ရဲထံ တပတ်တကြိမ် သို့မဟုတ် နှစ်ပတ်တကြိမ်ဆိုသလို လက်မှတ်ထိုးပြီး ခြေချုပ်ဖြင့် နေရသည်။