စစ်တွေမြို့တွင် စီးပွားရေး သမားတစ်ဦး နေအိမ်မှ အဖိုးတန် တောက်တဲ့များ ဖမ်းဆီးရမိ

စစ်တွေမြို့တွင် စီးပွားရေး သမားတစ်ဦး နေအိမ်မှ အဖိုးတန် တောက်တဲ့များ ဖမ်းဆီးရမိ
by -
ထွန်းထွန်း

ရခိုင်ပြည်နယ် စစ်တွေမြို့မှ နာမည်ကြီး မွတ်ဆလင် စီးပွားရေးသမား တစ်ဦး နေအိမ်မှ သိန်းထောင်ချီ တန်ဖိုးရှိသော တောက်တဲ့များနှင့် ဆေးခြောက်ထုပ် များကို ဇွန်လ ၁၁ ရက်နေ့ ညနေပိုင်းက ရဲတပ်ဖွဲ့မှ ဖမ်းဆီး လိုက်ကြောင်း သတင်း ရရှိသည်။

tokayဖမ်းဆီးရမိသော တောက်တဲ့မှာ အကောင် ၄၀ ခန့်ရှိပြီး ကာလ ပေါက်စျေးနှင့့် ဆိုလျှင် ကျပ်သိန်းထောင်ချီ၍ တန်ဖိုးရှိကြောင်း သိရသည်။

“ စစ်တွေ အောင်မင်္ဂလာရပ်ကွက်က နာမည်ကြီး မွတ်ဆလင် စီးပွားရေးသမား ဦးမောင်တော် ဂေါ်ဘီ အိမ်က ဖမ်းဆီးရမိတာ ဖြစ်ပါတယ်။ သူ့ကို ညနေပိုင်းလောက်မှာ အမှတ် ၂ ရဲတပ်ဖွဲ့က လာပြီး ဖမ်းဆီးသွာတာပါ။ ဖမ်းဆီးရမိတဲ့ တောက်တဲ့ အကောင်က ၄၀ ကျော် ဖြစ်ပါတယ်။ တကောင်စီ ၂၀ ကျပ်သား ကျော်ရှိတယ်လို့ ဆိုပါတယ်။ ကာလ ပေါက်စျေးဆိုရင် သိန်းထောင်ချီ ရှိတယ်လို့ သိရပါတယ်။ တခြား ဆေးခြောက်ထုပ် အများအပြား ကိုလည်း ရဲက ဖမ်းမိတယ်လို့ သိရပါတယ်” ဟု ရပ်ကွက်လူငယ် တဦးက နိရဥ္စရာသို့ ပြောသည်။

တောတောင်များနှင့် လူနေအိမ်တွင် နေထိုင်လေ့ရှိသည့် ၂၀ ကျပ်သား အထက် အလေးချိန်ရှိ တောက်တဲ့များကို တရုတ်နှင့် မလေးရှားမှ စျေးကောင်းကောင်းပေးပြီး ၀ယ်ယူနေသဖြင့် အဆိုပါ တောက်တဲ့များကို နိုင်ငံခြားသို့ တင်ပို့ရန် သူ၏ နေအိမ်တွင် ၀ယ်ယူ သိုလှောင်ထားခြင်း ဖြစ်ကြောင်း သိရသည်။

“ တောက်တဲ့က တောရိုင်း တိရစ္ဆာန် အက်ဥပဒေနဲ့ ငြိနေတော့ တရားမဝင် ရောင်းဝယ် ဖေါက်ကားလို့မရဘူးလို့ သိရပါတယ်။ ဒါကြောင်း ရဲက သတင်းအရ သူရဲ့ အိမ်ကို ၀င်ရောက် ရှာဖွေ ဖမ်းဆီးတာ ဖြစ်ပါတယ်” ဟု အဆိုပါ လူငယ်က ပြောသည်။

