နယူးဒေလီ (မဇ္စျိမ) ။ ။ကချင်လွတ်မြောက်ရေး အဖွဲ့ KIO နှင့် အစိုးရတပ်အကြား တိုက်ပွဲများ ကြောင့် စစ်ရှောင်လာသူများကို တရုတ-မြန်မာ နယ်စပ် ယူနန်ပြည်နယ် ယင်ကျန်းဒေသကဝင်ခွင့် မပြုဘဲ၊ လုံချွမ်ခရိုင် ချန်ဖုန်းဒေသတွင်မူ ဝင်ခွင့်ရ ကြောင်း စုံစမ်းသိရှိရသည်။
ဇွန်လ ၉ ရက် တိုက်ပွဲအပြီး တာပိန် ရေအားလျှပ်စစ်စက်ရုံမှ တရုတ်လုပ်သားများနှင့် အတူ မိုးမိတ်မြို့နယ် ဆန်ဂန်ဒေသခံ ၁ဝဝ ကျော် စစ်ရှောင်ခဲ့ရာ၊ ဇွန်လ ၁၂ ရက်နေ့၌ တရုတ်-မြန်မာနယ်စပ် ယူနန်ပြည်နယ် ယင်ကျန်း ဒေသရှိ ဒွန်ပွန်ကွန်သို့ ရောက်ရှိသည့်အခါ ရဲများ ဝင်ရောက်ခွင့် မပြုခဲ့ခြင်း ဖြစ်သည်။
“ဒုက္ခသည်တွေပေါ့နော်၊ ဒါတွေကိုတော့ ဝင်ခွင့််မပေးဘူး။ အဲဒီလိုဖြစ်နေတယ်။ ဘာကြောင့်ဆိုတာ မကြားရ သေးဘူးဗျ။ လမ်းကြောင်းတွေ အားလုံးကိုလည်း ပိတ်ထားတယ်တဲ့။ သူတို့ တရုတ်တွေ ဝင်တဲ့အခါကျတော့ ခွင့်ပြုတယ်။ ဝင်ခွင့်မပေးတာက တရုတ်ရဲတွေပေါ့” ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ်တည်ရှိ ရာ လိုင်ဇာမှ မြို့ခံ ကိုဆိုင်းအောင်က မဇ္စျိမကို ပြောသည်။
တာပိန် ၁ ရေအားလျှပ်စစ် စီမံကိန်းစက်ရုံအနီး ဇွန်လ ၉ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် KIA (ကချင်လွတ်မြောက် ရေး တပ်မတော်) နှင့် အစိုးရတပ် တိုက်ပွဲများအတွင်း ပစ်ခတ်သည့် လက်နက်ကြီး ကျည်တလုံး စက်ရုံဝင်းထဲရှိ တရုတ်အလုပ်သမားများ နေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့အပြီး၊ ၎င်းတို့နှင့်အတူ ဒေသခံ အချို့ပါ တရုတ် နယ်စပ်သို့ ထွက်ပြေးလာခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့မှာ ပိုမိုနီးကပ်သည့် ချန်ဖုန်းဒေသဘက်သို့ သွားရောက်သည့် လမ်းကြောင်းမှာ တိုက်ပွဲဇုန်ကို ဖြတ်သန်းသွားရမည် ဖြစ်သောကြောင့့် အလှမ်းဝေးသည့်ယင်ကျန်းဒေသဘက် သို့ ထွက်ခွါလာခဲ့ရခြင်းလည်း ဖြစ်သည်။
ဇွန်လ ၁၁၊ ၁၂ ရက်များတွင် နှစ်ဖက်တပ်များအကြား တိုက်ပွဲဖြစ်ပြန်ရာ မိုးမောက်မြို့နယ် ထုံးဘိုဒေသမှ ကချင်ဒေသခံ ၁၈ဝဝ ကျော်မှာ ယူနန်ပြည်နယ် လုံချွမ်ခရိုင် ချန်ဖုန်းမြို့နယ်ထဲ ဝင်ရောက်လာသည်ကိုတရုတ် အာဏာပိုင်များက လက်ခံခဲ့ကြောင်း တရုတ်-မြန်မာနယ်စပ်နေ မြန်မာ့အရေး လေ့လာသူ ဦးအောင်ကျော်ဇော က ပြောဆိုသည်။
