ထိုင်းနယ်စပ် တာချီလိတ်မြို့၌ဒေသခံအာဏာ ပိုင်များက ရပ်ကွက်အချို့၌ နေ့ရောညပါ လိုင်စင်မဲ့ ဝှစ်သောက်ကား များလိုက်လံဖမ်း ဆီး လျက်ရှိ ကြောင်း နယ်စပ်သတင်းများအရသိရှိ ရပါသည်။
“အစက ဆင်ခြေဖုံးရွာတွေမှာ လိုက်ဖမ်းတယ်။ မေလကုန် ဂျွန်လဆန်းပိုင်းလောက်ကစပြီး မြို့တွင်းမှာ လိုက်ဖမ်းနေတာ။ ကားပိုင်ရှင်တချို့ကိုပါ ဖမ်းတယ်” ဟု တာချီလိတ် ကားသမားတစ်ဦးက ပြောပါသည်။
လိုင်စင်မဲ့ ဝှစ်သောက်ကားများကို မေလ ၂၀ ရက်နေ့မှစ၍ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားရေးမှု ဦးစီးဌာန(ကညန) နှင့် ရဲများက လိုက်လံဖမ်းဆီးနေကြောင်း၊ ဖမ်းဆီးရမိသော ဝှစ်သောက်ကားများကို ကျိုင်းတုံသို့ ပို့ဆောင်ပြီး ကားပိုင် ရှင်များကိုမူ နေပြည်တော်သို့ ပို့ဆောင်သွားကြောင်း ၎င်းကဆက်ပြောပါသည်။
“ဖမ်းထားတဲ့သူတွေထဲမှာ လားဟူပြည်သူ့စစ်တို့၊ တရုတ်လောပန်းတို့လဲ ပါတယ်။ အရင်ကဝှစ်သောက်ကား ဖမ်းရင် အာဏာပိုင်တွေကို လာဘ်ထိုးနိုင်ရင် ပြန်လွှတ်ပေးတယ်။ အခုတော့ အဖမ်းအဆီး ကြမ်းလာပြီ”
တာချီလိတ်မြို့တွင်း၌ ၈ စီးဖမ်းဆီးရမိထားပြီး ဗီကို၊ စီအာရ်ဗီ၊ ပါဂျဲရိုး၊ လဲန်ခရူဆာ အမျိုးအစားများဖြစ်သည်။ အက်စ်ယူဗွီ တိုက်ဖ်ပုံသဏ္ဍာန်ကို အများဆုံး ဖမ်းဆီးသည်ဟုဆို၏။
လိုင်စင်မဲ့ကားများကို တာချီလိတ်တွင် သာမက ကျိုင်းတုံ၊ မိုင်းဆတ်၊ နားကောင်းမူးနှင့် ပုံပါကျင်တို့၌လည်း ဖမ်းဆီး ကြောင်း သိရှိရပါသည်။
“လိမ္မော်သီးတင်တဲ့ ဝ တွေရဲ့ ၆ ဘီးကား၊ ဖိုးလ်ဝီး တို့လဲ အဖမ်းခံရတယ်။ မိုင်းယွန်း-ဝမ့်ဟုန့်ကနေလိမ္မော်သီး လာ ရောင်းတဲ့ ကားတွေလဲ အဖမ်းခံရတာရှိတယ်” ဟု နားကောင်းမူးဒေသခံတစ်ဦးက ပြောပါသည်။
ယမန်နှစ် သြဂုတ်လဆန်းပိုင်းမှစ၍ ကားလိုင်စင်ထုတ်ပေးခြင်းကို ဌာနဆိုင်ရာများက ကြိုတင်အသိမပေးဘဲ ရပ်နား လိုက်သဖြင့် လိုင်စင်မလုပ်ရသေးသည့် ကားအမြောက်အများရှိနေသေးကြောင်း တာချီလိတ် အာဏာပိုင်နှင့် နီးစပ်သူ တစ်ဦးက ပြောပါသည်။
“တာချီလိတ်မှာဘဲ လိုင်စင်မလုပ်ရသေးတဲ့ ကားအစီးပေါင်း ၅၀၀ ကျော်ရှိမယ်။ အရောင်းအဝယ်ဖြစ်နေတဲ့ နယ်စပ် ကနေ နေ့တိုင်းဝင်လာနေတဲ့ ကားသစ်တွေလဲရှိသေးတယ်။ အဲဒီကားတွေတောင် မပါသေးဘူး”
သံလွင်အရှေ့ခြမ်း ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းဖြတ်နှင့် တာချီလိတ်ခရိုင်မှ လိုင်စင်မလုပ်ရသေးသည့် ကား အစီးပေါင်း ၁၀၀၀ ကျော်ရှိသည်ဟု သိရှိရပါသည်။