တောက်တဲ့ အကောင်ကြီးများကို တရုတ်ပြည်နှင့် မလေးရှားမှ စျေးကြီးပေးပြီး ၀ယ်ယူနေသဖြင့် ယခုအခါ တောက်တဲ့ကို မြန်မာနိုင်ငံတွင်သာမက အိမ်နီးချင်း ဘင်္ဂလာဒေချ့်နှင့် အိန္ဒိယ နိုင်ငံတွင်လည်း လိုက်လံ ရှာဖွေ ဖမ်းဆီး နေကြသည်ဟု သိရသည်။

မလေးရှားနိုင်ငံမှ လာသော သတင်း တပုဒ်တွင် ၃၀၀ ဂရမ်အထက် တောက်တဲ့ တစ်ကောင်ကို မလေးရှား ရမ်ဂစ် နှစ်သောင်း ငါးထောင် အထက် စျေးပေါက်နေကြောင်းနှင့် မြန်မာနိုင်ငံတွင် ၂၀ ကျပ်သား တောက်တဲ့ တစ်ကောင်ကို သိန်း (၅၀) အထက် စျေးရရှိကြောင်း သိရသည်။ ဘင်္ဂလာဒေချ့်တွင် ၃၀၀ ဂရမ် အထက် တောက်တဲ့ တစ်ကောင်ကို တာကာ (၅) သိန်းပေါက်စျေး ရှိနေကြောင်း သိရသည်။

တောက်တဲ့ ရောင်းဝယ်နေသူ တစ်ဦးက “တောက်တဲ့ အကောင် အငယ်ပိုင်းကို မယူဘူးနော်။ အနည်းဆုံး ကျပ်သား ၂၀ ဖြစ်ရမယ်။ ကျပ်ချိန် ၂၀အထက် ဆိုအကုန်လုံးဝယ်တယ်။ ကျပ်ချိန် ၂၀ သားတကောင်ဆို ကျပ်သိန်း ၄၀ ထိ ရောင်းရပါတယ်“ ဟုတောက်တဲ ရောင်းဝယ်နေသူ တဦးကပြောသည်။

အဆိုပါ အရွယ်အစား တောက်တဲ့များကို တရုတ်ပြည်က အကြီးအကျယ်ဝယ်နေသဖြင့် ယခုအခါ ရခိုင်ပြည်နယ်တွင် တောက်တဲ့များ အထူး ရှားပါးလာသည်ဟုသိရသည်။

“တောက်တဲက တရုတ်ပြည်မှာရောက်လို့ရှိရင် ရွှေစျေးနဲ့တူတူဖြစ်သွားတယ်လို့သိရပါတယ်။ ပီးတော့အဲဒီ တောက်တဲ့ကို AIDS ဆေး ဖေါ်စပ်ရာမှာအသုံးပြုတယ်လို့လည်း ပြောကြပါတယ်။ အဲဒါကြောင့် စျေးများများ ပေးပြီးဝယ်နေတာဖြစ်နိုင်ပါတယ်။ တရားဝင်တော့ဝယ်လို့မရဘူး။ လျှို့လျှို့ဝှက်ဝှက်နဲ့ဝယ်နေကြတာပါ“ ဟုဆက် ပြောသည်။

၎င်းပြင် တောက်တဲ့ကို AIDS ဆေးဖေါ်စပ်ရာတွင်၄င်း၊ ကင်ဆာရောဂါတွင်၎င်း၊ ၀က်ခြောက်နာတွင်၎င်း၊ ကာမအားတိုးဆေး အဖြစ်၎င်း အရိုးပြန်ဆက်ရာတွင်၎င်း၊ ယာနားရောဂါများကုသရာတွင်၎င်း အသုံးပြုသည်ဟု သိရသည်။

တောက်တဲ့နှင့် ဆေးခြောက်ထုပ်ဖြင့် ဖမ်းဆီးခံရသူ မွတ်စလင် ဦးမောင်တော်ဂေါ်ဘီမှာ ယခုအခါအမှတ် ၂ ရဲ စခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

Most read this week