“တရုတ်ပြည်ဘက်ကို တကယ်တမ်း သတင်းပေါက်နေတာက ၄ဝဝ၊ ၅ဝဝ ပဲ။ တကယ်တမ်း ဝင်တဲ့ အင်အားက ၁၈ဝဝ ကျော်တယ်” ဟု သူက ပြောသည်။
လုံချွမ်ခရိုင် ချန်ဖုန်းမြို့မှာ မြန်မာ-တရုတ်နယ်စပ်မြို့ ရွှေလီမှ ကားဖြင့် သွားပါက နာရီဝက်ခန့်အကွာတွင် တည်ရှိကာ ယင်ကျန်းခရိုင်နှင့် ကပ်လျက်ဖြစ်သည်။ စစ်ရှောင်သူ အများစုမှာ ပိုမိုနီးကပ်သည့် ချန်ဖုန်းမြို့ ဘက်သို့ လာရောက်ပုန်းခိုမှု ပိုများကြောင်း ဦးအောင်ကျော်ဇောက ပြောပြသည်။
ယင်ကျန်းခရိုင်မှ နှင်ထုတ်ခံရသည့် ဆန်ဂန်ဒေသ စစ်ရှောင်ဒုက္ခသည်များ အခြေအနေနှင့်ပတ်သက်၍ ယခုအခါ အဆက်အသွယ်ပြတ်နေသဖြင့် ချန်ဖုန်းသို့ ဆက်ကူးသွားနိုင်ကြောင်း ကိုဆိုင်းအောင်က ဆိုသည်။
“အခုအချိန်ထိတော့ မသိရသေးဘူး။ ကျနော်တို့လည်း ဒေသခံတွေကို ဖုန်းဆက်ကြည့်တယ်။ မရဘူး။ နောက်ပြီး နည်းနည်းက လှမ်းတယ်လေ။ လမ်းမကြီးတော့ ရှိပေမယ့် အဲဒီဘက်က တော်တော်လေးချောင်ကျ တယ်” ဟု သူက ဆိုသည်။
တိုက်ပွဲမှာ မိုးမောက်မြို့နယ်ရှိ KIA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၅ ထိန်းချုပ်ရာ ဒေသထဲသို့ အစိုးရ တပ်သားများ ကျူးကျော်လာရာမှ KIA တပ်နှင့် ၎င်းနယ်မြေကပ်လျက် တပ်စွဲထားသည့် ခလရ ၄၃၇ အကြား တိုက်ပွဲစတင်ခဲ့ခြင်း ဖြစ်သည်။ ယခုလက်ရှိတွင် အဆိုပါ ဆန်ဂျန်ဒေသကို စစ်အစိုးရတပ်များက သိမ်းပိုက်ထား ကာ၊ တဖက်နှင့် တဖက် တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်သည်။
ချန်ဖုန်းဒေသရှိ စစ်ရှောင်အများစုမှာ တရုတ်နယ်စပ်ရှိ ကျေးရွာများရှိ ဆွေမျိုးတော်စပ်သူများထံ နေထိုင်ကြပြီး၊ လက်ရှိတွင်လည်း ထွက်ပြေးသူများ ဆက်ရှိနေကာ လူဦးရေ မည်မျှရှိသည်ကိုမူ အတည်ပြုနိုင်ခြင်း မရှိသေး ပေ။
“မနေ့က ကျနော်တို့ အဲဒီနေရာကို သွားတော့ သူတို့က ဆွေမျိုးတွေ များတဲ့အခါကျ ဒီလိုပဲ ရွာနီးချုပ်စပ်ကို ဝင်ပြီး နေကြတာပဲ။ လောလောဆယ်က ပမာဏက အဲဒီလောက်ကြီး အင်နဲ့အားနဲ့ မဟုတ်တော့ တရုတ်ပြည် ဘက်ကတော့ စီစဉ်မှုတော့ ရှိပုံရတယ်” ဟု ဦးအောင်ကျော်ဇောက ဆိုသည်။
KIO က ၂ဝ၁ဝ စက်တင်ဘာတွင် စစ်အစိုးရ ကမ်းလှမ်းသည့် နယ်ခြားစောင့်တပ်ကို လက်မခံဘဲငြင်းဆိုခဲ့ပြီး နောက် မိမိနယ်မြေအတွင်း ဝင်မလာရန် ၂ဝ၁၁ မေ ၂၅ နောက်ဆုံးထား၍ သတိပေးခဲ့သော်လည်း တပ်မဟာ ၃ နယ်မြေထဲ ဝင်လာပြီးနောက် ဇွန် ၉ ရက် တိုက်ပွဲ စတင်ခဲ့သည်။
လွယ်ဂျယ်-မိုးမောက်လမ်းကြောင်းကို ဇွန်လ ၁၁ ရက်နေ့တွင် ပိတ်ထားလိုက်ပြီး ဗန်းမော်-လိုင်ဇာလမ်းကြောင်း မှာ ဖွင့်ထားသည်။ သို့သော် ပေါ်တာဆွဲမည်ကို စိုးရိမ်သဖြင့် အသွားအလာ နည်းပါးနေကြောင်း ဒေသခံများက ဆိုသည်။ ထို့အပြင် မြန်မာပြည်ဘက်မှ စားသောက်ကုန်များ မဝင်တော့သဖြင့်တရုတ်ပြည်ဘက်မှမှာယူတင် သွင်း နေသည်။
“ကုန်စျေးနှုန်းက တခုရှိတာ မြန်မာပြည်ထဲက ကုန်၊ စားသောက်ကုန်တွေပေါ့။ အဲဒါတွေ နိုင်ငံရေးအခြေအနေ နည်းနည်းရှုပ်တော့ လာမရောင်းတဲ့အခါ စားသောက်ကုန်တွေတော့ နည်းနည်း အခက်အခဲ ရှိတာပေါ့။ အရင် တုန်းက ရောင်းနေကြလိုမျိုး မဟုတ်တော့ တရုတ်ပြည်ကနေ ဝယ်စားနေရတာပေါ့။ စျေးတက်၊မတက်က တော့ မသိရသေးဘူး” ဟု ကိုဆိုင်းအောင်က ဆိုသည်။
သူက ဆက်ပြီး “ဒေသခံတွေလည်း တော်တော်လေး စိုးရိမ်နေတယ်။ ဒီတိုက်ပွဲတွေဆက်ဖြစ်လာမလားဆိုပြီး တော့။ အခုက အခြေအနေကို စောင့်ကြည့်နေကြတယ်၊ အရမ်းစိုးရိမ်နေကြတယ်။ တရုတ်ပြည်ကို သွားရမလို၊ မသွားရမလို ဖြစ်နေကြတယ်” ဟု ပြောသည်။
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တန်းတူအခွင့်အရေး ရရှိရေးအတွက် ၁၉၆၂ ခုနှစ်မှစ၍ KIO သည် လက်နက်စွဲကိုင်ခဲ့ရာ၊ ၁၉၉၄ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်ရပ်ခဲ့သည်။ ထို့နောက် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးလက်မခံခဲ့ သဖြင့် နှစ်ဖက် တင်းမာခဲ့ရာမှ ယခုအခါ တိုက်ပွဲများ ဖြစ်ပွားလာခြင်း ဖြစ်သည်။
တနင်္လာမနက်တွင်လည်း တိုက်ပွဲဆက်ဖြစ်နေပြီး လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်ကာဗန်းမော်မြို့ နယ် ဆေးရုံသို့ လူနာ ၃ဝ ခန့် ရောက်လာသည်ဟု ဒေသခံများက ဆိုသည်။
ကိုဆိုင်းအောင်က “အခု တောက်လျှောက် ဖြစ်နေတယ်။ မနေ့ညက နားပြီးတော့ ဒီမနက်ကတည်းက တောက် လျှောက် ဖြစ်နေတာ။ လက်နက်ကြီးတွေလည်း တော်တော်သုံးကြတယ်။ ဗန်းမော်မြို့ခံ သူငယ်ချင်း ပြောတာ က လူနာ ၃ဝ လောက် ရောက်လာတယ်။ ဗန်းမော်ဆေးရုံကြီးမှာ။ KIA ဘက်က ၃ ယောက် ကျတယ်တဲ့။ ထိခိုက်ဒဏ်ရာရတာတော့ မကြားရသေးဘူး” ဟု ဆိုသည်။